ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်



ဆရာဝန်နှင့် တွေ့ ဆုံချိန်တွင် သိထားသင့်သော အချက် ခုနစ်ချက် ဆေးကုသမှု ပြုလုပ်တဲ့အခါ အဆင်ပြေ အောင်မြင်စေဖို့အတွက် လူနာတွေ အနေနဲ့ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁)မြင်ခဲ့၊ကြားခဲ့သမျှ မေ့လိုက်ပါ
“ဒီလို စမ်းသပ်လိုက်ရင် ကောင်းတယ်လို့ သူများတွေက ပြောကြတယ်၊” “ဒီစစ်ဆေးမှုကို သူများတွေ လုပ်တာ မြင်ခဲ့ တယ်”၊“ဒီဆေးသောက်ရင် ကောင်းတယ်လို့ ပြောကြလို့ ”စတဲ့ အချက်တွေကို လူနာ အများစုက ဆရာဝန်နဲ့ တွေ့ဆုံခိုက်မှာ ပြောပြလေ့ ရှိပါတယ်။တကယ်တော့ ဆရာဝန်တွေက သင့် ကျန်းမာရေး အခြေအနေကို စမ်းသပ်ပြီး လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ကာ သင့်တော်တဲ့ ကုသမှုကို ပေးမှာ ဖြစ်ပါတယ်။ဒါကြောင့် ဆေးပညာအကြောင်း နားလည်တတ် ကျွမ်းမှု မရှိသူတွေ ပြောတဲ့ စကားကို မေ့ပစ်လိုက် သင့်ပါတယ်။

(၂)အမွေးရှိနေတဲ့ ခြေသလုံးအတွက်မစိုးရိမ်ပါနဲ့ 
လူနာ အများစုဟာ ခြေသလုံးမှာ အမွေးတွေ ရှိနေတာကြောင့် ခြေသဲဝဲ စားတာ၊ခြေထောက် အနာ စတဲ့ အခြေအနေကို ဆရာဝန်နဲ့ တွေ့ ဆုံ ဆွေးနွေး ရမှာကို ရှက်ရွံ့  စိုးရိမ် လေ့ ရှိကြပါတယ်။ တကယ်တော့ ဆရာဝန်တွေက သင့် အရေပြား အနာကိုသာ အာရုံစိုက်နေမှာ ဖြစ်တာကြောင့် ခြေသလုံး အမွေးတွေ အတွက်စိုးရိမ် ပူပန်စိတ် မထားပါနဲ့ ။

(၃)သင့် လှုပ်ရှားမှု အကြောင်းကို ရိုးသားစွာ ပြောပြပါ
ဆရာဝန်တွေက လူနာတွေကို “လေ့ကျင့်ခန်း လုပ်ဖြစ်ရဲ့လား” ဆိုပြီး မေးမြန်းတဲ့ အခါ“ဟုတ်ကဲ့၊လုပ်ဖြစ်ပါတယ်”လို့ အ များစုက ဖြေလေ့ ရှိပါတယ်။သူတို့ ပြောချင်တာက မြေးကို ထိန်းရတာမျိုး၊ ကလေးကို ကျောင်းအကြို အပို့ လုပ်တာမျိုး လောက်ကို ပြောတာ ပါ။ ဒီလို အလုပ်ရှုပ်တာက လေ့ကျင့်ခန်း လုပ်ဖြစ်တယ်လို့ မဆို နိုင်ပါဘူး။ ခပ်သွက်သွက် လမ်းလျှောက် တာလိုမျိုး အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို မိနစ် ၃၀-လောက် လုပ်ပေးမှ လေ့ကျင့်ခန်း လုပ်တယ်လို့ ဆိုနိုင်တာပါ။

(၄)Spaကိုကျန်းမာရေးအထောက်အကူအဖြစ်မမြင်ပါနဲ့ 
လူအများစုဟာ Spaကို မှန်မှန် သွားရုံနဲ့ သင့်တော်တဲ့ ကျန်းမာရေး စစ်ဆေးမှု လုပ်ဖို့မလိုလောက်အောင် ကို ပြည့်စုံသွား ပြီလို့ ထင်နေတတ် ကြပါတယ်။ တကယ်တော့ Spaသွားတာက စိတ်ဖိစီးမှု ပြေလျော့ စေရုံလောက်ပါပဲ။ ကျန်းမာရေးအတွက် သင့်တော်တဲ့ စစ်ဆေးမှုကိုတော့ မဖြစ်မနေလုပ်ဖို့ လိုအပ်ပါတယ်။

(၅)ဒုတိယ အကြံဉာဏ်ကို ရယူပါ၊
ဒါပေမဲ့သင့်မိခင်ဆီကယူရမှာမဟုတ်ပါဘူး ဈေးဝယ်ထွက်တဲ့ အခါ ကိုယ်ကြိုက်တဲ့ ပစ္စည်းအတွက် ထောက်ခံမှု ရဖို့ တခြားသူတွေရဲ့ အကြံဉာဏ်ကို တောင်းခံ လေ့ရှိပါတယ်။လူနာတွေကလည်း ဆေးကုသမှု ပေးတဲ့ ဆရာဝန်ပေးတဲ့ အကြံဉာဏ်ကို ငြင်းဆန်ချင်တဲ့ အခါ တခြားလူနှစ်ဦး၊ သုံးဦးဆီက အကြံဉာဏ်ကို တောင်းလေ့ရှိပါတယ်။ သူတို့ အကြံဉာဏ် တောင်းတဲ့ သူတွေက ဆရာဝန်တွေ မဟုတ်ကြပါ ဘူး။မိခင်၊ဆွေ မျိုး၊အိမ်နီးချင်း စတဲ့ နီးစပ်ရာ ပတ်ဝန်းကျင် က ဖြစ်တတ်ပါတယ်။တကယ်တော့ ဒုတိယအကြံဉာဏ်ကို ဆရာဝန်ဆီက ယူသင့်တာ ဖြစ်ပါတယ်။

(၆)အသားအရေ ထိန်းပစ္စည်းကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှဝယ်ပါ
အသားအရေ ထိန်းပစ္စည်းတွေကို ငွေတွေ အများကြီး အကုန်အကျခံကာ ဝယ်ယူနေတဲ့ သူတွေကို တွေ့ ဖူးပါတယ်။ သူတို့ သုံးတဲ့ အသာ အရေ ထိန်းပစ္စည်းတွေနဲ့ မတည့်တာကြောင့် ဆရာဝန်ဆီ ရောက်လာကြသူတွေလည်း အများကြီးပါ။ တကယ်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ အသားအရေ ထိန်းပစ္စည်းတွေကို ဝယ်ယူ သင့်ပါတယ်လို့ ချီကာဂို အရေပြားကု ဌာနမှ ကာရိုလင်းက ရှင်းပြပါတယ်။

(၇)အချက်အလက်ကိုသိနားလည်ပါ
ယေဘုယျ အားဖြင့် အမျိုးသမီးတွေက သန္ဓေတားဆေးကို ပုံမှန်သောက်တာဟာ ကင်ဆာရောဂါ ၊လေဖြတ် တာ ၊နှလုံး ရောဂါ ထတာနဲ့ သွေးခဲတာတွေကို ဖြစ်စေနိုင်တယ်လို့ ထင်နေတတ်ကြပါတယ်။တကယ်တော့ သန္ဓေတားဆေးကို ပုံမှန်သောက်တာက သားအိမ်နဲ့ မမျိုးဥ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတာ၊ ဝက်ခြံ မပေါက်အောင် ကာကွယ်ပေးတာ၊ ရာသီအကြို ဝေဒနာ သက်သာစေတာနဲ့ မမျိုးဥ အရည်အိတ် ဖြစ်နှုန်း လျော့နည်းတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေ ပါတယ်လို့ အီလီနွိုက် တက္ကသိုလ်မှ သားဖွားမီးယမ် အထူးကု ဆရာဝန် စူဇန်က ရှင်းပြပါတယ်။

ဇွန်
Good Health

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...