အိမ်နောက်ဖေးများတွင် ဈေးဆိုင်လိုက်တည်ခြင်း

အပူလွန်ကဲသော ရာသီဥတုသို့ ရောက်လာသောအခါ လူတိုင်း သစ်ပင်စိုက်သင့်သည်ဟု အတွေးဝင်လာ မိတတ်သည်။ ရာသီဥတုပြန်ပြီး ကောင်းသွားတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်သည်။ သစ်ပင်များ ပိုများလာလျှင် ကမ္ဘာကြီး ပိုကောင်း သွားလိမ့်မည်ဟု ယုံကြည်ကြသည့် တက်ကြွလှုပ်ရှား သူများကတော့ အပင်များ လိုက်စိုက်တတ်ကြသည်။ ထို့ကြောင့် အပင်လိုက် စိုက်သူများလည်း များလာ သင့်သည်ဟု ဆိုရမည်။ လူတိုင်းလူတိုင်း မိမိပိုင်သော မြေနေရာလေးများတွင် တစ်ပိုင်တစ်နိုင်လေး စိုက်ကြပျိုးကြမည် ဆိုလျှင် ဟိုနေရာ ဒီနေရာ သစ်ပင်လိုက်စိုက်ကြရန် မလိုတော့ဘဲ ရာသီဥတု အတွက်ရော၊ စားနပ်ရိက္ခာ အတွက်ရော အဆင်ပြေ သွားပေလိမ့်မည်။



နယူးဇီလန်သူ ဂျိတ်တမ်မီပါရာကတော့ သစ်ပင်စိုက်သူဟု ပြောနိုင်သကဲ့သို့ လူတိုင်းကို သစ်ပင်စိုက်သူ များ ဖြစ်အောင် လိုက်ပြီး လုပ်ဆောင် ပေးသူဟု ဆိုနိုင်သည်။ သူ့ရည်ရွယ်ချက်က လူတိုင်း အိမ်တိုင်း ၏ နောက်ဖေး မြေကွက်လပ်တွင် သီးပင် စားပင်များ ရှိရမည်ဟူ၍ ဖြစ်သည်။ လူတိုင်း သူမတွေးခေါ်သလို လိုက်ပြီး တွေးခေါ်လာအောင်၊ လိုက်လုပ်လာအောင် မည်သို့ လုပ်ရမည်ကို နည်းလမ်းရှာခဲ့ သည်။ နောက် ဆုံးတော့ နည်းလမ်းတစ်ခုကို ရှာဖွေ တွေ့ရှိသွားခဲ့ပြီး Hand Over a Hundy (ငွေတစ်ရာကို လွှဲပြောင်းပေး ပါ) ဆိုသည့် အစီအစဉ်ကို စတင်ပြုလုပ် ဖြစ်ခဲ့ပေသည်။

Hand Over a Hundy ဆိုသည့် ဂျိတ်၏ လှုပ်ရှားမှုသည် ရိုးရိုးလေးပင် ဖြစ်ပါသည်။ အိမ်ထောင် တည်ထောင်ခါစ လူငယ် မိသားစုများကို ဒေါ်လာတစ်ရာ ထုတ်ပေးသည်။ ထိုငွေဖြင့် အိမ်နောက်ဖေးတွင် သီးပင်စားပင်များ စိုက်ရန် မျိုးစေ့၊ ကိရိယာ အစရှိသည်တို့ ဝယ်ယူနိုင်သည်။ စိုက်နည်း ပျိုးနည်းလေးများကို လိုက်ပြပေးသည်။ သို့သော် နယူးဇီလန် ဒေါ်လာတစ်ရာကို အလကား ပေးလိုက်ခြင်းတော့ မဟုတ်ပေ။ တစ်နှစ်ပြည့်လျှင် ပြန်ပေးရသည်။ ဂျိတ်တမ်မီပါရာ၏ Hand Over a Hundy အစီအစဉ်ထံ ပြန်ပေး ရခြင်းတော့ မဟုတ်။ ကိုယ့်လို စိုက်ဖို့ပျိုးဖို့ စိတ်ဝင်စားသည့် မြေကွက်လပ်ရှိသော နောက်ထပ် မိသားစု တစ်ခုကို ပေးရခြင်း ဖြစ်သည်။ ထိုမိသားစုက စိုက်ပျိုးခြင်း မကျွမ်းကျင်လျှင် ကိုယ်က တစ်နှစ်တာ လေ့လာ ထားသော အတွေ့အကြုံများဖြင့် သွားပြီး ရှင်းပြရသည်။ ထိုမိသားစု အသစ်ကလည်း တစ်နှစ်ပြည့်လျှင် ထိုငွေတစ်ရာကို ပြန်ပေးရဦးမည် ဖြစ်သည်။ မူလပေးသည့် မိသားစုကို မဟုတ်။ နောက်ထပ် မိသားစု တစ်စုကို သွားပေးရခြင်း ဖြစ်သည်။ တစ်နှစ်တာ စိုက်ပျိုးခဲ့သည့် အတွေ့အကြုံများကို မျှဝေပေးရသည်။

အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့် အစီအစဉ်ဖြစ်ကာ တကယ်တမ်းလည်း အောင်မြင်ခဲ့ပါသည်။ ဂျိတ်နှင့်အဖွဲ့က စိုက်ခင်းရှိရာ အိမ်များကို သွားကာ စိုက်နည်းပျိုးနည်း ကူညီပေးသည် သာမက တစ်နှစ် အတွင်း ကိုယ်ပြန်ပေးရမည့် ဒေါ်လာတစ်ရာ ထက်မက ပိုပြီးရအောင် အသီးအနှံ ထုတ်လုပ် နည်း၊ ရောင်း ချနည်း၊ အမြတ်အစွန်းပေါ်အောင် ဈေးသို့ သွင်းနည်း၊ အော်ဂဲနစ် စိုက်ပျိုးနည်း စသည်တို့ကို လိုက်လံ ပြ သပေးကြသည်။

အဆိုပါ အစီအစဉ်သည် တကယ်တမ်းတော့ စိုက်ပျိုးရေး ဂိမ်းကစားနည်း တစ်ခုလည်း ဖြစ်သည်။ မိသားစု ဝင်တိုင်း ကလေးများပါ တပျော်တပါး စိုက်ကြပျိုးကြရင်း ပျော်ရွှင်ရသော ကစားနည်း ဖြစ်သည်။ တစ်နှစ်ပြည့် လျှင် သူတစ်ပါးကို ပြန်ဝေ မျှပေးရမည့် ဒေါ်လာတစ်ရာဖိုး ဝင်ငွေကျော်သွားပြီ ဆိုလျှင် နိုင်သွားပြီ ဖြစ်သဖြင့် မိသားစုအားလုံး ပျော်ကြရသည်။ အသီးအနှံ ကိုယ်စိုက်တာကို ကိုယ်ကြိုက် တာ လတ်လတ်ဆတ်ဆတ် စားရသည်။ ကိုယ်က သူတစ်ပါး အဆင်ပြေအောင်လည်း စိုက်ပျိုးနည်းများ၊ ထောက်ပံ့ငွေများ ကျေးဇူးပြုခွင့် ရသေးသည်။

ငွေတစ်ရာကို လွှဲပြောင်း ပေးပါဆိုသည့် အစီအစဉ်ကို စတင်ခဲ့သည့် ဂျိတ်တမ်မီပါရာက သူမ၏ ရည်ရွယ်ချက်များကို ခုလို ရှင်းပြပါသည်။

“အိမ်ထောင်စုတွေကို နောက်ထပ် မျိုးဆက်သစ်တွေအတွက် စိုက်ခြင်းပျိုးခြင်း ဗဟုသုတတွေ ဖြန့်ဝေပေးနိုင် ဖို့ ကူညီချင်လို့ ဖြစ်ပါတယ်။ ကိုယ်စားမယ့် အစားအစာ ကိုယ့်ဘာသာ စိုက်ခြင်းအားဖြင့် အိမ်ထောင်စုတွေနဲ့ ကျယ်ပြန့်တဲ့ ရပ်ရွာရဲ့ ကျန်းမာရေး အရည်အသွေးကို မြှင့်တင်ချင်လို့လည်း ရည်ရွယ်ပါတယ်။ မိသားစုတွေနဲ့ ကလေးတွေအတွက် ကျန်းမာရေးဆိုင်ရာ၊ အစားအသောက်ဆိုင်ရာ အပြောင်းအလဲ ဖော်ဆောင်မှုတွေမှာ ဝင်ရောက် ကူညီပြီးတော့ အသံတစ်သံအဖြစ် ဝင်ရောက် ပြောဆိုချင်လို့ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ရပ်ရွာအတွင်း အပြောင်းအလဲ များကို ဖော်ဆောင်ရာတွင် ရပ်ရွာကို ပြန်လည် အသုံးပြုသည့် နည်းလမ်းကလည်း အလွန်ပြောင်မြောက် ပေသည်။

ဒေါ်လာငွေအချို့ ရင်းနှီးပြီး စလိုက်သော အစီအစဉ်ကြောင့် ယခုဆိုလျှင် နယူးဇီလန်တွင် မိသားစုပေါင်း ၇၀ ကျော် အိမ်နောက်ဖေး စိုက်ခင်းများဖြင့် တပျော်တပါး စိုက်နေကြပြီ ဖြစ်ပေသည်။ တစ်နှစ်ပြီးတစ်နှစ် အိမ်ထောင်စုဦးရေက တိုးနေဦးမည် ဖြစ်သည်။ ဂျိတ်က တခြားပြည်နယ်များအထိ ဒေါ်လာတစ်ရာခရီး ထပ်ဆန့်အောင် လုပ်ဆောင်မည်ဟု အားခဲလျက် ရှိပေသည်။



“အအောင်မြင်ဆုံးကတော့ ဒေါ်လာတစ်ရာ ရလိုက်တဲ့ မိသားစုတိုင်းရဲ့ ၉၈ ရာခိုင်နှုန်းလောက်ဟာ ပိုက်ဆံ တစ်ရာထက်မက တစ်နှစ်အတွင်း ပြန်ရှာနိုင် ကြပြီးတော့ နောက်ထပ် မိသားစုတွေကို ရှာပြီး ကူညီ ပေးနေ တာပဲရှင့်” ဟု ဂျိတ်က ပြောဆိုသည်။ သူမ၏ လူမှုအခြေပြု သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး လှုပ်ရှားမှု က အောင်မြင်သည်နှင့်အမျှ အသိအမှတ်လည်း ပြုခံရပါသည်။ နယူးဇီလန် ဘဏ်တစ်ခုက ချီးမြှင့်သော ၂၀၁၃ ခုနှစ်၏ နယူးဇီလန် နိုင်ငံသားဆုကို ရွေးချယ်ခံရသည်။ သတင်းမီဒီယာ များကလည်း သူမ၏ ရိုးရှင်းပြီး အလွန်အကျိုး ဖြစ်ထွန်းသော အစီအစဉ်ကို အသိအမှတ်ပြုကာ ထူးချွန်သော နယူးဇီလန် နိုင်ငံ သားအဖြစ် ဝိုင်းဝန်း ရွေးချယ်ခဲ့ကြသည်။

ကမ္ဘာကြီး ပူနွေးနေသောကြောင့် အစာအာဟာရများ စံချိန်မမီသောကြောင့် သတ္တဝါများ အခက်ကြုံရ သည်။ ထို့ကြောင့် လူတိုင်း သစ်ပင် စိုက်သင့်သည်။ လူတိုင်း သစ်ပင်စိုက်လာအောင် ဝင်ရောက် ဆော်သြ သင့်သည်။ နယူးဇီလန်သူ ဂျိတ်ကတော့ အလွန်ရိုးရှင်းသော ပိုက်ဆံ တစ်ရာနည်းဖြင့် လူတိုင်း သစ်ပင် စိုက်အောင် ချီတက်နေပေပြီ။ ရိုးရှင်းသော တီထွင် ဖန်တီးမှုတိုင်းသည် စစ်မှန်သော စေတနာဖြင့် ပေါင်း လိုက်သည့် အခါတိုင်း လှပသော ရလဒ်များ ထွက်လာစမြဲပေတည်း။

The Voice Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...