ကလေးများမှာလည်း နှလုံးသားရှိပါသည်



တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ စဖြေခါစရက်လောက်က မိတ်ဆွေကျူရှင်ဆရာ တစ်ယောက်နှင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာဆုံမိကြသည်။ ကျွန်တော်က “စာမေးပွဲတွေ ဖြေနေပြီဆိုတော့ ဒီရက် တွေနားရပြီပေါ့” ဟု နှုတ်ဆက်မိသည်။ မိတ်ဆွေကျူရှင်ဆရာက မျက်နှာကြီးရှုံ့မဲ့ကာ “မနားရပါဘူး ဗျာ။ နောက်နှစ်အတွက်အတန်းတွေ မတ်လ ၁၀ ရက်ကတည်းက ပြန်စသင်နေရပြီဗျ” ဟုဆိုလေ၏။ ကျွန်တော်က “ဟာ . . . ကိုးတန်းတွေက ခုမှဖြေပြီးတာမဟုတ်ဘူးလား။ အောင်စာရင်းတောင် မထွက် သေးဘဲနဲ့။ ခင်ဗျားတို့ဟာကမလွန်လွန်းဘူးလားဗျာ” ဟုဆိုမိသည်။ ကျူရှင်ဆရာက “ကျွန်တော်တို့ မလွန်ပါဘူးဗျာ။ ကျွန်တော်တို့က နားချင်တာပေါ့။ မိဘတွေက အတင်းလာခေါ်နေကြတာ။ သူတို့က ပိုပြီးတက်ကြွနေကြတာ။ ဒီတစ်လလေးနားပါရစေဆိုတာလည်း မရဘူးဗျ” ဟု စိတ်ညစ် သည့်လေ သံ ဖြင့်ပြန်ပြောသည်။ ကျွန်တော်က “အဲဒါဆိုလည်းဗျာ။ ကျောင်းသားတွေ သင်မနေပါနဲ့။ အဲဒီတက်ကြွတဲ့ မိဘတွေပဲ သင်ပေးလိုက်ပါလား” ဟုရွဲ့ပြော ပြောလိုက်မိလေ၏။

လက်ဖက်ရည်ဆိုင်မှ ထလာခဲ့သည်တိုင် ကျွန်တော့်ခေါင်းထဲမှာ သည်ခေတ်ပညာရေးစနစ်နှင့် သည် ခေတ်မိဘများ ပညာရေးအားပေးပုံ အလွဲများကိုတွေးနေမိသည်။ တကယ်ဆိုလျှင် ကျွန်တော် သိသ လောက် ကိုးတန်းစာမေးပွဲတွေက မတ်လ ၇ ရက်ကမှပြီးခြင်းဖြစ်သည်။ ဆယ်တန်းကျူရှင်က မတ်လ ၁၀ ရက်ပြန်စသည်ဆိုတော့ ကလေးတွေခမျာ ကြားထဲနှစ်ရက်ပဲ နားခွင့်ရလိုက်ကြရသည်။ သူတို့တစ် တွေစိတ်ပါလက်ပါ ရှိကြပါမည်လား။ တစ်ရက်၊ နှစ်ရက်ကိစ္စမဟုတ်။ တစ်နှစ်လုံးသွားရမည့် ကိစ္စဖြစ် သည်။ ဘယ်လောက်ရည်မှန်းချက်ကြီးသည့် ကျောင်းသားဖြစ်ပါစေ။ တစ်လလောက်တော့ နားချင်ရှာ လိမ့်မည်။ ကိုးတန်းတစ်နှစ်လုံးလည်း ကျောင်းကြီးရော၊ ကျူရှင်ရော၊ ဂိုက်ရော ချာလပတ် လည်ယမ်း အောင်တက်ခဲ့ရပြီးပြီ။ မိဘတွေကဆယ်တန်းအတွက် အခြေခံကောင်းအောင်ဆိုပြီး အပြင်ကျူရှင် လည်းထား။ ကျောင်းမှာအဆင့်ကောင်းအောင်ဆိုပြီး အတွင်းဆရာတွေရဲ့ ကျူရှင်လည်းထား။ သည် ကြားထဲ ဂိုက်ကပါသေးပြန်သည်။ တစ်နှစ်လုံးမှာ အပန်းဖြေဗီဒီယိုရုပ်ရှင်ကြည့်ချိန်မရှိ။ ကာတွန်းစာ အုပ်ဖတ်ဖို့တောင် အချိန်မရှိ။ စိတ်ပါပါ၊ မပါပါ အချိန်ဇယားအတိုင်း စက်ရုပ်ကလေးလို လှုပ်ရှားခဲ့ရ သည်။ ဟော စာမေးပွဲပြီးလို့ နားရမည်မှမကြံသေး။ နောက်တစ်တန်းအတွက် ကျူရှင်တဲ့။

ကလေးတွေကိုကိုယ်ချင်းစာစိတ်ဖြင့် ကျွန်တော်ပြောခြင်းဖြစ်သည်။ ထိုအတက်ကြွလွန်နေသည့် မိဘများကိုကလေးတွေ လည်ပတ်နေရသည့် အချိန်ဇယားအတိုင်း နှစ်ရက်လောက်ပဲ တက်ခိုင်းကြည့် ပါ။ သူတို့တက်နိုင်မလားလို့။ ကျွန်တော်တို့အထက်တန်း ကျောင်းသားဘဝက ကျူရှင်တော့ရှိသည်။ သို့သော် ကျောင်းသားအများစု ကျူရှင်မယူကြ။ ဂိုက်ဆိုတာတော့ ကြားတောင်မကြားဖူးခဲ့။ ပညာရေး စနစ်ကလည်း ယခုလိုတစ်လတစ်ကြိမ်လောက် စာမေးပွဲစစ်နေသည့် စနစ်မဟုတ်။ သီတင်းကျွတ်တွင် တစ်ကြိမ်၊ ဒီဇင်ဘာမှာ တစ်ကြိမ်၊ နောက်အတန်းတင်စာမေးပွဲကြီး။ ဒါတောင်အတန်းတင် စာမေးပွဲကြီး ပြီးသွားချိန်၌ စိတ်ထဲမှာလွတ်လပ်ပေါ့ပါးသွားလိုက်ပုံက ဘာအရသာနှင့်မှမတူ။ တစ်နွေတွင်းလုံးကစား လိုက်၊ စာဖတ်လိုက်၊ တောကအမျိုးတွေဆီတစ်ပတ်၊ ဆယ်ရက်လောက်သွားလည်လိုက်။ ရန်ကုန်က အမျိုးတွေဆီသွားလည်လိုက်နှင့် အပူအပင်ကင်းလှသည်။ သင်္ကြန်လွန်ပြီး သိပ်မကြာခင် မိုးလေခပ်စိပ် စိပ်ရွာပြီဆိုလျှင် ကျောင်းတွေပြန်ဖွင့်တော့မည်ဟူသော အသိဖြင့်နွေရက်တွေ ကုန်ဆုံးသွားမှာကို စိုးရိမ် နေမိသေး၏။ သြော် အခုကလေးတွေမှာတော့ နွေလည်းမရှိ၊ မိုးလည်းမရှိ၊ တစ်နှစ်လုံးကျောင်းချည်းပဲ တက်နေရတော့၏။

မိဘတွေကတော့ ထင်ကောင်းထင်လိမ့်မည်။ သူတို့သားသမီးများ၏ အနာဂတ်ဘဝအတွက် အကောင်းဆုံးပြင်ဆင်ပေးခြင်းဟု။ မြန်မာနိုင်ငံ၏ လက်ရှိပညာရေးစနစ်အရလည်း တက္ကသိုလ်ဝင်တန်း အမှတ်ကောင်းမှ ယနေ့ခေတ်စားနေသည့် ရေကြောင်းတို့၊ ဆေးတို့တက်ခွင့်ရသည်။ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ ချင်းအတူတူကိုပင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် တက်ချင်လျှင်အနိမ့်ဆုံးအမှတ် ၄၀၀ ကျော် မှ ဖြစ်လိမ့်မည်။ သည်တော့ မိဘတိုင်းလိုလိုက သူတို့သားသမီးတွေ အမှတ်ကောင်းဖို့ အဓိက ဖြစ်နေ သည်။ ငွေကြေးတတ်နိုင်သည့် မိဘက မြို့ကြီးပြကြီးက ကိုယ်ပိုင်ကျောင်းတွေ၊ ဘော် ဒါကြီးတွေ ဆီပို့ကြသည်။ သူတို့လောက်မတတ်နိုင်သူများက ကိုယ့်နယ်မှာကိုယ် ကျူရှင်ကောင်းကောင်း ထားကြ သည်။ ဂိုက်ကောင်းကောင်း ငှားကြသည်။ အားလုံး၏ရည်မှန်းချက်များက ရေကြောင်း၊ ဆေး၊ အင်ဂျင် နီယာ၊ နိုင်ငံခြားဘာသာသိပ္ပံ။ သည်တက္ကသိုလ်များက မဆင်းကြ။ ကလေးများ၏ ရည်မှန်းချက် မဟုတ်။ မိဘများ၏ ရည်မှန်းချက် ဖြစ်သည်။

ကိုယ့်သားသမီး၏ ဉာဏ်ရည်ဉာဏ်သွေးမည်မျှရှိသည်၊ စိတ်ခံစားမှု မည်သို့ရှိသည်ကိုသိလည်းမသိ၊ စဉ်းလည်း မစဉ်းစား၊ နားလည်းနားလည်မပေး။ ကိုယ့်ဆန္ဒကို ရှေ့တန်းတင်ကာ သားသမီးများကို အတင်း အကျပ်ဖိအားတွေ ပေးတော့သည်။ သည်တော့မဖြစ်သင့်တာ ဖြစ်ကုန်တော့သည်။ ပြီးခဲ့သည့် နှစ် ကျောင်း ဖွင့်ရာသီအစက မိသားစုနှင့်ဝေးရာ မြို့ကြီးတစ်မြို့က ဘော်ဒါတစ်ခုမှာ ကျောင်းအိပ် ကျောင်းစားပို့ ထားသော အဋ္ဌမတန်းကျောင်းသူလေးတစ်ဦး အိမ်လွမ်းဝေဒနာဖြင့် ဆွဲကြိုးချ၍ကိုယ့် ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ ကျွန်တော်တို့မြို့မှ ရန်ကုန်ဘော်ဒါကြီး တစ်ခုသို့သွားထားသော ကျောင်းသား အချို့ နှစ်တစ်ဝက် မကျိုးမီပြန်ပြေးလာကြသည်။ ကျွန်တော်က အကျိုးအကြောင်း မေး ကြည့်တော့ သူတို့မောင်းသည့်ဒဏ်မချံနိုင်ဘူးဟု ပြော၏။ စာသင်နှစ်က တစ်ဝက်မကျိုးသေး။ သင်ခန်း စာတွေ အကုန်ကုန်သွားပြီဟု ဆိုသည်။ တစ်နှစ်စာကိုနှစ်တစ်ဝက်နှင့် ကုန်အောင်မည်သို့ သင်သလဲမ ပြော တတ်။ နောက်ပိုင်းအချိန်တွေမှာ နေ့တိုင်းနီးပါးစာမေးပွဲစစ်သတဲ့။ ထောင်ကျနေသလိုပဲဟု ထိုက လေး ကပြောပြသည်။ သြော် ပိုက်ဆံတွေ သိန်းချီပေးပြီး ကိုယ့်သားသမီးကိုယ်ထောင်ထဲထည့်သည့် မိဘတွေပါလားဟု ကျွန်တော်တွေးနေမိသည်။

စီးပွားရေးသမားကတော့ ကိုယ့်ကျောင်း၊ ကိုယ့်ဘော်ဒါ အောင်ချက်ကောင်းရေးအတွက် အစွမ်းကုန် မောင်း မည်ပင်။ အောင်ချက်ကောင်းမှ နာမည်ရမည်။ နာမည်ရမှ ကျောင်းသားများသည်။ ကြော်ငြာ တွေမှာ ဘယ်စာသင်နှစ်မှာ ဘယ်နှရာခိုင်နှုန်း အောင်မြင်သည်ဟု ကြော်ငြာနိုင်မည်။ မိဘများကစဉ်း စားချင့်ချိန်ရ မှာ ဖြစ်သည်။ ကိုယ့်သားသမီးအကြောင်းကို မိဘများထက်ဘယ်သူမှ ပိုမသိနိုင်။ ပကတိ အရှိထက် ပိုမတွက်မိဖို့ဘဲ လိုသည်။ ကိုယ့်သားသမီးက ဘော်ဒါများ၏မောင်းသည့်ဒဏ် ခံနိုင်ရည်ရှိ၊ မရှိ၊ ဝင်ခွင့် အမှတ်မြင့်သည့် တက္ကသိုလ်တွေကိုရနိုင်လောက်သည့် ဉာဏ်ရည် ဉာဏ်သွေး ရှိ၊ မရှိ။ ကိုယ့်ဘာသာကိုယ် စဉ်းစားချင့်ချိန်ရမှာ ဖြစ်သည်။ ငွေကြေးပံ့ပိုးနိုင်လျှင်လုံလာက်ပြီ အထင်ဖြင့်မစဉ်း စားဘဲ သူများပြောလျှင် ကောင်းနိုးနိုးနှင့် လျှောက်လုပ်တော့ ကြားထဲကကလေးတွေပဲ နစ်နာရသည်။

အသက်မရှိသည့်စက်များပင် ကြာကြာခိုင်းပြီးလျှင် အနားပေးရ၏။ အနားမပေးဘဲ တရစပ်မောင်းလျှင် စက်ပူပြီးမီးထလောင်တာမျိုးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ခဏခဏကြုံဖူးသည်။ တွေ့ဖူးသည်။ ကလေးများသည် စက်မဟုတ်ပါ။ အသွေးအသားရှိသည်။ နှလုံးသားရှိသည်။ ခံစားတတ်သည်။ သူတို့အရွယ်နှင့် သူတို့ခံစားမှုလေးတွေ ရှိလိမ့်မည်။ သူတို့ဝါသနာပါတာလေးတွေ ရှိလိမ့်မည်။ တစ်ခါ တစ်ရံသာတာဝန် ဖိစီးမှုမှမရှိဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေလိုသည့်အခါမျိုးလည်း ရှိချင်ရှိပါ လိမ့်မည်။ ဒါကိုဘာရည်မှန်းချက်မှလည်း မရှိဘူးဟု လူကြီးထောင့်က တွေးပြီးအပြစ်မပြောသင့်ပါ။ ကိုယ်ဖြတ်သန်းခဲ့သည့် လူငယ်ဘဝကိုပြန်စဉ်းစားပြီး နားလည်ပေးသင့်ပါသည်။

ကျွန်တော်တို့ခေတ်နှင့် သူတို့ခေတ် ရုပ်ပတ်ဝန်းကျင်ချင်းမတူတော့တာ မှန်ပါသည်။ သို့သော်လူငယ် သည် လူကြီအသေးစားများ မဟုတ်ပါ။ ဘယ်ခေတ်ကလူငယ်ပဲဖြစ်ဖြစ် လူငယ်လိုပဲတွေးပါလိမ့်မည်။ ကိုးတန်း၊ ဆယ်တန်းကလေးက ကိုးတန်း၊ ဆယ်တန်းလောက်ပဲ တွေးနိုင်ပါလိမ့်မည်။ အနာဂတ် ကို မျှော်မကြည့်ရကောင်းလားဟု အပြစ်ပြောနေခြင်းသည် လူကြီး၏မတရားမှုသာ ဖြစ်သည်။ သူတို့တစ် တွေ အနာဂတ်ကို မျှော်ကြည့်တတ်အောင်၊ စာအုပ်စာပေ၌ မွေ့လျော်တတ်သည့် ကလေးများဖြစ် အောင် ကိုယ်ကရောဘယ်လောက်လုပ်ပေးပြီးပြီလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်း စစ်ရမှာ ဖြစ်ပါသည်။ သူများဘော်ဒါပို့လို့လိုက်ပို့၊ သူများကျူရှင်ထားလို့လိုက်ထား၊ သူများဂိုက်ခေါ်လို့ လိုက်ခေါ်ပေးရုံဖြင့် ကျွန်တော်တို့ လူကြီးမိဘတွေ ကိုယ့်ကိုယ်ကိုယ် တာဝန်ကျေပြီဟု မယူဆစေချင်ပါ။

အခြေခံပညာကျောင်းတွေပြန်ဖွင့်ဖို့ အတော်လိုပါသေးသည်။ သည်ရာသီအပြင်မှာ နေကလည်း အရေး ပြားကမီးထတောက်မတက်ပူပါသည်။ အိမ်မှာသူတို့လွတ်လွတ်လပ်လပ် ဗီဒီယိုကြည့်ပါစေ။ အငြိမ့်ခွေ တွေကြည့်ပြီး အားရပါးရရယ်ပါစေ။ သင်္ကြန်မှာ ပျော်ပျော်ပါးပါး ရေပက်ကြ၊ ဆော့ကစားကြပါစေ၊ သည်တစ်လ နှစ်လနှင့်တော့ ဘဝမှာနောက်ကျမသွားနိုင်ပါဘူး။ နောက်ဆုံးပိတ်အနေဖြင့် ကျွန်တော် ပြောချင်သည်မှာ ကလေးများမှာလည်း နှလုံးသားရှိပါသည်ဟူ၍သာ။ ။

7Day Daily
No.334, March.24, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...