သူလိုမိခင်...



ရေစက်ခွက်ကို ကိုင်ထားသော ဒေါ်အေးအေးကြူ၏ လက်များကတဆတ်ဆတ်တုန်ယင်နေသည်။ မျက်လုံးအစုံမှ မျက်ရည်စက်များက ရေစက်ခွက်မှ တစက်စက်ကျနေသော ရေစက်များနှင့် အပြိုင်ပါး ပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းနေသည်။ ရှေ့သံဃာစင်ပေါ်မှ ဘုန်းတော်ကြီး၏အမျှပေးဝေသံက မကြားတစ်ချက်ကြားတစ်ချက်။ အသုဘရှုရောက်လာကြသည့် ပရိသတ်များဆီမှ “အမျှ၊ အမျှ၊ အမျှ” ဟူသော အသံအဆုံး၊ “သာဓု၊ သာဓု၊ သာဓု” ဟူသော အသံက သုသာန်ဇရပ်ထဲမှ ဟိန်းထွက်လာသည်။ ကြေးစည်သံ “နောင်” ခနဲကြားလိုက်ရချိန်မှာ ရင်ထဲမှာ ဆို့တတ်လာသည်။ တစ်ချိန်တည်းမှာပဲ
ရှိသမျှအင်အားတွေ အကုန်နုတ်ယူခံလိုက်ရသလို နုံးခွေကျသွားသည်။ ဤအဖြစ်သနစ်ကား ခင်ပွန်း ဖြစ်သူ ကိုခင်မောင်ဝင်းဆုံးပါးခဲ့စဉ် ၁၉၉၂ ခုနှစ်က။ တိတိကျကျဆိုရလျှင် ခင်ပွန်းသည်၏ ဈာပနကို မြေချခဲ့သည့် ၁.၅.၁၉၉၂ ခုနှစ်ဆီက။

ကျောင်းဆရာ၊ ဆရာမများအဖြစ် အ.လ.က ကျောင်းတစ်ကျောင်းမှာ အမှုထမ်းရင်း ကိုခင်မောင်ဝင်း နှင့် သူဆုံတွေ့ခဲ့သည်။ ထိုစဉ်က သူတို့နှစ်ဦးစလုံး အလယ်တန်းပြဘဝ။ တူနှစ်ကိုယ်ဘဝတစ်ခုထူ ထောင်ကြပြီးနောက် ကိုခင်မောင်ဝင်းက အထက်တန်းပြ (ကာယ) ရာထူးဖြင့် အ.ထ.က ကျောင်းတစ် ကျောင်းကို ရောက်သွားသည်။ သူကတော့ အလယ်တန်းပြရာထူးနှင့်ပင် ဒေးဒရဲ အ.ထ.က (၁) သို့ ပြောင်းရွှေ့ခဲ့သည်။ ခုဆိုလျှင် သူတို့ဇနီးမောင်နှံမှာက တူနှစ်ကိုယ်မကတော့ပေ။ အိမ်ထောင်သက် ကိုးနှစ်ကျော်ဆယ်နှစ်အတွင်း သားသမီးရတနာတွေက တိုးပွားလာသည်မှာ သမီးနှစ်ယောက်၊ သားနှစ်ယောက်ရှိခဲ့ပေပြီ။ သားသမီးများ၏ ပညာရေးကလည်း ရှိသေးတော့ ရာထူးတိုးမယူဘဲ မြို့ပေါ် ကျောင်းကိုသာ ပြောင်းရွှေ့ခဲ့လေသည်။ ခင်ပွန်းဖြစ်သူကသာ ရာထူးတိုးယူလျက် အခြားမြို့က အ.ထ.က တစ်ကျောင်းသို့ပြောင်းရွှေ့ခဲ့လေသည်။

၁၉၉၂ ခုနှစ်၏ နွေရာသီကျောင်းပိတ်ရက်။ မိသားစုတွေအိမ်မှာ စုံစုံညီညီရှိခါမှ ကိုခင်မောင်ဝင်းက အဖျားရောဂါထဖြစ်သည်။ ဖြစ်စတော့ အာဂန္တုပဲထင်လိုက်ကာ အိမ်မှာပဲဆေးလေးသောက်နေလိုက် သည်။ နောက်အဖျားမကျ၍ ဆေးခန်းရောက်တော့မှ တိုက်ဖွိုက်ဟု သိလိုက်ရသည်။ ခုလိုလည်းဆုံးပါး လိမ့်မည်ဟု မထင်။ ဆေးရုံပေါ်ရောက်သည်အထိ ပြန်ကောင်းလာမှာပဲဟု ထင်ခဲ့မိသည်။ ရုတ်တရက် ဆုံးပါးသွားတော့မှ အိပ်မက်က လန့်နိုးလာသလို အရာရာကိုယုံကြည်ဖို့၊ အမှန်အတိုင်းလက်ခံလိုက်ဖို့ ဝန်လေးနေခဲ့သည်။ ခါတိုင်းလည်း ခင်ပွန်းသည်က အနားမှာရှိတဲ့မဟုတ်လေတော့ တစ်နယ်တစ်ကျေး မှာရှိနေသည်ပဲဟု ကိုယ့်စိတ်ကိုယ်လှည့်စားနေခဲ့မိသည်။ သည်စဉ်မှာ မိမိ၏ဖခင်ဖြစ်သူ ကျောင်းဆရာ ဟောင်းကြီး၏ စကားကလက်ရှိဘဝကို သတ္တိရှိရှိရင်ဆိုင်ဖို့ တွန်းအားတစ်ရပ်ဖြစ်စေခဲ့သည်။

“ခုငါ့သမီးက မုဆိုးမဖြစ်သွားပြီ။ ဒီကလေးလေးယောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့၊ လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင် ပညာသင်ပေးဖို့သမီးမှာ တာဝန်ရှိတယ်။ ခုဆိုရင် သမီးက အဖေဆိုလည်းဟုတ် တယ်။ အမေဆိုလည်း ဟုတ်တယ်။ အဖေဟာ ကျောင်းဆရာဘဝနဲ့ သမီးတို့မောင်နှမတွေကို လူတန်း စေ့ဘဝရအောင် ကြိုးစားခဲ့ရတယ်။ အဖေ့သမီးပီပီ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ရဲတဲ့ သတ္တိရှိရမယ်”

ထိုစဉ်က အကြီးဆုံးသမီး မေကြူမောင်က ရှစ်နှစ်အရွယ် သုံးတန်းကျောင်းသူသာရှိသေးသည်။ အငယ် ဆုံးသမီး ဝင့်ကြူမောင်က တစ်နှစ်ရှစ်လအရွယ်ကျန်ခဲ့သည်။ အလယ်ကသား နှစ်ယောက်စီကြူမောင် က ခြောက်နှစ်အရွယ် ပထမတန်းကျောင်းသား။ ဝေကြူမောင်က လေးနှစ်သား ကျောင်းတောင်မထား ရသေးပေ။ အနာဂတ်ကို မျှော်ကြည့်လိုက်တော့ သူတို့လူလားမြောက်ဖို့ အဝေးကြီးလိုသေးသည်။ သူ့ဘက်ကိုယ့်ဘက် ဘယ်မောင်နှမ သားချင်းဆီကအကူအညီမှမရ။ ဒေါ်အေးအေးကြူတစ်ယောက် ဝဲလာသည့် မျက်ရည်ကိုမျက်တောင်ပုတ်ခတ်ဖျောက်ဖျက်ပစ်လိုက်သည်။ စိတ်ညစ်စရာ အတွေးတွေ ကို စိတ်ထဲကဖယ်ထုတ်ပစ်လိုက်သည်။ ငါ့သားသမီးတွေအတွက် ငါကြိုးစားရမည်ဟု။

မိမိကျောင်းမှ ဘဝတူဆရာ၊ ဆရာမများကလည်း အားပေးကြသည်။ သည်ကလေးလေးယောက်၏ စားစရိတ်၊ ဝတ်စရိတ်၊ ပညာသင်စရိတ်တွေက မိမိ၏အလယ်တန်းပြလစာလေးကို သရော်လှောင် ပြောင်လာသည်။ ဟိုကငှား၊ သည်ကချေးနှင့် အကြွေးလေးတွေ တင်စပြုလာသည်။ သည်အချိန် ကျောင်းမှ ဆရာမတစ်ယောက်၏ ဆက်သွယ်ပေးမှုဖြင့်ဈေးကွက်ထဲက အထည်ဆိုင်တွေမှာ သိုးမွေးဦး ထုပ်ကလေးတွေ၊ သိုးမွှေးတဘက်ကလေးတွေ ဖောက်သည်ပေးခွင့်ရလာသည်။ ကျောင်းအားချိန်တွေ မှာ လက်တွေညောင်း၊ မျက်လုံးတွေညောင်းလာသည်အထိ မနားမနေထိုးသည်။ ကျောင်းကလုပ်ဖော် ကိုင်ဖက် ဆရာ၊ ဆရာမတွေံကလည်း ဖောက်သည်ရှာပေးကြသည်။ နောက်တော့သိုးမွှေးဆွယ်တာ လေးတွေအထိ အော်ဒါအပ်သူရှိလျှင် ထိုးပေးသည်။ သမီးကြီး မေကြူကလည်း မိခင်ကိုသိတတ်စွာ ကူညီပေးပါသည်။ ထိုစဉ်က ဒေါ်အေးအေးကြူ၏ အသက် (၃၃) နှစ်မျှသာရှိသေး၏။ နောက်ထပ် အိမ်ထောက်ပြုလိုလျှင် အရွယ်ကောင်းဖြစ်သော်လည်း သူ့ခေါင်းထဲမှာ သားသမီးများ၏ဘဝကို ပြုစုပျိုး ထောင်ဖို့ကလွဲလျှင် အခြားဘာမျှ မရှိပါချေ။

သည်လိုနှင့် ကလေးတွေအတန်းကြီးလာတော့ သိုးမွှေးထိုးသည့် ဝင်ငွေနှင့်လည်း မလောက်တော့ချေ။ ငွေကြေးပြေလည်ပြီး ဒေါ်အေးအေးကြူအပေါ် စေတနာရှိသည့် လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ဦးက အရင်းအနှီးထုတ်ပေးသဖြင့် အိမ်ဆိုင်ကလေးဖွင့်ဖြစ်သည်။ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်ကစလို့ ထင်းပါ မကျန်တင်ရောင်းသည်။ ရပ်ကွက်အတွင်းဖြစ်၍ လက်လီရောင်းလို့အတော် ကောင်းသည်။ ဆယ်နှစ် ပတ်ဝန်းကျင်ဖြစ်လာသည့် သားနှစ်ယောက်က ထင်းသမ္ဗန်ကြီးတွေအထိလိုက်ပြီး ထင်းစည်းကြီးတွေ မနိုင့်တနိုင် ထမ်းကြသည်။ သမီးနှစ်ယောက်ကလည်း ဈေးရောင်းရင်း စာကျက်ကြသည်။ ဝန်ထမ်းဆန် တွေထုတ်ပေးသည့်အချိန်မို့ ဝန်ထမ်းတွေဆီက ပြန်ကောက်ပြီး ရပ်ကွက်ထဲမှာ လက်လီပြန်ရောင်း သည်။ နေ့လယ်ခင်းသူတို့ သားအမိတွေ ကျောင်းသွားချိန်မှာတော့ ဒေါ်အေးအေးကြူ၏ မိခင်ကြီးက ရောင်းပေးသည်။ မိခင်ကြီးက အသက် (၈၄) နှစ်ရှိသည်။ ယခုတိုင် ကျန်းမာရေးကောင်းဆဲ။ မုဆိုးမ ဘဝနှင့် ရုန်းကန်နေရချိန်၌ပင် မိခင်၊ ဖခင်တို့ကို မငြိုမငြင် ကျွေးမွေးစောင့်ရှောက်နေ၍လားမသိ။ ဒေါ်အေးအေးကြူမှာ ကူညီမည့်မိတ်ဆွေကောင်းတွေ များလှသည်။

သမီးကြီးမေကြူမောင် ဆယ်တန်းအောင်တော့ တက္ကသိုလ်ထားမည်ဆို၍ ဆွေးမျိုးသားချင်းအချို့ စကားတင်းဆိုကြသေးသည်။ 'ဝ' မရှိဘဲ 'ဝိ' လုပ်ချင်ရသလားပေါ့။ သို့သော် ဘယ်သူ့အပြောကိုမျှ ဂရုမစိုက်ခဲ့။ ဒေါ်အေးအေးကြူခံယူထားသည်က သားသမီးတွေအားလုံး ငါ့ဘဝထက်သာရမည်ဟူ၍ သာ။ အမှတ်စာရင်းထွက်လာတော့ ပညာရေးကောလိပ်အမှတ်မီသည်။ သမီးကလည်း ကျောင်းဆရာ မလုပ်ရန် ဆန္ဒရှိသဖြင့် ပို့လိုက်သည်။ ဘဝနာခဲ့သူ၊ မိခင်၏ သွန်သင်ဆုံးမမှုအောက်မှာ ဘယ်အရာမဆို ပေါ့ပေါ့မတွေးဘဲ လုံ့လဝီရိယစိုက်ခဲ့သူဆိုတော့ ပညာရေးကောလိပ်မှ ဘီအီးဒီပေါင်းကူးရကာ B.Ed ဘွဲ့ရအောင် ယူနိုင်ခဲ့သည်။ ယခုဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အ.ထ.က (၄) တွင် အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်နေပေသည်။

သမီးကြီးပညာရေး တက္ကသိုလ်ရောက်သည့်နှစ်မှာပဲ ပထမသား စီကြူမောင်က ဆယ်တန်းအောင် သည်။ တပ်မတော်သူနာပြု တက္ကသိုလ်တက်ချင်သည်ဟုဆိုသည်။ အာဂအမေပဲလေ။ သားသာဝင်ခွင့် ရအောင် ကြိုးစား၊ အမေမဖြစ်ဖြစ်အောင် ထောက်ပေးမည်ဟု သားကိုကတိပြုလိုက်သည်။ သားသမီး များကလည်း တော်ကြသည်။ ရည်မှန်းချက်ရောက်အောင် ကြိုးစားနိုင်ကြသည်။ ယခုဆိုလျှင် စီကြူ မောင်က သူနာပြုအရာရှိအဖြစ် မိတ္ထီလာမြို့၌ တာဝန်ကျနေသည်။

အလယ်အလတ်ဆိုသည့်အတိုင်း အလယ်မှာ လပ်ဟာခဲ့သည်က ဒုတိယသားဝေကြူမောင်ဖြစ်သည်။ ဝေကြူဆယ်တန်းတက်သည့်နှစ်မှာ သမီးကြီး မေကြူမောင်ကလည်း B.Ed မပြီးသေး၊ သားကြီး စီကြူ မောင်ကလည်း စစ်သူနာပြုတက်ဆဲဆိုတော့ ဒေါ်အေးအေးကြူမှာ တက္ကသိုလ်ကျောင်းသားနှစ် ယောက်အတွက် ကျောင်းစရိတ်ကို ပြူးပြဲနေအောင်ရှာရသည်။ သားအငယ်ကလည်း ဆယ်တန်းဆို တော့ ကျူရှင်စရိတ်၊ ကျောင်းစရိတ်တွေနှင့် ချာလပတ်လည် ရမ်းနေတော့သည်။ သည်အထဲဝန်ထမ်း ဆန်များလည်း မပေးတော့သဖြင့် ဝန်ထမ်းဆန်ဝယ်ရောင်းလုပ်ငန်းကရသည့် ဝင်ငွေလည်းမရှိတော့ ပေ။ ဟိုချေးသည်ငှားနှင့် ကြွေးပတ်လည် ဝိုင်းစပြုလာသည်။ တစ်ခါမှာ ကြွေးလာတောင်းသည့် ကြွေးရှင်က နင်ပဲငဆပြောသည်ကို အိမ်ခန်းထဲမှ သားဝေကြူက ကြားသွားပြီး ကျောင်းထွက်အလုပ် လုပ်ပါမည်လုပ်၍ မနည်းချော့မော့ထားရသည်။

သားသမီး လေးယောက်မှာ ဝေကြူမောင်က အပင်ပန်းခဲ့ဆုံးဖြစ်၏။ ဆယ်တန်းဖြေပြီးသည့်နေ့မှာပဲ စား သောက်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်သည်။ ဒေါ်အေးအေးကြူတင်ခဲ့သည့် ကြွေးတွေကို ဝေကြူက အလုပ်လုပ်ပြီးဆပ်ပေးသည်။ အောင်စာရင်းထွက်တော့လည်း အလုပ်လုပ်ရင်း အဝေးသင်တက်မည် ဟုဆိုသည်။ ကြုံရာကျပန်း အလုပ်မျိုးစုံလုပ်သည်။ မုန့်ဟင်းခါးဖိုမှာ မုန့်တောင်းထမ်းသည့် အလုပ်ပင် လုပ်လိုက်သေးသည်။ သည်လိုနှင့် အဝေးသင်တက္ကသိုလ်ကနေ မြန်မာစာနှင့် ဘွဲ့ရတော့ဝန်ထမ်းလုပ် မည်ဟုဆိုကာ ရဲထဲဝင်သွားသည်။ ယခုအခါမှာတော့ ဒုရဲအုပ် ဝေကြူမောင်အဖြစ် ရန်ကုန်လေဆိပ် လုံခြုံရေးတာဝန်ထမ်းနေသည်။

အငယ်ဆုံးသမီးဝင့်ကြူမောင်က သားသမီးလေးယောက်ထဲမှာ ကံအကောင်းဆုံးဟု ဆိုရမည်။ သူဆယ်တန်းအောင်တော့ အကြီးနှစ်ယောက်ကလည်း အလုပ်ကိုယ်စီရှိကြပြီ။ ဝေကြူကလည်း ကျောင်းမပြီးသေးပေမယ့် အပြင်မှာ ဝင်ငွေရနေပြီ။ အကြီးသုံးယောက်က ဝိုင်းထောက်ကြတော့ ဒေါ်အေးအေးကြူအသက် ရှူချောင်သွားရသည်။ ခုတော့သမီးငယ်လည်း B.E (civil) နှင့် ကျောင်းပြီး ကာ မအူပင်ဂျီတီစီမှာ နည်းပြဆရာမဖြစ်နေလေပြီ။

အကြီးဆုံးသမီး ၈ နှစ်အရွယ်တွင် အသက် (၃၃) နှစ်မျှနှင့် မုဆိုးမဘဝရောက်ခဲ့ရသည့်ဆရာမ ဒေါ်အေးအေးကြူတစ်ယောက် ယခုမှပင် ဘဝအမောတွေပြေတော့၏။ သားသမီးအားလုံးက မိမိရည် မှန်းထားသလို မိမိထက်မြင့်သော ဘဝများဆီရောက်သွားကြပြီ။ 'ဝ' မရှိဘဲ 'ဝိ' လုပ်ချင်သည်ဟု စကားတင်းဆိုချင်ကြသည့် ဆွေမျိုးအသိုင်းအဝိုင်း၏ ပါးစပ်များလည်း ပိတ်သွားကြပြီ။ သားသမီးများ ၏ ဘဝစိတ်ချရပြီဆိုမှ မိမိဘဝတိုးတက်ရာလမ်းပေါ်သို့ ခြေဦးပြန်လှည့်ရသည်။ လုပ်ငန်းခွင်အတွင်းမှ ပင် စာပေးစာယူဖြင့် B.Ed ဘွဲ့ရယူရန် ကြိုးစားနေသည်။ သူ့အသက် (၅၅) နှစ်ရှိခဲ့ပြီဖြစ်သည်။

မုဆိုးမဘဝဖြင့် သားသမီးတွေကို ထွန်းပေါက်အောင်ပြုစုပျိုးထောင်ခဲ့သည့် ဆရာမဒေါ်အေးအေးကြူ က သူ၏ ဘဝပြဇာတ်ရှည်ကြီးကို နိဂုံးချုပ်ရင်း စကားတစ်ခွန်းပြောသည်။ “မိခင်တိုင်း မိခင်တိုင်းက ကိုယ်သားသမီးကို ကိုယ့်ထက်မြင့်တဲ့ ဘဝရောက်အောင် ကြိုးစားမယ်ဆိုတဲ့ ကိုယ်တိုင်အသိတရား ရှိဖို့နဲ့ နှုတ်နဲ့ပဲဖြစ်ဖြစ် အားပေးကူညီမယ့် ပတ်ဝန်းကျင်ကောင်းရှိရင် ရည်မှန်းတဲ့အတိုင်း ဖြစ်နိုင်ပါ တယ်” ဟုဆိုပါသည်။

သြော်၊ ကျွန်တော်တို့မြန်မာပြည်မှာ သူလိုမိခင်တွေ များများရှိချင်စမ်းပါဘိ။

7Day News Journal
Vol.12, No.24, AUGUST 21, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...