Online Payment စနစ်မရှိသေးခြင်းကြောင့် ပြည်တွင်း Online Shoppping စီးပွားရေးလုပ်ငန်းများ မတွင်ကျယ်

အတွဲ (၁၅)၊ အမှတ် (၁၄)


ပြည်တွင်း၌ လုပ်ငန်းတွင်ကျယ်မှု များပြားလာသည့် အင်တာနက်ပေါ်မှ ဈေးဝယ်နိုင်သောအွန်လိုင်းရှော့ပင်း စီးပွားရေးလုပ်ငန်းများသည် Online Payment စနစ်ကို မကျင့်သုံးနိုင်ခြင်းကြောင့် ဝယ်ယူသူ များနှင့် ငွေပေးချေရေးကိစ္စများကို ဆောင်ရွက်သည့်အခါတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

အဆိုပါ အင်တာနက်ပေါ်မှ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို မှာယူသူများထံ သို့ ရောင်းချသည့်အခါတွင် လက်ရှိ ငွေပေးချေရသည့်စနစ်ကြောင့် အဆင်မပြေဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ လုပ်ကိုင်နေသော အွန်လိုင်းရှော့ပင်းလုပ်ငန်းများသည် အင်တာနက်စာမျက်နှာပေါ်မှတစ်ဆင့် ကုန်ပစ္စည်းများကို မှာယူသည့် ဝယ်ယူသူများထံသို့ ပစ္စည်းပို့ဆောင်ပေးသည့်အချိန်မှ ကျသင့်သည့် ငွေပမာ ဏကိုရရှိကြခြင်းက လုပ်ငန်းဆောင်ရွက်မှုပိုင်းကို အခက်ကြုံရခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အဆိုပါ လုပ်ငန်း လုပ်ကိုင်ကြသူတချို့က ဆိုသည်။

“အခုနောက်ပိုင်းဆို ဝယ်ယူသူတွေထဲက တချို့က ကြိုက်လို့မှာယူပြီးသားပစ္စည်းတစ်ခုကို သူတို့ထံ အရောက်သွားပို့တဲ့အချိန်မှ မကြိုက်ပါဘူးဆိုပြီး ငွေမရှင်းတာတွေရှိလာပါတယ်။ ဒါကဘာမှားနေတာလဲ ဆိုရင် ကျွန်မတို့ဆီမှာ အွန်လိုင်းကနေ ငွေတစ်ခါတည်းရှင်းနိုင်တဲ့စနစ်တွေ လုံးဝမရှိသေးတာကြောင့်ပါ” ဟု Fashion City Online Shopping လုပ်ငန်းလုပ်ကိုင်နေသည့် မပန်သူက ပြောသည်။

အင်တာနက်ပေါ်မှ ဈေးဝယ်ယူနိုင်သည့် စီးပွားရေးလုပ်ငန်းများသည် ပြီးခဲ့သည့် နှစ်လယ်ပိုင်းမှစတင်ကာ သိသိသာသာ ပေါ်ထွက်လာကြခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် အဆိုပါလုပ်ငန်းများမှာ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် အရေအတွက် နှစ်ဆယ်နှင့်အထက် ရှိလာပြီဖြစ်သည်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအနည်းငယ် ရရှိလာခြင်းနှင့်အတူ အဆိုပါ အွန်လိုင်းရှော့ပင်း စီးပွားရေး လုပ်ငန်းများ ပိုမိုများပြားလာခြင်းဖြစ်သော်လည်း အင်တာနက်ပေါ်မှ ငွေပေးချေနိုင်သည့် Online Payment စနစ်များ ပြည်တွင်း၌ မရှိသေးခြင်းက ယင်းလုပ်ငန်းများကို အခက်ကြုံစေရခြင်းဟု သိရသည်။

“ပစ္စည်းကို အပြင်မှာမြင်ရမှ ငွေမချေတာတွေရှိတယ်။ ကျွန်မတို့တွေဘက်ကလည်း ဝယ်ယူသူတွေက အင်တာနက်ပေါ်ကနေပြီး ကြိုက်ပါတယ်ဆိုပြီး မှာယူထားတာတွေကိုအတည်ပြုပြီး တစ်ဖက်အလုပ်လုပ် တဲ့နိုင်ငံကို လှမ်းမှာရတာပါ။ အဲ့ဒီလိုအခက်အခဲတွေဖြစ်လာရင် ကျွန်မတို့ဘက်က ဆုံးရှုံးရတာတွေ ရှိပါတယ်” ဟု Celebrities Online Shopping လုပ်ကိုင်နေသူတစ်ဦးကလည်း ဆိုသည်။

ယင်းကဲ့သို့ ပြဿနာများရှိခြင်းကြောင့် တချို့သော အွန်လိုင်းရှော့ပင်းလုပ်ငန်းများသည် ပစ္စည်းမှာယူသူများကို ဘဏ်မှတစ်ဆင့် ငွေကြိုတင်လွှဲစေသည့်စနစ်များကို ကျင့်သုံးနေရကြောင်း သိရသည်။

“အလုပ်ပိုပြီးကြန့်ကြာတာပေါ့။ Online Payment စနစ်တွေ ဒီမှာရှိရင်အရမ်းကောင်းမှာပါ။ ဒီလို အင်တာနက်ပေါ်ကနေ လုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေက လုပ်ရတာကောင်းမွန်ပေမယ့် ဒီလိုနည်းပညာ ပိုင်း အခက်အခဲတွေရှိနေလို့ တွင်ကျယ်သင့်သလောက်တော့ မတွင်ကျယ်သေးပါဘူး” ဟု အထက်ပါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ပြည်တွင်း၌ အင်တာနက်ပေါ်မှ ငွေပေးချေနိုင်သည့် Online Payment စနစ်ကို အသုံးပြုနိုင်ရန်အ တွက် ကောင်းမွန်သည့် အင်တာနက်ဝန်ဆောင်မှုနှင့် မိုဘိုင်းဖုန်းကွန်ရက်များက အဓိကျပြီး အဆိုပါစနစ်ကို ဘဏ်များနှင့် စနစ်တကျ ချိတ်ဆက်ထားနိုင်မှုတို့က အရေးကြီးကြောင်း ကွန်ပျူတာ ပညာရှင်အချို့ က ပြောကြားသည်။

ယင်းကဲ့သို့ အင်တာနက်ကို အခြေပြုရသည့် နောက်ဆုံးပေါ်စီးပွားရေးလုပ်ငန်းများအတွက် အဓိကကျသည့် ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအစိုးရဘက်မှ အဆင်သင့်မဖြစ်သေးကြောင်းလည်း အထက်ပါ ကွန်ပျူတာပညာရှင်များက သုံးသပ်ကြသည်။

ယုဇနကိုကို
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...