ခိုးရာလိုက်၊ စာခိုးချ၊ ခိုးကြောင်ခိုးဝှက်


မြစ်ဆုံအနီး ရွှေရှာနေသူတစ်ဦးအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်

ခိုးရာလိုက်ခြင်း

အမေက သမီးကို ငိုယိုပြီးတစ်မျိုး၊ ချော့မော့ပြီးတစ်နည်း၊ ခြိမ်းခြောက်ပြီးတစ်ဖုံ နည်းမျိုးစုံသုံးကာ လက်ရှိသမီးနဲ့တွဲနေတဲ့ ချစ်သူကိုဖြတ်ဖို့၊ အမေသဘောတူတဲ့ သူဌေးသားနဲ့ယူဖို့ ပြောနေပါတယ်။

သမီးကလည်း သူ့ချစ်သူနဲ့ မေတ္တာရော သစ္စာပါ တိုင်တည်ထားလေတော့ တစ်ဖက်က ကျေးဇူးရှင် အနန္တဂိုဏ်းဝင် မိခင်၊ တစ်ဖက်က အသည်းပေါက်မတတ် ချစ်နေမိတဲ့ တစ်သက်တာချစ်သူ။

ဒါက လက်ရှိမြန်မာ ဗီဒီယိုကားတွေမှာ ဖန်တစ်ရာတေအောင် တွေ့နေရတဲ့ သံတူကြောင်းကွဲ ဇာတ်လမ်းများ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမျိုးကလည်း မြန်မာ့လူမှုပတ်ဝန်းကျင် တကယ့်ဘ၀ထဲ မှာ ဖြစ်ပျက်နေတဲ့ လူမှုရေးပြဿနာများ ဖြစ်ပါတယ်။

မိခင်ရဲ့အတ္တဟာ သူ့နောက်ဆုံး ထွက်သက်ထိသာ ရှည်လျားပေမယ့် သမီးရဲ့ဘ၀ဟာ သမီးမသေမချင်း ခံစားစံစားရမှာပါ။ မိခင်ရဲ့ အတ္တဆုံးဖြတ်ချက်ဟာ မှန်ခဲ့ရင် သမီးဘ၀က မထောင်းသာပေမယ့် မိခင်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့ရင် သမီးဘ၀ဟာ တွေးစရာ မရှိတော့ပါဘူး။ ထို့အတူ မိခင်ကိုလည်း စိတ်မဆိုးဝံ့တောင် တစ်ချက်တစ်ချက်တော့ စိတ်ကွက်မိနေမှာပါ။

နောက်ဆုံး သမီးခမျာ မရှူနိုင်မကယ်နိုင် ဘ၀ထဲမှ လွတ်မြောက်ရာလမ်းက ချစ်သူခေါ်ရာနောက် ခိုးရာ လိုက်သွားတော့တာပဲ။ လင်နောက်ခိုးရာလိုက်တဲ့ ဝေါဟာရဖြစ်ရပ်ဟာ ရွာတိုင်း၊ ရပ်ကွက်တိုင်းမှာ ကြုံတွေ့နေရတဲ့ မထူးခြားလှတဲ့ ဖြစ်ရပ်ပါ။ ဒီလိုခိုးမှုကို မြန်မာ့ပတ်ဝန်းကျင်က လက်ခံနေတာ ကြာပါပြီ။ ခိုးပေမယ့် ခိုးမှုမမြောက်ပါဘူး။

စာခိုးချခြင်း


တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို တစ်နှစ်ဖြေတယ်။ မအောင်ဘူး။ နှစ်နှစ်ဖြေတယ်။ မအောင်ဘူး။ နောက်ဆုံး သူငယ်ချင်းတွေက စာမေးပွဲအောင်မယ့်နည်း ပေးပါတယ်။ စာရွက်သေးသေးလေးတွေပေါ်မှာ စာလုံးသေးသေးလေးတွေနဲ့ ရေးထားတဲ့ အဖြေတွေကို စတစ်ကာနဲ့ စာမေးပွဲခန်းထဲ ဘယ်လိုသယ်ယူပြီး ဘယ်လိုခိုးချရမလဲဆိုတာ သင်ပေးလိုက်ကြပါတယ်။ အဲဒီနှစ်ကျမှပဲ စာမေးပွဲ အောင်သွားပါတော့တယ်။ ဒီတော့မှ လူများအလယ်မှာ ခေါင်းမော့ပြီး ကြွားလုံးထုတ်နိုင်ပါပြီ။ ငါခိုးချလိုက်တာ ကွက်တိပဲ။ အခုတော့ ငါ ၁၀ တန်းအောင်ပြီကွ။

လျှို့ဝှက်ဆောင်ရွက်ထားတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းက ပြည်သူတွေထံမှ၊ တိုင်းပြည်မှ ခိုးယူထားတဲ့ အစီအစဉ်တွေ၊ ငွေအလုံးအရင်းတွေ အမြတ်ခွဲဝေမှုတွေ ပေါ်လာပါတယ်။ ဒီတော့မှ ပြည်သူ့ဆန္ဒကို လိုက်လျောတယ်ဆိုကာ မြစ်ဆုံစီမံကိန်းကို ယခုသမ္မတ သက်တမ်းအတွင်း (သာ) ရပ်ဆိုင်းကြောင်း ကြေညာပါတယ်။ ယခုသမ္မတ သက်တမ်းလည်း ကုန်လုကုန်ခင် ဖြစ်လာပါပြီ . . . . .

ဒီလို ခိုးချတာကိုလည်း မြန်မာ့လူမှု ပတ်ဝန်းကျင်မှာ ဂုဏ်ငယ်စရာ၊ ရှက်စရာ မဟုတ်ပါဘူး။ ခိုးချပေမယ့် ခိုးမှုမမြောက်ပါဘူး။ ခိုးချတဲ့ယဉ်ကျေးမှု ထွန်းကားလာတာက ယခင်အစိုးရရဲ့ စီမံခန့်ခွဲမှုအမှားက မြစ်ဖျားခံလာတာပါ။ မတော်တဆ အမှားလား။ တမင်တကာ အစီအစဉ်ရှိတဲ့ အမှားလားဆိုတာ ပြောရခက်ပါတယ်။ ကျောင်းသားတွေက ဒီအားနည်းချက်ကို အသုံးချကာ ပြောင်ပြောင်တင်းတင်း ခိုးချသည်ထိ ဖြစ်လာတာဟာ လက်ငင်းပညာရေးကြောင့် နောင်နှစ် ၂၀ မြန်မာပြည်ရဲ့ ကံကြမ္မာအတွက် ရင်လေးမိပါတယ်။

ခိုးကြောင်ခိုးဝှက်

ခိုးကြောင်ခိုးဝှက်ကို ခွဲကြည့်တဲ့အခါ ချောင်လို့ခိုးသူနဲ့ သိုသိုသိပ်သိပ် ၀ှက်ခိုးသူရယ်လို့ အဓိပ္ပာယ်ပေါ် လာပါ တယ်။ ‘ခိုးကြောင်’ ဆိုတဲ့ ခိုးသူအချို့က ချောင်လို့၊ လွယ်လို့ ခိုးတတ်ကြတာပါ။ ချောင်လို့ ခိုးသူထဲ မှာ တော်တော် များများက ၀န်ထမ်းများ ပါဝင်နေပါတယ်။ မခိုးပါဘူးလို့ ပြောတဲ့ဝန်ထမ်းဟာ အနည်းဆုံး အချိန် (ရုံးချိန်)ကို ခိုးကြပါတယ်။ ရုံးကိုနောက်ကျလာပါတယ်။ ၉း၃၀ နာရီရောက်ရမယ့် ရုံးချိန်ကို ၁၀ နာရီမှလာပေမယ့် ၉း၃၀ နာရီဆိုကာ စာအုပ်မှာ လက်မှတ်ထိုးပါတယ်။ ပြန်ချိန်ရုံးဆင်းချိန် ၄း၃၀ နာရီ ဆိုပေမယ့် ၃း၃၀ နာရီလောက်မှာ ရုံးဆင်းပြီး ၄း၃၀ နာရီလို့ စာအုပ်မှာ ရေးသွင်းပါတယ်။ ဒါဟာ အလွန်ချောင်တဲ့ ခိုးနည်းဖြစ်ပြီး ဘယ်သူကမှ ဒီလိုအချိန်ခိုးနေတာဟာ ခိုးမှုမမြောက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ၀န်ထမ်းအများစု အချိန်ခိုးနေတာ သူရောငါရော အကုန်လုံး ပါနေတာကိုး။

‘ခိုးဝှက်’ လို့ ဆိုရမယ့် ၀ှက်ခိုးသူက ရည်ရွယ်ချက်ရှိရှိ ခိုးဖို့ကို အစီအစဉ်ချပြီး ခိုးတယ်လို့ ဆိုရပါမယ်။ အဲဒီပုဂ္ဂိုလ်က လမ်းကြောင်းရှာတယ်။ ဘယ်သူ့ကို ချဉ်းကပ်ရမယ် ပေါင်းစားရမယ်။ ဘယ်သူ့ထံမှာ ခွင်ကောင်းကောင်းရှိတယ် စသည်ဖြင့် လျှို့ဝှက်စုံစမ်းခြင်း၊ ဒေတာစုဆောင်းခြင်း၊ ခိုင်မာမှု တည်ဆောက်ခြင်းတွေကို အကွက်ကျကျ စီမံဆောင်ရွက်ပါတယ်။

ဒီနည်းနဲ့ ယနေ့ခေတ်ပေါ်သူဌေး ခရိုနီဆိုသူတွေ ပေါ်ထွက်လာပါတယ်။ လျှို့ဝှက်ဆောင်ရွက်ထားတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းက ပြည်သူတွေထံမှ၊ တိုင်းပြည်မှ ခိုးယူထားတဲ့ အစီအ စဉ်တွေ၊ ငွေအလုံး အရင်းတွေ အမြတ်ခွဲဝေမှုတွေ ပေါ်လာပါတယ်။ ဒီတော့မှ ပြည်သူ့ဆန္ဒကို လိုက်လျောတယ်ဆို ကာ မြစ်ဆုံစီမံကိန်းကို ယခုသမ္မတ သက်တမ်းအတွင်း (သာ) ရပ်ဆိုင်းကြောင်း ကြေညာပါတယ်။ ယခုသမ္မတ သက်တမ်းလည်း ကုန်လုကုန်ခင် ဖြစ်လာပါပြီ။ နောက်တစ်ခု ၀ှက်ထားတဲ့ ဧရာမစီမံကိန်းကြီး က လက်ပံတောင်းတောင် စီမံကိန်းကြီးပါပဲ။ ဒါလည်း မြန်မာနိုင်ငံတော်ပိုင် မြေပေါ်မှာ မြန်မာပြည်သူတွေ အထူးသဖြင့် ဒေသခံပြည်သူတွေကို အသိလေးတစ်ချက်မှ မပေးဘဲ လုပ်ကိုင်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ၀မ်ပေါင်ကုမ္ပဏီက ဘယ်လောက်ရတယ်။ ဦးပိုင်ကုမ္ပဏီက ဘယ်လောက်ရတယ်။ နိုင်ငံတော်က ဘယ်လောက်ရတယ်ဆိုတဲ့ စာရင်းတွေ ထွက်လာတော့မှ ပြည်သူတွေအတွက် ဘယ်လောက်မှမပါတာကို တအံ့တသြ သိလိုက်ပါတယ်။ အဲဒီလို ခိုးဝှက်ကာ တိုင်းပြည်စီမံကိန်းတွေ ခိုးယူကြပေမယ့် သူတို့လည်း ခိုးမှုမမြောက်ပါဘူး။ ခိုးရာလိုက်သလို၊ စာခိုးချသလို ခိုးကြောင်ခိုးဝှက် လုပ်မှုတွေဟော မြန်မာ့အသိုင်း အ၀ိုင်းမှ ဖြစ်ရိုးဖြစ်စဉ်အဖြစ် (အရှက်မရှိစွာ) လျစ်လျူရှုထားလိုက်ပါတယ်။

ဒီလို ခိုးဝှက်လုပ်ကိုင်ထားလို့ ပြည်သူတွေသိ (မိ) သွားရင် ဒါဟာခိုးမှုပဲ။ အနည်းဆုံး နှုတ်လေး နဲ့တော့ တောင်းပန်စကား ပြောရမှာပါ။ အခုတော့ ဒါဟာ တို့လုပ်နေကျမို့ တောင်းပန်စရာ မလိုဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။

သူခိုးများ

သူခိုးဆိုတဲ့ သူခိုးတွေဟာ သာမန်လူထက် လျင်မြန်ပါးနပ် လိမ္မာရပါတယ်။ ခိုးမယ့်နေရာ ဘယ်လိုဝင်ရမယ်။ ဘယ်လိုပြန်ထွက်ရမယ် ဆိုတာကို ကောင်းကောင်း ကျွမ်းကျင်ကြပါတယ်။ မြန်မာ့ရာဇ၀င်ထဲက ငတက်ပြား ဟာ ပေါင်မှာထိုးထားတဲ့ကြောင်ရုပ်ကို ပုတ်လိုက်ရုံနဲ့ ခြံစည်းရိုး၊ တံတိုင်းတွေကို ခုန်ပျံကျော်လွှားနိုင်ပါတယ်။

အခုတော့ မြန်မာပြည်မှာ ငတက်ပြားထက် ပိုစွမ်းတဲ့သူခိုးတွေ ပေါများလာပါတယ်။ ပေါင်ပုတ်စရာ မလိုဘူး။ ခြံစည်းရိုးကို အလိုလိုဖွင့်နိုင်တဲ့ တန်ခိုးတွေ ပိုင်ပါတယ်။ ကိုယ်ယောင်ဖျောက်စရာ မလိုဘဲ ခိုးမှုကိုပျောက်အောင် လုပ်နိုင်ပါတယ်။

ဒီလိုနဲ့ ခိုးမှုကို မြန်မာပြည်မှာ မသိမသာရော ပြောင်ပြောင်တင်းတင်းပါ ခိုးနေကြတဲ့ သူခိုးတွေ ဖြစ်ကုန်ပါ တယ်။ သူခိုးသူခိုးချင်း မျက်နှာပူစရာ မလိုပါဘူး။ မျက်နှာပြောင်စရာပဲ လိုပါတယ်။ နည်းနည်းခိုးတဲ့သူက များများခိုးတဲ့သူကို အပြစ်ပြောကြတာပါ။ စားခွက်လုကြတာပဲ ရှိပါတယ်။ ဒါပေမဲ့ ခိုးမှုကတော့ ပျောက်မသွား ပါဘူး။

ကားဓာတ်ဆီ အရောင်းဆိုင်တွေမှာ ဆီအတုတွေရောပြီး ခိုးရောင်းပါတယ်။ ဓာတ်ဆီပန့်ကိုင်သူက ဆီခိုးပါတယ်။ တက္ကသိုလ်ကျောင်းကားတွေ ဝေးလံတဲ့ကျောင်းတွေဆီသွားရင်း ကျောင်းကားပေါ်မှာ ဖဲရိုက်ကြတယ်။ အရက်ခိုးသောက်ကြတယ်။ ရုံးစာရေးတွေက စာရေးစက္ကူ၊ စာရေးကိရိယာအဟောင်းတွေ ခိုးရောင်းကြပါတယ်။

အောက်ခြေခိုးနေကြတဲ့ သူခိုးတွေက ကျပ်ရာဂဏန်းလောက်ကိုပဲ မက်မက်မောမော ခိုးနေကြတာပါ။ အထက်အာဏာရှိ ပုဂ္ဂိုလ်အချို့ကတော့ ကျပ်သိန်းရာဂဏန်းလောက်ကို ခိုးတယ်လို့ အမည်မတွင်စေဘဲ လုပ်ပိုင်ခွင့်ကို အသုံးချကာ ခိုးယူနေကြတာပါ။ အချို့က ကိုယ်တိုင်မခိုးဘဲ အောက်ခြေငယ်သားက ဖန်(ခိုး)ပေးရပါတယ်။

လယ်ယာမြေတွေ၊ အဆောက်အအုံတွေ၊ မြေလွတ်တွေ၊ သဘာဝသယံဇာတတွေ ပိုင်ရှင်အစစ် အမှန်ဖြစ် တဲ့ နိုင်ငံသား (ပြည်သူ) တွေကို အသိမပေးဘဲ လစ်တာနဲ့ ခိုးယူသိမ်းပိုက် နေကြတာပါ။ ကျောက်စိမ်းတွေ၊ သစ်တွေ ခိုးထုတ်နေတာ နိုင်ငံတော်အစိုးရက အမှန်တကယ် မသိဘူးလား။ မသိကျိုးကျွန် ပြုနေတာလား။

ပိုင်ရှင်မဲ့သစ်တွေ ကားအစီးလိုက် မိနေတယ်ဆိုတာ ကားအစီးဘယ်လောက် လွတ်သွားပြီမှ ပေါ်လာတဲ့ သတင်းလဲ၊ စာရင်းလဲ။ လက်တလော သိရှိရတဲ့ သတင်းတစ်ပုဒ်က သစ်လုံးတင်ကားများဟာ တစ်ရက်လျှင် အနည်းဆုံး ၁၅ စီးမှ အစီး ၃၀ အထိ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သတင်းပါ။ ဒီသစ်ကားတွေဟာ အာဏာပိုင်နဲ့ပေါင်းပြီး ခိုးထုတ်တာလား၊ အာဏာပိုင်မသိအောင် ခိုးထုတ်တာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုခိုးထုတ်တာကို မိအောင်ဖမ်းရမှာ အာဏာပိုင်တို့ရဲ့ တာဝန်ပါ။ ဒါမှမဟုတ် တရားဝင်ခွင့်ပြုချက်နဲ့ ရောင်း တာဆိုရင်လည်း ဒီလိုသစ်လုံးတွေပြန်ရဖို့ နှစ်ပေါင်းများစွာ စောင့်ရဦးမှာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ဒါကြောင့် ဒီမျှအထိ မဆင်မခြင် ဗုံးပေါလအော မရောင်းသင့်ပါဘူး။

မြန်မာ့အသိုင်းအ၀ိုင်းက ခိုးမှုကို အားပေးနေသလား

အထက်မှာ စီကာစဉ်ကာ တင်ပြခဲ့တာဟာ မြန်မာ့လူမှု အသိုင်းအ၀ိုင်းမှာ လွဲချော်နေတဲ့ ယဉ်ကျေးမှုတစ်ရပ် ကို တင်ပြလိုရင်း ဖြစ်ပါတယ်။ ခိုးရာလိုက်တယ်။ စာခိုးချတယ်။ အချိန်ခိုးတယ်။ ဘာလေးဖြစ်ဖြစ် သူများ ထက် မသိမသာ လိုက်ချင်တဲ့အတွက် ခိုးမှုတွေ ဖြစ်နေတာကို မြန်မာ့အသိုင်းအ၀ိုင်းက ရှက်စရာလို့ မမြင်နိုင်ကြတာဟာ မကောင်းတဲ့စရိုက်ပါ။ ဒီလို မကောင်းတဲ့စရိုက်ကို အောက်ခြေပြည်သူရော အုပ်ချုပ်နေတဲ့ အကြီးအကဲများကပါ တွင်တွင်ကျယ်ကျယ်ကြီး သုံးစွဲနေတာဟာ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပါတယ်။

ခိုးတာဟာ အဒိန္နဒါနကံကို ကျူးလွန်တာပါ။ ဘယ်လိုခိုးခိုး ဘယ်အသေးအမွှား၊ ကြီးကြီးမားမား ကိုခိုးခိုး ပြစ်မှုထိရပါမယ်။ လင်နောက်ခိုးရာလိုက်တာဟာလည်း မြန်မာ့အသိုင်းအ၀ိုင်းမှာ တဖြည်းဖြည်း ချင်း ပျောက်ကွယ်သွားအောင် မိဘနဲ့သားသမီး ဆက်ဆံရေးပုံစံ ပြောင်းသင့်က ပြောင်းရပါမယ်။ မိဘရဲ့ လွှမ်းမိုးလိုမှု အခန်းကဏ္ဍနဲ့ သားသမီးရဲ့ လွတ်လပ်ခွင့် ချိန်ဆရပါမယ်။ မိဘကချည်း တစ်ဖက်သတ် သြဇာညောင်း၊ ခြယ်လှယ်မှုပြုနေရင် ခိုးရာလိုက်တဲ့ မယဉ်ကျေးမှုက မြန်မာ့ယဉ်ကျေးမှု ဖြစ်နေပါမယ်။ ထို့အတူ ကျောင်းစာခိုးချတဲ့ မယဉ်ကျေးမှုကို ပပျောက်ဖို့ ပညာရေးသမားတွေ နည်းလမ်းရှာရမယ်။

နောက်ဆုံး သူခိုးတိုင်းပြည်မဖြစ်ဖို့၊ တာဝန်ရှိသူတွေကိုယ်တိုင် ခိုးခြင်းကို နည်းမျိုးစုံနဲ့ ရှောင်ကြဉ်ရပါမယ်။ အာဏာနဲ့ခိုးခြင်း၊ ဂါရ၀နဲ့ အကြောင်းပြခိုးခြင်း၊ အနိုင်ကျင့်ခိုးခြင်း၊ ဘယ်သို့သော ခိုးခြင်းကိုမှ ခွင့်မလွှတ်ပါနဲ့။ ခိုးရင် အပြစ်ပေးရပါတယ်။ ရာထူးကြီးကြီးငယ်ငယ် တစ်ပြေးညီ အပြစ်ပေးရပါမယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီဆောင်းပါးရေးနေတုန်း သမ္မတကြီးက ကျပ်သုံးသိန်းအထိ လက်ဆောင်ယူခွင့် ရှိတယ်ဆိုတဲ့ ခွင့်ပြုချက်ကို ကြားလိုက်ရပါတယ်။ ဒီလိုဆို သုံးသိန်းမှ လက်ဆောင်မပေးရင် ပြည်သူကို ၀န်ဆောင်မှုပေးရမယ့် တာဝန်ရှိသူတွေက လုပ်မပေးတော့မှာ စိုးရိမ်မိပါတယ်။ ခိုးယူစရာတွေ ပေါများတဲ့ ဒီနိုင်ငံမှာ ပြည်ပက သူခိုးတွေကို ဓားရိုးကမ်းရုံသာမက ပြည်တွင်းကပါ ပူးပေါင်းခိုးနေကြရင် မြန်မာပြည် သူခိုးတိုင်းပြည် ဖြစ်သွားနိုင်ပါကြောင်း သတိပေးရပါတယ်။

Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...