မိုးနှောင်းကာလ မြန်မာနိုင်ငံအောက်ပိုင်း ရေကြီးမှုအန္တရာယ် စိုးရိမ်ဖွယ်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၇

မုတ်သုံလေ ဆုတ်ခွာနေသည့် မိုးနှောင်းကာလ အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသ မြို့နယ်အချို့တွင် ရေကြီး နစ်မြုပ်မှု အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

ယခုလပိုင်းအတွင်း ရေနစ်မြုပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည့် ဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ပြီး ပုသိမ်၊ ငသိုင်းချောင်း၊ ပဲခူးနှင့် ရန်ကုန်မြို့ တို့သည် ရေနစ်မြုပ်နိုင်သည့် အလားအလာ အမြင့်မားဆုံး မြို့များ ဖြစ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

ကပ္ပလီ ပင်လယ်အော်နှင့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအား ကောင်းနေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းမှုကြောင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် လှိုင်းအမြင့် ၁၀ ပေခန့်၊ ရခိုင် ကမ်းရိုးတန်းဒေသတွင် လှိုင်းအမြင့် ငါးပေခန့်၊ မုတ္တမ ပင်လယ်ကွေ့နှင့် မွန်ကမ်းရိုးတန်း ဒေသများတွင် လှိုင်းအမြင့် လေးပေခန့်အထိ လှိုင်းကြီးနိုင်သဖြင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ ထွက်ခွာရာတွင် သတိပြုရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ပြောဆိုသည်။

ယင်းသို့ လှိုင်းကြီးခြင်းနှင့်အတူ မိုးသက်လေပြင်းများလည်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းသတိပေး ကြေညာထားသည်။

စက်တင်ဘာလက စတင်၍ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာနေပြီ ဖြစ်ရာ ဘင်္ဂလား ပင်လယ်အော် တွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့အတွင်း မုန်တိုင်း သုံးလုံးအထိ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆက်လက် ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တောင်း မြစ်ရေသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တောင်ငူမြို့၌ စိုးရိမ်ရေမှတ်အထက် ၇ စင်တီမီတာသို့ ကျော်လွန် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် အထက်တွင်သာ တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှု အခြေအနေ သတင်းထုတ်ပြန်သည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...