သေဆုံးခဲ့သူတို့၏ ဆံပင်များကို ပန်ဆင်ထုံးဖွဲ့လေ့ရှိသည့် မိုင်ယိုလူမျိုးစုများ



တရုတ်နိုင်ငံမှ မိုင်ယိုလူနည်းစု တိုင်းရင်းသားများ၏ ဓလေ့ထုံးစံသည် အမျိုးသမီးများ၏ ထူးခြားသော ဆံပင်ထုံးဖွဲ့မှုကြောင့် လူသိများလေ့ ရှိကြသည်။ မိုင်ယို အမျိုးသမီးများသည် ကြီးမားသည့် ကိုင်းတံကြီးများ ကို ဦးခေါင်းနောက်ဘက်တွင် ထားရှိကာ ဆံပင်ရှည်ကြီးများကို ဖီးသင်ထုံးဖွဲ့ကြသည်။ အထူးသဖြင့် ရိုးရာပွဲတော်များနှင့် အထိမ်းအမှတ် ကာလများတွင် ယင်းကဲ့သို့ လေးလံကြီးမားသည့် ဆံပင်အပြင်အဆင် ကို ပြုလုပ်ကြသည်။ ပို၍ ဆန်းကြယ်သော အချက်မှာ ထိုဆံပင်ရှည်များသည် ဆံပင်တုများဖြင့် ပေါင်းစပ် ထားပြီး ယင်းဆံပင်တုများသည်လည်း သေဆုံးသွားပြီးဖြစ်သည့် ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်တို့ ထံမှ ဖြတ်တောက်ယူငင်ထားခြင်းဟု သိရသည်။



ထို့ကြောင့် ဦးချိုရှည်များဟု တင်စားခေါ်ဝေါ်ခံရပြီး လူဦးရေ (၅၀၀၀)မျှသာ ကျန်ရှိတော့သည့် မိုင်ယိုတို့သည် လူသေဆံပင်ကို ပန်ဆင်သူများဟု သတ်မှတ်နိုင်မည် ဖြစ်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂွီဇူးဒေသရှိ လူပန်ရှူမြို့အနီးမှ ဆူအိုဂျီရာ ကျေးရွာတွင် နေထိုင်လျှက်ရှိသည်။ မိုင်ယိုအမျိုးသမီးများသည် မိခင်မှ သမီးထံသို့ အဆိုပါ ဆံပင်များကို တရိုတသေ လက်ဆင့်ကမ်း ထိန်းသိမ်းစေခဲ့ကြသည်။ လူသေတို့ထံမှ ရယူထားသော ဆံပင်များကို ကောင်းစွာ ဆေးဆိုးပြီး မပျက်မစီးအောင် ထိန်းသိမ်းကာ ဂုဏ်ယူစရာ အဆင်တန်ဆာတို့အဖြစ် ဝတ်ဆင်လေ့ ရှိကြသည်။



“မိုင်ယိုတွေက ပွဲလမ်းသဘင်တွေမှာ ခုလိုဆံပင်ထုံးဖွဲ့မှုမျိုး လုပ်တတ်ကြပါတယ်။ ရိုးရာဓလေ့ အရ ယောက်ျားတချို့လည်း ဒီလို အဆင်အပြင်မျိုး လုပ်တတ်ကြတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက အဓိကပေါ့။ ခုချိန်မှာတော့ မိုင်ယိုတွေရဲ့ အစဉ်အလာကို ထိန်းသိမ်းတဲ့ ဓလေ့က လျော့ကျစ ပြုလာပါပြီ”ဟု ယင်းလူမျိုးစုများကို လေ့လာနေသည့် ပညာရှင် ရှုတူးက ပြောကြားခဲ့သည်။ မိုင်ယိုအမျိုးသမီးများသည် သမီးများ အရွယ်ရောက်လာ၍ အိမ်ထောင်ပြုသည့်အခါ ထိန်းသိမ်းထားသည့် ဆံပင်များကို အမွေအဖြစ် လွှဲအပ်ပေးပြီး မိခင်များ သေဆုံးချိန်တွင်လည်း သမီးများက ဆံပင်ကို အမြတ်တနိုး သိမ်းယူထားလေ့ ရှိကြောင်း သိရှိရသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...