မြန်အောင်တွင်ရောင်းသည့် ငါးပိများ၌ အန္တရာယ်ရှိ ဆိုးဆေးများပါနေဟု ဧရာဝတီတိုင်း FDA ပြော


31 March 2014

ဧရာဝတီတိုင်း မြန် အောင်မြို့နယ်အတွင်း ဖြန့်ချိ ရောင်းချနေသော ငါးပိများတွင် ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေသောဆိုးဆေး Rohdamine -B ပါဝင်နေသည်ဟု ဧရာဝတီ တိုင်းဒေသကြီး အစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှသတင်းရရှိသည်။

လုပ်ငန်းရှင်ငါးဦးတင်သွင်း ဖြန့်ချိသော ငါးပိအမျိုးအစား ၁၇ ခုကိုစစ်ဆေးရာ Rohdamine-B ဆိုးဆေး အသုံးပြုထားသော အမျိုးအစား ၁၆ ခု စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်း FDA မှ ဒေါက်တာပြည့်ဖြိုး က ပြော သည်။

‘‘မြန်အောင်ငါးပိက ဒေသ ထွက်အရင်းအမြစ်မဟုတ်ပါဘူး။ အကြမ်းဖျင်းပြောရရင် ပုသိမ်နဲ့ သင်္ဃန်းကုန်း ဘက်ကလာတာ များတယ်။ မူလလုပ်တဲ့နေရာမှာပဲ ဆိုးဆေးသုံးသလား၊ ဒါမှမဟုတ် ကုန်သည် လက်ထဲရောက်မှဆိုး သလားဆိုတာပြောလို့မရပါဘူး။ အစားအသောက်တွေမှာ အခုလို တွေ့တဲ့ ဆိုးဆေးကို ခွင့်မပြုထား ပါဘူး။ ကင်ဆာဖြစ်စေတဲ့အဆိပ် အတောက်ရှိလို့ပါ’’ ဟု ဒေါက်တာ ပြည့်ဖြိုး ကပြောသည်။

Rohdamine-B ဆိုးဆေး သည်ကင်ဆာဖြစ်စေသောဓာတ် ရှိသဖြင့် ကုန်ပစ္စည်းများတွင် အသုံးပြုပါက အဆိုပါဆိုးဆေး အသုံးပြုထားကြောင်းသတိပေး စာပါရှိရမည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက သတိပေးမှုပြု လုပ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ် ကွဲရေးဦးစီးဌာန (FDA) ကို ယခုနှစ်ဖေဖော်ဝါရီ အတွင်း ဖွဲ့ စည်းပုံအရ ဝန်ထမ်းအင်အား ၁၅ ဦးဖြင့် ပုသိမ်မြို့၌ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Author: ရဲနောင်
7DAY DAILY NEWS

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...