အားလပ်ရက် ခရီးသွားခြင်း

ဧပြီလဟူသည်မှာ ပူပြင်းလှသည့် ရာသီဥတု ဖြစ်သည့်အပြင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ နှစ်သစ်ကူး ပွဲတော် ဖြစ်သည့် အတာသင်္ကြန်ပွဲတော် ကျင်းပသည့် ရာသီလည်းဖြစ်ရာ အခါသင်္ကြန်ရုံး ပိတ်ရက်ကို မည်သို့ အသုံးချမည်နည်း ဆိုလျှင် အချို့က ခရီးသွားရန် အားသန်ကြပါသည်။ ခရီးသွားသည် ဆိုရာ၌ မည်သည့်ခရီးကို သွားမည် ဆိုသည်ကို ချင့်ချိန် ရွေးချယ်ရန် လိုလာပါသည်။



ယခုလိုရာသီ အားလပ်ရက် ရှည်များတွင် ပူပြင်းသည့် ရာသီဥတုနှင့်လည်း လိုက်လျောညီထွေမှု ရှိနိုင်သော၊ ယခုနှစ် ရာသီအတွက် ခရီးသွားများ စိတ်အဝင်စားဆုံး ဖြစ်သော နေရာများကို ဖော်ပြလိုက်ပါသည်။

ခရီးသွားရာသီအတွက် ရှမ်းပြည်နယ်သည်လည်း ရွေးချယ်သင့်သည့် နေရာဒေသတစ်ခုဖြစ်ရာ ရှမ်းပြည် နယ် မြောက်ပိုင်းဆိုလျှင် မူဆယ်၊ လားရှိုး၊ ရွှေလီ စသည့်မြို့များမှာ ရာသီဥတု ပူပြင်းမှု သက်သာသကဲ့သို့ တရုတ်နယ်စပ်နှင့် နီးစပ်သဖြင့် ဈေးဝယ်ထွက်ရန်လည်း သင့်လျော်ကြောင်း ယင်းခရီးစဉ်များနှင့် ပတ်သက် ၍ ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ရှင်းပြသည်။

အဆိုပါ ဒေသကို ဈေးဝယ် ဝါသနာပါသူများ စိတ်ဝင်စားသည်သာမက ရာသီဥတု မျှတစွာ နေထိုင်နိုင်သဖြင့် လည်း ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ညီညွှတ်သော ခရီးတစ်ခုဖြစ်ရာ ခရီးသွားလုပ်ငန်း အချို့မှာ ဝန်ဆောင်မှုပေးသည့် အနေနှင့် ရာသီဥတု ကောင်းမွန်သော ပြင်ဦးလွင်၊ သီပေါစသည့် နေရာများနှင့် တန်ခိုးကြီးဘုရားများကိုပါ လိုက်လံပို့ဆောင်ပေးလျက် ရှိကြောင်း ပြည်တွင်းခရီးသွား ကုမ္ပဏီများက အပြိုင်အဆိုင် ကြော်ငြာကြသည်။

ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကလော စသည့် နေရာဒေသများမှာ လည်း ခရီးသွားများ စိတ်ကြိုက်ဖြစ်စေသည့် နေရာဒေသများ ဖြစ်ပြီး ရာသီဥတု အပူ၊ အအေး မျှတကာ ပင်းတယဂူနှင့် ဖောင်တော်ဦး စေတီတို့မှာ ပြည်ပခရီးသွားများသာမက ပြည်တွင်းခရီးသွားများ အတွက် လည်း အားလပ်ရက်တွင် ခရီးသွားရင်း ကုသိုလ်ယူ၍ ဖူးမြော်နိုင်သည့် အပြင် တပေါင်းလပြည့်နေ့တွင် ဖွင့်လှစ်သည့် အလောင်းတော်ကဿပ ဘုရားကိုလည်း ကြည်ညိုဖူးမြော်ရင်း ခရီးသွားနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။

အတာရေသင်္ကြန်ပွဲတော်တွင် ရေပက်ကစားခြင်းထက် ရာသီဥတု အေးမြပြီး အေးဆေး တည်ငြိမ် သည့် နေရာဒေသ၊ ဥပမာ- ပြင်ဦးလွင်ကဲ့သို့ နေရာများကို သွားရောက်လည်ပတ်ရန် ဆန္ဒရှိသူများအတွက် မန္တလေး၊ ပုဂံ-ညောင်ဦး၊ ပုပ္ပား၊ ပြင်ဦးလွင် ခရီးစဉ်များ ရှိသော်လည်း ပူပြင်းသည့် ရာသီဥတုဒဏ်ကြောင့် မန္တလေး၊ ပုဂံ-ညောင်ဦး၊ ပုပ္ပား ခရီးစဉ်ထက် ရှမ်းပြည်နယ် ခရီးစဉ်ကိုသာ ရွေးချယ်တတ်ကြောင်း ခရီးသွားကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

ရေကစားရင်း ပင်လယ်လေကောင်းလေသန့်နှင့် ကမ်းခြေအလှကို ခံစားရင်း အေးချမ်းသည့် ညအချိန်များ တွင် သက်သောင့်သက်သာ အနားယူ အပန်းဖြေနိုင်မည့် ပင်လယ်ကမ်းခြေ ခရီးစဉ်များမှာ ယခုလို ရာသီများတွင် ခရီးသွားများ အကြိုက်ဆုံး ဖြစ်သည်ဟု ဆိုရမည်။

သို့သော်လည်း လူစည်ကားခြင်း၊ တည်းခိုရန်နေရာ မလုံလောက်ခြင်း၊ တည်းခိုစရိတ်နှင့် အစားအသောက်စ ရိတ် ကြီးမြင့်ခြင်းများကြောင့် သွားရောက်လည်ပတ်ရန် သင့်လျော်သည့် နေရာဖြစ်လင့်ကစား စရိတ်ကြီးမြင့် သဖြင့် ဝင်ငွေနည်းသူများသွားရန် အဆင်မပြေသည့် နေရာမျိုး ဖြစ်သည်။

ထို့ကြောင့်လည်း သာမန်လူတန်းစားများပါ သွားရောက်လည်ပတ်နိုင်သည့် ကမ်းခြေကဲ့သို့ပင် ခံစားမှုမျိုး ပေးနိုင်မည့် ရန်ကင်းသာ (ယခင် ညောင်ချောင်းသာ) ကမ်းခြေမှာလည်း မိသားစုလိုက် ဖြစ်စေ၊ မိတ်ဆွေ အပေါင်းအသင်းများဖြင့် ဖြစ်စေ သွားရောက် လည်ပတ်နိုင်ပြီး တည်းခိုခ၊ ထိုင်ခုံခ၊ အစား အသောက်နှင့် ခရီးစရိတ်မှာ သက်သာမည်ဟု ဆိုနိုင်သည်။ ယခင်က မရှိခဲ့သော ကမ်းခြေ လုံခြုံရေးကို ပါ ရေကစားသူများ အန္တရာယ် မဖြစ်စေရေးအတွက် ဝန်ဆောင်မှု ပိုမိုပေးထားသည်ကို လည်း တွေ့မြင် ရကြောင်း ယင်းနေရာသို့ သွားရောက် လည်ပတ်ခဲ့သည့် ခရီးသွားတစ်ဦးက ပြောဆိုသည်။

ထပ်မံ၍ ခရီးသွားများ စိတ်ပါဝင်စားစွာ သွားရောက် လည်ပတ်လေ့ ရှိသည့် နေရာဒေသများမှာ မြစ်ကြီးနား၊ အင်းတော်ကြီးနှင့် မြစ်ဆုံဒေသများ ဖြစ်ပြီး ယင်းနေရာများမှာ မြစ်ဆုံဒေသ ဖြစ်သည့်အလျောက် ရာသီဥတုလည်း မျှတကြောင်း၊ ယခုချိန်တွင် ၎င်းမြစ်ဆုံ ဒေသမှာ ခရီးသွားများ လေ့လာ လည်ပတ်သင့် သည့် နေရာဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများက အကြံပြု ပြောကြားသည်။

ထို့အပြင် မော်လမြိုင်နှင့် ထားဝယ်၊ မြိတ်မြို့တို့မှာလည်း ခရီးသွားများအတွက် သွားရောက်လည်ပတ်ရန် စိတ်ဝင်စားဖွယ် ကောင်းသည့်နေရာများ ဖြစ်ပြီး ကျိုက္ခမီရေလယ်ဘုရားနှင့် မြန်မာနိုင်ငံ၏ အလှဆုံး ကမ်းခြေဖြစ်သည့် မောင်းမကန် ကမ်းခြေတို့တွင် အပန်းဖြေ အနားယူနိုင်မည် ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း တည်ရှိသော ထားဝယ်မြို့မှာလည်း သွားရောက်လည်ပတ်ရန် စိတ်ဝင်စား ဖွယ် ကောင်းသည့် နေရာမျိုးဖြစ်ရာ မောင်းမကန်ကမ်းခြေ တည်ရှိခြင်းအပြင် ရှင်ကိုးရှင်ဘုရားများ၊ သမိုင်းဝင် စေတီတော်များ၊ ပသျှူးကြောက်ဘုရားရှိ ရေခန်းခြောက်ခြင်း၊ ပိုမိုပြည့်လျှံခြင်း မရှိဘဲ မည်မျှပင် ခပ်၍ သောက်စေကာမူ နဂိုရေပမာဏအတိုင်း ရှိနေသော ကျောက်စရစ်အိုး အတွင်းရှိ ရေကြည် ကို နိုင်ငံခြားသားများ စိတ်ဝင်စားလေ့ ရှိသကဲ့သို့ ပြည်တွင်းခရီးသွားများ အနေနှင့်လည်း မြန်မာနိုင်ငံတွင်းရှိ ထိုကဲ့သို့ စိတ်ဝင်စားဖွယ် နေရာများကို လေ့လာလည်ပတ်သင့်ပြီး ရာသီဥတုမှာလည်း အပူအအေး မျှတကြောင်း ထားဝယ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ယခုလက်ရှိ ရာသီဥတုနှင့် ဆိုပါက ရှမ်းပြည်နယ်ဘက်သို့ ပို၍ လည်ပတ်သင့်ပြီး အပူဒဏ်ကြောင့် ပင်ပန်းနိုင်သဖြင့် ခရီးသွားသည့်အခါ သက်သောင့်သက်သာ ရှိစေမည့် နေရာမျိုး၊ ခရီးစဉ်မျိုးကို ရွေးချယ် သင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က အကြံပြု ပြောဆိုသည်။

သို့သော်လည်း ယခုလို အားလပ်ရက် ပြည်တွင်းခရီးသွားများအတွက် လုံခြုံရေး စီစဉ်ထားခြင်းမျိုး မရှိဘဲ နိုင်ငံခြားသားများအတွက် ကမ္ဘာလှည့်ခရီးသည် စောင့်ရှောက်ရေး အဖွဲ့ကိုသာ ထားရှိထားကြောင်း ဦးနောင်းနောင်းဟန်က ပြောကြားသည်။

နိုင်ငံခြားခရီးစဉ်များအတွက် ဆိုပါက ပြည်တွင်းမှ ခရီးသွားများ အများဆုံး သွားရောက် လည်ပတ်လေ့ ရှိသည့် နိုင်ငံများမှာ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူတို့ ဖြစ်ပြီး ဆယ်ရက်ကျော် လည်ပတ်နိုင်သည့် အိန္ဒိယနိုင်ငံ ဂါယာနှင့် မဇ္ဈိမဒေသ ခရီးစဉ်များကိုလည်း သွားရောက်မှု များပြားကြကြောင်း၊ ရက်တို လည်ပတ်ပါက တစ်နိုင်ငံ ခရီးစဉ်၊ ရက်ရှည် လည်ပတ်မည် ဆိုပါက သုံးနိုင်ငံ ခရီးစဉ်များကို ခရီးသွား လုပ်ငန်းများက စီစဉ်ထားကြောင်း ခရီးသွားကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ်တွင် နိုင်ငံခြားခရီးစဉ် သွားလာမှု နည်းပါးကြောင်း၊ ယခင်က ယခုလိုချိန်တွင် ကြိုတင် လေယာဉ် လက်မှတ်များ ကုန်လေ့ရှိသော်လည်း ယခုခရီးသည် မရသဖြင့် လေကြောင်းလိုင်းကြီးများ အပြိုင်အဆိုင် ဈေးကွက်ရှာ၍ ဝန်ဆောင်မှု ပေးနေရကြောင်း၊ ပြည်ပအထွက်နည်းပြီး ပြည်တွင်း လည်ပတ်မှု များသည်ဟု ဆိုနိုင်ကြောင်း၊ ပြည်ပသို့ လည်ပတ်မည် ဆိုပါက မြန်မာ ရေသင်္ကြန် ပွဲတော်ကဲ့သို့ပင် ကျင်းပလေ့ရှိသော ချင်းမိုင်ရေသဘင် ပွဲတော်ကိုလည်း သွားရောက် လည်ပတ်ရန် သင့်တော်ကြောင်း EVA AirLine မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယခုလို အားလပ်ရက်တွင် သွားရောက်လည်ပတ်သင့်သည့် ပြည်တွင်းနေရာဒေသများမှာ ခရီးသွားများ စိတ်ကြိုက် ရွေးချယ်နိုင်သော်လည်း ရာသီဥတုနှင့် ကိုက်ညီပြီး ကျန်းမာရေးအတွက် သက်သောင့်သက်သာ ရှိမှသာ ယခုလို အားလပ်ရက်ခရီးကို အကျိုးရှိစွာ အသုံးချနိုင်မည့် ခရီးတစ်ခု ဖြစ်နိုင်ပေမည်။

The Voice Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...