အိပ်မက်အမှိုက်ပုံး



အိပ်မက်ဆိုတာ တကယ်တော့ စိတ်အမှိုက်ပုံး တစ်ခုပါပဲ။ အကောင်အထည် ပေါ်မလာသေးတဲ့ စိတ်ကူး စီမံချက်တွေ၊ ဘယ်တော့မှ ပြည့်ဝလာနိုင်မှာ မဟုတ်တဲ့ ဆန္ဒတွေ၊ ကြိတ်မနိုင်ခဲမရ (မချိမဆံ့) ခံစားချက်တွေနဲ့ အတောင်ပေါက်လာမှာ မဟုတ်တော့တဲ့ မျှော်လင့်ချက်တွေဟာ အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အဲ့ဒီအမှိုက်ပုံးထဲကို ရောက်သွားကြတယ်။ အဲဒီ အမှိုက်ပုံးထဲကနေ တန်ဖိုးရှိတဲ့ တစ်စုံတစ်ရာကို ကောက်ရခဲ့ဖူးသူ ရှိပါသလား။

ဆင်မြူတေလာကိုးလရစ်ဆိုတဲ့ ရိုမန်တစ် ကဗျာဆရာဟာ ‘ကူဗလိုင်ခန်’ ဆိုတဲ့ ကမ္ဘာကျော်ကဗျာကို အိပ်မက်ထဲကနေ ကောက်ရခဲ့တယ်။ မာကိုနီဟာလည်း သူရဲ့ဆောင်းတွင်းအိပ်မက်ကို အကောင်အထည် ဖော်နိုင်တဲ့အတွက် ကြိုးမဲ့ကြေးနန်းတီထွင်သူ ဖြစ်လာတယ်။ အမှိုက်ပုံးထဲကို လွှင့်ပစ်ပြီးသား သူ့ရဲ့ပထမဆုံး စာမူကို ပြန်ပြီးကောက်ယူလိုက်ရာကနေ အေဂျေခရိုနင်ဟာ ကမ္ဘာကျော် စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။

ပူပြင်းလှတဲ့ နေရောင်အောက်မှာ ညစ်ပတ်ပေရေနေတဲ့ ကလေးတွေ အမှိုက်ပုံကြီးထဲမှာ (အဖိုးမတန်လှပေမယ့်) တစ်နေ့တာဝမ်းစာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပစ္စည်းကလေးတွေ ရှာနေကြတယ်။ ‘လက်ပတိုစပိုင်ရိုးစစ်’ (Leptopspirosis)လို အမှိုက်ပုံးထဲကနေ ဖိနပ်မပါတဲ့ ခြေထောက်တွေ ကို ဖောက်ဝင်တတ်တဲ့ပိုးကြောင့် ကလေးတစ်ယောက် ဆေးရုံမှာ သတိမရတစ်ချက် ရတစ်ချက် အဖျားတွေတက်လို့ တစ်ကိုယ်လုံး ၀ါထိန်နေခဲ့တယ်။ အိပ်မက်တွေထဲမှာ ကယောင်ကတမ်းနဲ့။

“မေမေရေ သားကို ဖိနပ်အသစ်ကလေး တစ်ရန်၊ ကျောင်းဝတ်စုံလေးတစ်စုံ၊ လွယ်အိတ်ကလေးတစ်လုံး ၀ယ်ပေးနော်။ မေမေရယ် သားကျောင်းပြန်တက်ချင်လိုက်တာ” တဲ့။

ဆင်းဆင်းရဲရဲနဲ့ ဆေးကျောင်းတက်ခဲ့ရတဲ့ (ဆရာဝန် ဖြစ်တော့မယ့်ဆဲဆဲ) အလုပ်သင် ဆရာဝန်မလေးရဲ့ မျက်လုံးထဲ မျက်ရည်တွေ ၀ဲလာတယ်။ အနားမှာရှိတဲ့ သူနာပြုဆရာမကြီးက “အို၊ ဆရာမလေးကလည်း လူတိုင်းအတွက် မျက်ရည်ကျပေးနေရမယ်ဆိုရင် ကိုယ့်အတွက် ကျစရာမျက်ရည်မှ ကျန်ပါတော့မလား” တဲ့။ ဆရာဝန်မလေး ဖျတ်ခနဲ သတိရသွားတယ်။ သူ့အိတ်ထဲမှာလည်း ပိုက်ဆံက အတော်နည်းနေပြီ။ သူ့အိမ်က ပိုက်ဆံမပို့သေးဘူး။ သူ့မျက်ရည်တွေ ဘယ်ရောက်ကုန်ပါလိမ့်။ သြော် သူလည်း ကျပ်ညပ်နေတဲ့ ဘတ်စ်ကားကို တိုးစီးပြီး ဘယ်လာချင်ပါ့မလဲ။ ဆရာဝန်ကြီးတွေလို ကိုယ်ပိုင်ကား အပျံစားနဲ့ ဆေးရုံကို လာချင်တာပေါ့။ ဆရာဝန်မလေး ညကျရင် ဘယ်လိုအိပ်မက်မျိုး မက်မှာလဲ။

ဂျွန်စတိန်းဘတ်ရဲ့ Of Mice And Men ၀တ္ထု ဇာတ်သိမ်းခန်းလေးကို ကြေကြေကွဲကွဲ သတိရမိတယ်။ အဲဒီဝတ္ထုထဲမှာ ဂျော့ဆိုတဲ့လူရယ်၊ သူ့သူငယ်ချင်း လင်နီရယ်ဟာ မြေယာအတည်တကျမရှိဘဲ လှည့်လည်လုပ်ကိုင် စားသောက်နေရသူ နှစ်ဦးပါ။ လင်နီက ဦးနှောက်ကျပ်မပြည့်ဘူး။ ကလေးကြီးလိုပဲ။ ယုန်ကလေးတွေကို ချစ်တတ်တယ်။ ယုန်အမွေးနုကလေးတွေကို ထိတွေ့ကိုင်တွယ်ရတာ သဘောကျတယ်။ သူဟာ မကြာခဏ သူ့အပိုင် မြေလေးတစ်ကွက်ရယ်၊ အိမ်ကလေးတစ်လုံးရယ် (အဲဒီအိမ်ကလေးမှာ ယုန်ကလေးတွေ မွေးထားတယ်) ကို စိတ်ကူးယဉ်အိပ်မက် မက်တတ်တယ်။

အိပ်မက်ဆိုတာ တကယ်တော့ စိတ်အမှိုက်ပုံးတစ်ခုပါပဲ။ အကောင်အထည် ပေါ်မလာနိုင်သေးတဲ့ စိတ်ကူးစီမံချက်တွေ၊ ပြည့်ဝမလာနိုင်သေးတဲ့ ဆန္ဒတွေ၊ ကြိတ်မနိုင်ခဲမရ (မချိမဆံ့) ခံစားချက်တွေနဲ့ အတောင်မပေါက်သေးတဲ့ မျှော်လင့်ချက်တွေဟာ အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အဲ့ဒီအမှိုက်ပုံးထဲမှာ . . . . .

ဂျော့က ကျပ်မပြည့်တဲ့ သူ့သူငယ်ချင်းကို သူ့ကြောင့် ဒုက္ခတွေအမျိုးမျိုး တွေ့ရပေမယ့် ညီအစ်ကိုရင်းချာ လို စောင့်ရှောက်ရှာပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ လင်နီဟာ (သူ့ဘာသာ ဘာလုပ်လို့လုပ်မိမှန်း မသိရှာဘဲ) ကြောက်အားလန့်အားနဲ့ အမျိုးသမီးတစ်ယောက်ကို သတ်လိုက်မိတယ်။ လင်နီရဲ့နောက် ကို ဒေါသထွက်နေတဲ့ လူအုပ်ကြီး လိုက်လာတယ်။ ဂျော့ဟာ လူအုပ်ကြီးရဲ့ ဖိအားပေးမှုကြောင့် သူ့သူငယ်ချင်းလင်နီကို သူကိုယ်တိုင်သတ်ရတော့မယ့် အနေအထားကို ရောက်လာတယ်။ လင်နီကတော့ ဘယ်နည်းနဲ့မဆို သေရမှာပဲ။ ဂျော့ကတော့ လင်နီကို သတ်ပစ်မှ အသက်ရှင်ခွင့်ရမယ်။ ဒါတွေကို လင်နီကတော့ မသိရှာပါဘူး။

ဂျော့က နောက်ကနေ လင်နီကိုပြောတယ်။

“ငါတို့ မြေကွက်လေးတစ်ကွက်ရအောင် လုပ်မယ်။ ငါတို့ နွားမတစ်ကောင် မွေးမယ်။ နောက်ပြီးတော့ ၀က်တစ်ကောင်နဲ့ ကြက်နည်းနည်းပါးပါး မွေးမယ်။ တို့ခြံဝင်းထဲမှာ မြက်ခင်းတစ်ခင်းလည်း ရှိမယ်။ (မြက်ခင်းက ‘ယုန်တွေအတွက်ပေါ့’ လို့ လင်နီက ၀င်ထောက်တယ်...) ပြီးတော့ ယုန်တွေကို ငါကကြည့်ရမယ်။ ပြီးတော့ ငါတို့နှစ်ယောက် ကိုယ့်မြေကိုယ့်ယာနဲ့ အေးအေးဆေးဆေးနေကြမယ်”

“ဒါပေါ့ကွာ” ဆိုပြီး လင်နီက နောက်ကိုလှည့်ကြည့်တယ်။

“နောက်ကို လှည့်မကြည့်နဲ့ လင်နီ။ မြစ်ဟိုဘက်ကမ်းကိုပဲ ကြည့်နေ။ တို့နေရမယ့် မြေကွက်ကလေး ကို မြင်လာလိမ့်မယ်”

လင်နီက သူ့သူငယ်ချင်းခိုင်းတဲ့အတိုင်း မြစ်တစ်ဘက်ကမ်းကို လှမ်းကြည့်ပြီး စိတ်ကူးယဉ် အိပ်မက်မက်နေ တယ်။ ဒါကြောင့် သူယုံကြည်အားကိုးနေတဲ့ သူ့သူငယ်ချင်းဂျော့က သူ့ကိုနောက်ကနေ သေနတ်နဲ့ ချိန်ထားတာ မသိရှာပါဘူး။ ဒီလိုနဲ့ လင်နီဟာ အိပ်မက်မက်နေရင်း သေဆုံးသွားခဲ့တယ်။

ညအိပ်ရာဝင်ခါနီး ကျွန်တော်က ဘွားဘွားကို ကန်တော့တဲ့အခါ ဘွားဘွားက “အိပ်မက်လှလှ မက်ပါစေ” ဆိုပြီး အမြဲတမ်းဆုပေးတတ်တယ်။ “အိပ်မက်ထဲမှာ သားသား မုန့်တွေအများကြီး စားရမှာလား ဘွားဘွား” လို့ ကျွန်တော်ပြန်ပြောတာကို အမှတ်ရနေမိတယ်။ (ကျွန်တော်ငယ်ငယ်က တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်စီလောက်သာခြားတဲ့ မောင်နှမတွေ အများကြီးနဲ့မို့ မုန့်ပဲသရေစာကို ဘယ်တော့မှ ၀၀လင်လင် မစားရပါဘူး) ဘွားဘွားကွယ်လွန်သွားတဲ့ အချိန်မှာ ကျွန်တော်ဟာ အကောင်အထည်မပေါ်တဲ့ စိတ်ကူးစီမံချက်၊ ဒါမှမဟုတ် ကြိတ်မနိုင်ခဲမရ (မချိမဆံ့) ခံစားချက်၊ ဒါမှမဟုတ် အတောင်ပေါက် မလာနိုင်တဲ့ မျှော်လင့်ချက်တစ်ခုအတွက် အဝေးကြီးက တစ်နေရာကို ရောက်နေ တာကြောင့် ဘွားဘွားကွယ်လွန်သွားတာတောင် သိခွင့်မရခဲ့ဘူး။ ကျွန်တော်သေရင် အိပ်မက်လှလှလေး မက်ရင်းနဲ့ပဲ သေချင်ပါတယ် ဘွားဘွားရယ်။

ကွန်ပျူတာထဲမှာ My Documents ဆိုတာကြီးကို ကျွန်တော်ဖွင့်လိုက်တယ်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ Folder ဒါမှမဟုတ် File လို့ခေါ်တာကြီးတွေ တစ်ပုံတစ်ခေါင်းကြီး ရှုပ်ယှက်ခတ်နေအောင် ပေါ်လာကြ တယ်။ အဲဒါတွေကို တစ်ခုချင်းစီ လိုက်ဖွင့်လိုက်ရင် စီမံချက်တစ်ခုစီကို ဖတ်ရမယ်။ အကောင်အထည် မဖော်ဖြစ်သေးတဲ့ စီမံချက်တွေ။ တကယ်တော့ အကောင်အထည်ဖော်ဖို့ရာ ဘယ်လိုနည်းနဲ့မှ ဖြစ်နိုင်ဖွယ် မရှိတော့တဲ့ စီမံချက်တွေပါ။ မဖြစ်နိုင်ဘူးဆိုမှတော့ ဒါတွေကို အလေးခံပြီး စက်ထဲမှာ ဘာကြောင့် သိမ်းထားတော့မှာလဲ။ အဲဒီထဲက စီမံချက်တစ်ခုကို Select လုပ်ပြီး Delete ခလုတ်ကို နှိပ်လိုက်တယ်။ သွားပေရော့။

ဒါပေမဲ့ ကျွန်ပျူတာဖန်သားပြင်ပေါ်မှာ ‘ဒါကို Recycle Bin ထဲပို့ချင်တာ သေချာရဲ့လား’ ဆိုတဲ့ စာတန်းပေါ်လာတယ်။ တော်တော်လျှာရှည်တာပဲ။ မလိုချင်လို့ပါ ဆိုမှတော့ ဖျက်ပစ်လိုက်ပေါ့။ မေးခွန်းတွေဘာတွေ လာမေးနေသေးတယ်။ အိုရှုပ်ပါတယ်၊ Shift+Delete နဲ့ အပြီးဖျက်ပစ်လိုက်ရင် အေးရော။ Recycle Bin တွေဘာတွေ လုပ်မနေတော့ပါဘူး။

အဲ့ဒီမှာ ကျွန်တော်တစ်ယောက် အေဂျေခရိုနင်ကြီးကို ဖျတ်ခနဲ သတိရလိုက်မိတယ်။ ခရိုနင်ကြီး က ရေးပြီးတော့မှ စိတ်ပျက်လက်ပျက်နဲ့ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တဲ့ သူ့ပထမဆုံး စာမူထုပ်ကြီးကို အချိန်မီ ပြန်ကောက်ယူလိုက်မိလို့သာ ကမ္ဘာကျော် စာရေးဆရာ ဖြစ်လာတာပဲ။ (အမယ်လေး၊ ဘုရား ... ဘုရား.. အမှိုက်သိမ်းကားလာတာ နောက်ကျသွားပေလို့သာပေါ့)

တစ်ခါတစ်ခါကျတော့လည်း ကျွန်တော်စဉ်းစားကြည့်မိတယ်။ အိပ်မက်အမှိုက်ပုံးဟာ Recycle Bin လို့ခေါ်တဲ့ လိုချင်ရင်ပြန်ပြီး ယူလို့ရတဲ့ အမှိုက်ပုံးများ ဖြစ်နေမလားပဲ။ အဲဒီလို စဉ်းစားမိတာကိုက ကျွန်တော်အိပ်မက်မက်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အိပ်မက်က ဘ၀ကို ပြန်လည် ရှင်သန်အောင် အသက်သွင်းပေးနိုင်တာမျိုး၊ ဒါမှမဟုတ် မေ့လျော့ခံထားရတဲ့ တစ်စုံတစ်ရာကို ပြန်သတိ ရအောင် နှိုးဆော်ပေးတတ်တာမျိုးတွေ ရှိပါတယ်။

အိပ်မက်ဆိုတာ တကယ်တော့ စိတ်အမှိုက်ပုံးတစ်ခုပါပဲ။ အကောင်အထည် ပေါ်မလာနိုင်သေးတဲ့ စိတ်ကူးစီမံချက်တွေ၊ ပြည့်ဝမလာနိုင်သေးတဲ့ ဆန္ဒတွေ၊ ကြိတ်မနိုင်ခဲမရ (မချိမဆံ့) ခံစားချက်တွေနဲ့ အတောင်မပေါက်သေးတဲ့ မျှော်လင့်ချက်တွေဟာ အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အဲ့ဒီအမှိုက်ပုံးထဲမှာ...။

Eleven Daily News
29 March 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...