အစဉ်သင့်ရှိသည့် လူငယ်များ



ကင်းထောက်ဆိုသည်မှာ စစ်သဘောမပါ။ နိုင်ငံရေးမစွက်၊ လူမှုဝန်ထမ်းလုပ်ငန်း သက်သက်ကို သာ ဆောင်ရွက်ကြသူများ ဖြစ်ပါသည်။ ထို့အပြင်ကင်းထောက်တို့သည် လက်တွေ့ကျသော ကျွမ်းကျင်မှု ရရှိအောင် လေ့ကျင့်သင်ကြားခြင်း၊ စခန်းထွက်လေ့ကျင့်ခြင်းတို့ ပြုလုပ်ကြသူများဖြစ်၏။ ထိုမျှသာမက မိမိတို့တက်ရောက်နေသော အတန်းတိုင်းတွင် စာထူးချွန်သည်ဖြစ်စေ၊ မထူးချွန်သည်ဖြစ်စေ ကျောင်း သားလူငယ်တိုင်း ပါဝင်ခွင့်ရသောအဖွဲ့အစည်းဖြစ်၏။

မြန်မာနိုင်ငံတွင် ကင်းထောက်လူငယ် အဖွဲ့အစည်းများကို ၁၉၂၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ခေတ် အဆက်ဆက် အစဉ်အလာကောင်းများဖြင့် တည်ထောင်ခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်မတ်လ ၁ ရက် နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ကင်းထောက်လူငယ်အဖွဲ့များကို ဖျက်သိမ်းခဲ့ပါသည်။

သို့သော် ဒီမိုကရေစီခေတ်ဖြစ်သည့် ယနေ့ကာလတွင် အနာဂတ်လူငယ်လေးများအတွက် အကျိုးရှိ မည့်ကိစ္စမှန်သမျှကို အားပေးချီးမြှောက်ပေးလျက်ရှိသည့် အစိုးရသစ်က အစဉ်အလာကောင်းများနှင့် ပြည့် စုံသော ကင်းထောက်လူငယ်အဖွှဲ့များကို ပြန်လည်ထူထောင်ပေးလိုက်နိုင်သဖြင့် လူငယ်လူရွယ်များ အတွက် များစွာဝမ်းမြောက်မိသည်။

ယနေ့ဖွဲ့စည်းပေးထားသည့် ကင်းထောက်လူငယ်များကို လေ့လာကြည့်လျှင် အလယ်တန်းအ
ဆင့် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ စတင်ဖွဲ့စည်းစဉ်က နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကြွရောက် အားပေးချီးမြှင့်ခဲ့ပြီး ယမန်နေ့က ကျင်းပခဲ့သော မြန်မာနိုင်ငံကင်းထောက် ဗဟို
ကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း က မြန်မာနိုင်ငံကင်းထောက်အဖွဲ့ကို ပီပီပြင်ပြင်ဖွဲ့စည်းနိုင်ရန်နှင့် မူလတန်း၊ အလယ်တန်း၊ အထက် တန်းနှင့် တက္ကသိုလ်အဆင့်အထိ တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် လမ်းညွှန်မှုပြုခဲ့သည်။

ယနေ့မြန်မာနိုင်ငံတွင် ဖွဲ့စည်းထားသည့် ကင်းထောက်အဖွဲ့အစည်းများမှာ သက်တမ်းအားဖြင့် တစ်နှစ်ကျော်သာရှိသော်လည်း ဖွဲ့စည်းဆောင်ရွက်မှုများ တိုးတက်မြန်ဆန် သွက်လက်နေသည် ကို တွေ့ရှိရပါသည်။ ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းပေါင်း ၂၀ မှ အလယ် တန်းကျောင်းသား ၂၀၀၀ ကို သင်တန်းပေးကာ ကင်းစိတ်အဖွဲ့များ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

ယခုအခြေခံ၊ အဆင့်မြင့်ကျောင်းသားလူငယ်အားလုံး ပါဝင်ခွင့်ရမည်ဆိုလျှင် နိုင်ငံနှင့်ဒေသအတွက် အား ထားဖွယ်ရာ လူငယ်လူရွယ်များ အမြောက်အမြားပေါ်ထွက်လာနိုင်ပေသည်။ ယနေ့ဂလိုဘယ်လ် လိုက်ဇေးရှင်း ခေတ်ကာလတွင် လူငယ်လူရွယ်များမှာ အတန်းပညာတတ်မြောက်ရေးနှင့် ခေတ် ကာလ၏ ဆွဲဆောင်မှုနောက်သို့ အများစုလိုက်ပါနေသည်ကို တွေ့ရမည်ဖြစ်သည်။ အဆင်မသင့်လျှင် လမ်းချော် ထွက်တတ်သဖြင့် ထိုလူငယ်လူရွယ်များ၏ စိတ်ထားများနှင့် အပြုအမူများကို စုစည်းပျိုး ထောင်ပေးဖို့ လိုအပ်ပေသည်။

ကင်းထောက်အဖွဲ့ရည်ရွယ်ချက်တွင် လူမှုဝန်ထမ်းကိစ္စအတွက်ဖြစ်သည်ကို သတိမူရပေမည်။ ရည် ရွယ်ချက်တွင်ပါဝင်သည့် သူတစ်ပါးကိုစောင့်ကြည့်ရန်၊ သူတစ်ပါးထက်သာစေရန်တို့မှာ သူတစ်ပါးကို အနိုင်ကျင့်ရန်ဆိုလိုခြင်းမဟုတ်ဘဲ သူတစ်ပါကိုကူနိုင်ဖို့၊ အစဉ်အမြဲအသင့်အနေအထားဖြစ်နေဖို့၊ စိတ်ပါ လက်ပါ လုပ်ကိုင်တတ်ဖို့ အများအတွက် အသုံးဝင်သူဖြစ်စေဖို့ စသည့်အရည်အချင်းကောင်း များ နှင့်ပြည့်စုံရမည်ဖြစ်သည်။

ကင်းထောက်အဖွဲ့တွင် ပါဝင်လှုပ်ရှားခြင်းဖြင့် မိမိအတွက် တစ်ကိုယ်ရေကျွမ်းကျင်တတ်မြောက်မှု ရနိုင် သည့်အပြင် အများနှင့်စုပေါင်းလုပ်ဆောင်ခွင့်ရသည့်အတွက် လူငယ်များအနေဖြင့် အများနှင့် သဟ ဇာတဖြစ်အောင် နေထိုင်တတ်သည့် အလေ့အထကောင်းများ ရလာမည်ဖြစ်သည်။ ထို့အပြင် မိမိဒေသ၊ မိမိကျောင်းတွင် နှစ်လုံးပေါက်အကျိုးပြုလုပ်ငန်းများကို လှုပ်ရှားလုပ်ကိုင်နိုင်သဖြင့် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်သန်စွမ်းလာမည်ဖြစ်သည်။

ထို့ကြောင့် မိမိဒေသ၊ မိမိနိုင်ငံနှင့် မိမိကိုယ်ကိုကောင်းအောင်ဖန်တီးနိုင်သည့်၊ ကျစ်လျစ်ခိုင်မာသည့် ကင်းထောက်လူငယ်အဖွဲ့အစည်းများ တိုးတက်ဖွဲ့စည်းနိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် စည်းရုံးပျိုးထောင် အကောင်အထည်ဖော်သွားကြရန် ကြေးမုံက တိုက်တွန်းပါသည်။ ။

ကြေးမုံသတင်းစာ
ဇန်နဝါရီ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...