ဆေးဖက်ဝင် ပင်စိမ်းပင်



ဆေးပင်အဖြစ်သာမက ဘာသာရေးစာပေတွေမှာပါ အတွေ့ရများတဲ့ အပင်တွေထဲမှာ ပင်စိမ်းပင်
ဟာ ထင်ရှားပါတယ်။ ပင်စိမ်းနဲ့ ပတ်သက်ရင် ဗုဒ္ဓစာပေ၊ဟိန္ဒူစာပေနဲ့ ခရစ်ယာန်စာပေတွေမှာ တခမ်း တနားတွေ့ရမှာဖြစ်ပါတယ်။ ဗုဒ္ဓစာပေဖြစ်တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ အနက် ဝေဿန္တာရာ ဇာတ်ပါဠိတော်ကြီးမှာ နီလပုမ္ဖိ သေတပါရီ၊ ကလေရုက္ခ တုလသီဟိ လို့ ပါရှိရာမှာ တုလသီ ဆိုတဲ့ ပါ ဠိဝေါဟာရဟာ ပင်စိမ်းပင်ကို ညွန်းပါတယ်။

ဟိန္ဒူ ဘာသာရေးကျမ်းတွေမှာတော့ ပင်စိမ်းပင် အကြောင်းကို အများကြီးတွေ့ ရပါတယ်။ ပင်စိပ်းပင် ဟာ ဗစ်ရှနူး(vishnu) လို့ခေါ်တဲ့ ဗိဿနိုးနတ်မင်းကြီးနဲ့ လက်ချေမီးနတ်သမီးတို့ကို ပူဇော်တဲ့ ၊ မြင့်မြတ်တဲ့ ပန်းပင်အဖြစ် အသိများပါတယ်။ ပင်စိမ်းပင်ကို ပူဇော်ခဲ့ရင် ချမ်းသာကြွယ်ဝတာ၊ ကျန်းမာ တာ၊ ပျော်ရွှင်တာ၊ အခြွေအရံပေါများတာ……စတဲ့ အကောင်း လောကဓံနဲ့ ကြုံရ ဆုံရပြီး ဗိဿနိုး နတ်မင်းကြီးရဲ့ စောင်ရှောက်မှုကိုလည်း ခံစားရမယ်လို့ ယုံကြည်ကြပါတယ်။ အထူးသဖြင့် ပင်စိမ်းပင်ကို အိမ်ထောင်ရှင် ဟိန္ဒူအမျိုးသမီးများ ပူဇော်ပါတယ်။ ဒီလို့ ပူဇော်တဲ့အတွက် အိမ်ထောင်ရေး သာယာစေ တယ်၊ လင်ယောကျာင်္းကျန်းမာပြီး မိမိပေါ် သစ္စာ ရှိစေတယ် ချမ်းသာကြွယ် ဝစေတယ်၊ လိမ္မာတဲ့ သား သမီးတွေ ရစေတယ်လို့ စွဲမှတ်ယုံကြည်ကြပါတယ်။ ဒါ့ပြင် ပင်စိမ်းပင်ဟာ သီတာဒေဝီရဲ့ နိမိတ်ပုံဖြစ်တာ မို့ ရာမာယဏဇာတ်တော်ကြီးနဲ့ ဆက်နွယ်နေပြန်ပါတယ်။ ပင်စိမ်းပင်ကို ခရစ်ယာန် ဘာသာဝင်တွေ ကလည်း Holy Basil လို့ခေါ်ပြီး အထွတ်အမြတ်ထားကြပါတယ်။ ရှေးခေတ် ရောမနဲ့ ဂရိတိုင်းသားတွေ ကလည်း မြတ်နိုးပသခဲ့ကြကြောင်း မှတ်တမ်းတွေရှိပါတယ်။ ပင်စိမ်းပင်ဟာ ယေရှုခရစ်တော်ရဲ့ ဂူပေါ် မှာပေါက်ရောက်တဲ့ အတွက် မြင့်မြတ်တဲ့ အပင်လို့ သတ်မှတ်ကြပါတယ်။ စိန့်ဘေးဆဲလ်နေ့ (Saint Basil Day)မှာပင်စိမ်းကိုင်းကလေးတွေကိုယ်စီကိုင်ဆောင်ပြီး ဘုရား ရှိခိုးကျောင်းကို သွားကြပါတယ်။

ဘုရားကျောင်းက အပြန်မှာ ပင်စိမ်းကိုင်းကလေးကိုပြန်ယူလာခဲ့ကြပါတယ်။ ပင်စိမ်းရွက် တချို့ကို ခြွေပြီး မိမိတို့အိမ် ကြမ်းပြင်ပေါ် ဖြန့်ကြဲကြပါတယ်။ ဒီလိုလုပ်ရင် ဘေးရန်တွေကို ကာကွယ်နိုင်ပြီး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံစေတယ်လို့ယုံကြည်ကြပါတယ်။ ပင်စိမ်းပင်ဟာ ဘာသာရေးအရ အထွတ်အမြတ် ထား ရတဲ့ အပင်ဖြစ်သလို ကျန်းမာရေးအတွက်လည်း အထူးအားကိုရတဲ့ ဆေးပင်ဖြစ်နေပါတယ်။ အိန္ဒယနိုင်ငံ က ပဒုမုတ္တရပူရာတာဆိုတဲ့ ကျမ်းကြီးမှာ မိမိတို့ အိမ်၊ ခြံဝင်းအတွင်း ပင်စိမ်းပင်စိုက်ပျိုးထားဖို့ လမ်းညွန် ထားပါတယ်။ အဲဒီလိုစိုက်ထားရင် မြေသန့်ပြီးသားဖြစ်သွားတဲ့အတွက် အန္တရာယ်အပေါင်း ကပ်ရောဂါေ တွ မကျရောက်၊ မကပ်ငြိနိုင်ဘူးလို့ ဆိုထားပါတယ်။ ပင်စိမ်းရဲ့ရနံ့ဟာ လေကို သန့်ပြန့်စေတယ် လို့လည်း သိရပါတယ်။

၁၉၀၄ ခုနှစ်က အိန္ဒယနိုင်ငံမှာ ဝိတိုရိယ ဥယျာဉ်ကြီးနဲ့ အဲလ်ဘတ် တိရစ္ဆာန်ရုံကို စတင် ထူထောင်ခဲ့ပါ တယ်။ အဲဒီတုန်းက အဲဒီနေရာဟာ ရေမြေကလည်း ကြမ်းလှတာမို့ အလုပ်သမားတွေ အဖျားအနာ များ လှပါတယ်။ အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ပြီး အပျက်အစီးလည်းများလှပါတယ်။ ဒီအခါ ဟိန္ဒူ အလုပ် သမားတစ်ဦးက ပင်စိမ်းပင်တွေစိုက်သင့်ကြောင်း အင်္ဂလိပ်အာဏာပိုင်တွေကို အကြံပြုပါတယ်။ အာ ဏာာပိုင်တွေက သဘောတူပြီး အဲဒီ ဥယျာဉ်ကြီိးထဲမှာ ပင်စိမ်းပင်စိုက်ခင်းတွေကို ဟိုနေရာ တစ်ကွက်၊ ဒီနေရာတစ်ကွက် စိုက်စေပါတယ်။ ထူးထူးခြားခြားပဲ ငှက်ဖျားရောဂါကင်းစင်သွားပါတယ်။ ၁၉၀၇ ခုနှစ်က ကျင်းပခဲ့တဲ့ Imperial Malaria Conference မှာ ပင်စိမ်းပင်ကို ငှက်ဖျားရောဂါ ပျောက်စေတဲ့ ဆေးပင်အဖြစ် ကြေညာခဲ့ပါတယ်။

ပင်စိမ်းပင်မှာလည်း အမျိုးအများကြီးရှိပါတယ်။ ပင်စိမ်းကြီး၊ ပင်စိမ်းငယ်၊ ပင်စိမ်းရိုင်း၊ ပင်စိမ်းယဉ်၊တော ပင်စိမ်း၊ ပင်စိမ်းဖြူ၊ ပင်စိမ်းညို၊ ပင်စိမ်းနက်၊ ရွက်ကြီးပင်စိမ်း ….စတာတွေ အမျိုးမျိုးပါပဲ။ ရိုးရိုးပင်စိမ်းကို ပဲ အသုံးများပါတယ်။ သူရဲ့ ရုက္ခဗေဒ အမည်ကတော့ Ocimum Sanctum ဖြစ်ပါတယ်။ဆေးတစ်ပင်လုံး (ပဉ္စငါးပါး) ဆေးဖက်ဝင်ပါတယ်။ မြန်မာဆေးကျမ်း တစ်စောင်ဖြစ်တဲ့ ရသဓာတုဆေး ကျမ်းမှာ မုချမ တိမ်း၊ရွက်ပင်စိမ်းကား၊ မငြိမ်းထပ်တူ၊ ပူသည်သဘော၊ သက်သောအခိုး၊ သို့အကျိုးကြောင့်၊ စားမျိုးအစာ၊ကြေစေရာ၏။ မှန်စွာလည်းကောင်း၊ဝမ်းမီးကောင်းမှ၊ မုခ ခံတွင်း၊ မြိန်ခြင်းရသာ၊ အသံသာလျက်၊ ထွက် သက်ကြူးလွန်၊ ထန်သောအနာ၊ ရသာပျက်ကင်း၊ ထမင်းညီးပေ၊ ငြိမ်းစေရရှင့်၊ သေမှ ဝါတာ ထိုးကြိတ် စွာသား၊ အနာကင်းလွတ်၊ မှတ်၏ မှတ်လော့ … လို့ ဆေးအကျိုးသွားတွေ ရေးသားထားတာ တွေ့ရပါ တယ်။

ပင်စိမ်းပင်ကို ကမ္ဘာနဲ့တစ်ဝန်း အများဆုံး အသုံးပြုတာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ အတွက် ပဲဖြစ်ပါတယ်။ ပင်စိမ်းပင်ဟာ အစာအိမ်ရောဂါတွေကို ပျောက်စေပါတယ် အစာလည်းကြေစေ ပါတယ်။ သည်းခြေကိုလည်း ထက်မြက်စေတာမို့ အဆိဓာတ်တွေကြေကျက်ရာမှာ အကျိုးပြုပါတယ်။ အူတွင်းနေ ကပ်ပါးပိုးတွေ၊ သန်ကောင်တွေကိုလည်း ရှင်းလင်းစေပါတယ်။ အဖျားဝေဒနာဖြစ်ရင်လည်း ကိုယ်ပူကျပြီး အခိုးရစေပါတယ်။ ဒါပြင် ခရုသင်းရောဂါ၊ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးရောဂါတွေလည်း ပျောက်စေပါတယ်။ ပင်စိမ်းကို ခါးနာ၊ ခါးရိုးကျီးပေါင်းတက်၊ နားပြည်ယိုရောဂါတွေ အတွက်လည်း အုံဆေး၊ ထည့်ဆေး၊ အဖြစ် သုံးနိုင်ပြန်ပါတယ်။ ပင်စိမ်းရွက်တွေကို ရေသန့်သန့် နဲ့ရောနယ်ထုထောင်းပြီး အမြစ်မထွက်နိုင်တဲ့ အနာလုံးကြီဒတွေ၊ အကျိတ်တွေပေါ်မှာ အုံပေးရင် အရောင်လျော့ပြီး အမြစ်လည်း အမြန်ကျွတ်ထွက်ပါတယ်။ အသားနုတက်ပြီး အနာကျက်လည်းမြန်ပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ မိတ်ပေါက်၊ယားနာထ၊ ပွေးပေါက်၊ဝဲခြောက်ပေါက် စတာတွေ ဖြစ်ရင် ပင်စိမ်းကို သောက်လည်းသောက်၊ ပင်စိမ်းရွက်က ညှစ်ယူလို့ရတဲ့ သတ္တုရည်ကို သံပရာရည်နဲ့ ရောပြီး လိမ်းပေးရင် အမြန်ပျောက်ကင်းစေပါ တယ်။

အိန္ဒိယနိုင်ငံမှာ ဆူရှားမား (Sushama) ဆိုတဲ့ ဆေးတစ်မျိုးရှိပါတယ်။ အဲဒီဆေးက လိမ်းဆေး၊ သောက် ဆေးနှစ်မျိုးလုံးပါပြီး နှင်းခူရောဂါအတွက် သီးသန့် ဖော်စပ်ထားတာပါ။ အဲဒီဆေးရဲ့ အဓိက ဆေးမည်က ပင်စိမ်းပင်ပါ။ နှင်းခူဝေဒနာရှင်တွေကို အဲဒီဆေးနဲ့ သိပ္ပံနည်းကျ ပေးကျွေးကုသ သုတေသနလုပ်ကြည့် ရာမှာ ကိုးဆယ်ရာခိုင်နှုန်း ပျောက်ကင်းချမ်းသာကြောင်းတွေရပါသည်။

နောက်စမ်းသပ်မှု တစ်ခုကတော့ အိန္ဒိယနိုင်ငံ၊ မဟာရပ်စစ်ပြည်နယ်၊ ဘန်ဒိုရဝါလ အနာကြီးရောဂါဆေး ရုံ ( Bandorawala Leprosy Hospital ) မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ ပင်စိမ်းကို စားဆေး၊ လိမ်းဆေး တွေအဖြစ် စီမံပြီး အနာကြီးရောဂါနှစ်မျိုးဖြစ်တဲ့ အစိုမျိုးကိုရော၊ အခြောက်မျိုးကိုပါ ပေးကျွေးကုသ စမ်း သပ်ပါတယ်။ လူနာတွေကို ရက် ၁၅၀ ကြာအောင် ပေးကျွေး ကုသပြီး နည်းစနစ်တကျ တွက်ချက်ကြည့် တဲ့ အခါ သိသိသာသာ သက်သာတာ တွေ့ရပါတယ်။

သိပ္ပံဝေါဟာရ အနေနဲ့ Statistically significant ဖြစ်တယ်လို့ ဆိုပါတယ်။ ပင်စိမ်းကို အခြောက်မှုန့်ပြုပြီး ရှုဆေးအဖြစ် စီမံ၊ ရှုကြည့်စေတဲ့ အခါ ထိပ်ကပ်နာ အပြင် Ozoena လို့ခေါ်တဲ့ နှာခေါင်း အတွင်းမြှေး ခြောက်ပြီး ရှုံ့သွားတဲ့ ရောဂါပါ ပျောက်ကင်းစေတာ တွေ့ရပါတယ်။ ပင်စိမ်းကို ပျားရည်နဲ့ ဖျော်ရည် အဖြစ် စီမံပြီး သောက်စေတဲ့ အခါ မျက်နှာအသားအရေ နူးညံ့ချော မွတ်တယ်။ အိန္ဒိယ၊နီပေါ၊ သီရိ လင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ မော်ဒယ်တွေ ယုံယုံကြည်ကြည်နဲ့ အမြဲ စွဲပြီး သုံးဆောင်ကြတယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဖျော်ရည်ဟာတုပ်ကွေးရာသီမှာ တုပ်ကွေး မဖြစ် အောင် ကာကွယ်ပေးပါတယ်။ ဒါပြင် ငှက်ဖျားမဖြစ်အောင်၊ ကာလဝမ်းရောဂါ မဖြစ်အောင် ကာကွယ် ပေးတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ငှက်ဖျားတောထဲမှာ တာဝန်ထမ်းဆောင်နေရသူတွေ၊ ဝမ်းရော ဂါဖြစ်ပွားနေတဲ့အရပ်မှာ ရောက်နေတဲ့သူတွေဟာ ပင်စိမ်းရွက် ငါးပဲသားကို ပျားရည်နဲ့ ဖျော်ရည်လုပ်ပြီး နေ့စဉ် မှန်မှန် သောက်ပေးရင် အဲဒီရောဂါတွေဘေးက ကာကွယ်ပြီးသား ဖြစ်ပါတယ်။

နားကိုက်တဲ့ အခါ ပင်စိမ်းရွက် လတ်လတ်ဆတ်ဆတ်ကို မီးအုံးပြီး နားထဲကို အရည်ညှစ်ထည့်ပေးရင် ပျောက်ကင်း စေပါတယ်။ ကလေးသူငယ်တွေ လေထိုးလေအောင့်ဖြစ်တဲ့ အခါ၊ သန်ထပြီး ဗိုက်နာတဲ့ အခါ ပင်စိမ်းရွက်ရည်နဲ့ ချင်းစိမ်းရည် ရောစပ်ပြီး သကြားလေး နည်းနည်းစပ်လို့ တိုက်ပေးရပါတယ် ပင်စိမ်းရွက် သတ္တုရည်ဟာအူတွင်းကပ်းတွေဖြစ်တဲ့ သန်ကောင်၊ တုတ်ကောင်တွေကို လည်းသေစေပါ တယ်။ ချောင်းခြောက်ဆိုးတာ၊ အဆုတ်လေပြွန်ရောင်တာ တွေဖြစ်ရင် ပင်စိမ်းရွက် သတ္တုရည် ချင်းစိမ်း သတ္တု ရည်၊ ကြက်သွန်နီသတ္တုရည်……. စတဲ့ အရည် သုံးမျိုးစပ်ပြီး သောက်ပေးရပါတယ် သတ္တုရည်ဆို တာ ပင်စိမ်းရွက်ကို ညှစ်ယူလို့ရတဲ့ အရည် ၊ချင်းစိမ်းကို ထုထောင်းပြီး ညှစ်ယူလို့ရတဲ့အရည် ကြက်သွန် နီကို မညက်တညက် ထုထောင်းပြီး ညှစ်ယူလို့ရတဲ့ အရည်တွေကို ခေါ်တာပါ။ အဲဒီ သတ္တုရည် သုံးမျိုး ကိုစပ်ပြီး သောက်ပေးရင် သလိပ်ရ၊ ရင်ချောင်ပြီး၊ချောင်းဆိုးလည်း အမြန်ပျောက်စေပါတယ် လည် ချောင်း နာတာ၊ လည်ချောင်း ယားတာလည်း ပျောက်စေပါတယ်။

တင်းတိပ်၊မှဲ့ခြောက်၊ခရုသင်း စတဲ့ အရေပြားပေါ်က အစက်အပြောက်တွေ ၊ အကွက်တွေကို ပျောက်တဲ့ေ ဆးတစ်မျိုးကို ပင်စိမ်းရွက်နဲ့ စပ်ပြီး ဖော်လို့ရပါတယ်။ ဖော်စပ်နည်းကလည်း လွယ်ပါတယ် ကြေးနီဖ လား ကလေးတစ်လုံးကို ယူပါ။ ပြီးရင် ရှောက်ရည်နှစ်ဇွန်းထည့်ပြီး ညသိပ်ထားပါ။ နောက်နေ့မှာ ပင်စိမ်း ရွက် သတ္တုရည်နှစ်ဇွန်း၊ ကသော့ပုပ်အရွက် သတ္တုရည်နှစ်ဇွန်းထပ်ထည့်ပါ။ အဲဒီဆေးရည်တွေ ပျစ်လာပြီ ဆိုတဲ့ အခါ ဖန်ပုလင်း သန့်သန့်ထဲ ပြောင်းထည့်ပြီးထားပါ။ အဲဒီဆေးကို မျက်နှာ၊ ခြေ…လက် စတဲ့နေ ရာတွေမှာ လိုအပ်သလို လူးပေးရင် တင်းတိပ်၊ မှဲ့ခြောက် စတဲ့ အစက်အပြောက်တွေ ကြွက်နို့တွေတင် မကဘဲ ခရုသင်းကိုပါ ပျောက်စေနိုင်ပါတယ်။

ဒေါက်တာအောင်နိုင် (ဆေးသုတေသန) 
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ စာအုပ်မှ ကောက်နုတ်ထားပါသည်။
han152

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...