ရိုးရှင်းပျော်ရွှင်ဖွယ် မင်္ဂလာပွဲမျိုးကို မျှော်လင့်နေသည့် ဘားရက်ဖယ်လီ



သူမအနေဖြင့် ရိုးရှင်းပြီး ပျော်စရာကောင်းသည့် လက်ထပ်ပွဲတစ်ခုကို စိတ်ကူးယဉ် မျှော်လင့်နေမိကြောင်း ဘားရက်ဖယ်လီက ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၂၈)နှစ် အရွယ်ရှိ စူပါမော်ဒယ်လ်သည် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် အဒီအက်ဇ်ရာနှင့် ဆက်နွယ်မှု ရှိနေသော်လည်း သူမ၏ အချစ်ရေးကို မည်သည့်အခါကမျှ လူသိရှင်ကြား ဝန်မခံခဲ့ချေ။ သို့သော်လည်း ယခုအခါတွင်မူ သူမသည် အချစ်ရေးနှင့် ပတ်သက်၍ အလေးအနက် စဉ်းစားတွေးတောနေပြီဖြစ်ကြောင်း ဘားက ဖွင့်ဟလာခဲ့သည်။ အစ္စရေး အလှမယ်ကို သတင်းထောက်များက အိမ်ထောင်သည်ဘဝ ထူထောင်ရန် အစီအစဉ်ရှိမရှိ မေးမြန်းရာ ဘားက သူမ၏ စိတ်ကူးများကို ဝေမျှခဲ့ခြင်း ဖြစ်သည်။



“ဒီမေးခွန်းကို ကျွန်မဖြေတဲ့အခါ ကျွန်မရဲ့ ရည်းစားကလည်း ကြားချင်မှာပဲ။ အဖြေကတော့ Yesပါပဲ။ ကျွန်မရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး မျှော်လင့်ထားရှိတဲ့ အိပ်မက်က သိပ်ကိုရိုးစင်းပါတယ်။ လူတွေအများကြီး ဖိတ်စရာမလိုဘူး။ သိပ်ကြီးကျယ် ခမ်းနားတဲ့ နေရာမျိုး မဖြစ်လည်းရတယ်။ မြက်ခင်းပြင်လို နေရာမျိုး မှာ ခြေဗလာနဲ့ ဖြစ်နေလည်း ဖြစ်တယ်။ အဓိကကျတာက ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ကြည်နူးစရာ အခိုက်အ တန့်လေးမျိုး ပိုင်ဆိုင်ဖို့ပါပဲ”ဟု ဘားက ဖွင့်ဟခဲ့သည်။ ဘားသည် ယခင်က နာမည်ကျော် ဟောလီးဝုဒ် မင်းသား လီယိုနာဒို ဒစ်ကာပရီယိုနှင့်လည်း တွဲခဲ့ဖူးသည်။

သူမက အချစ်ရေးနှင့် ပတ်သက်ပြီးမူ “ကျွန်မမှာ ချစ်သူရှိတယ်ဆိုတာ ငြင်းကွယ်နေစရာ အကြောင်းမရှိ ပါဘူး။ သူက ကျွန်မဘဝထဲမှာ သိပ်အရေးပါတဲ့ လူတစ်ယောက်ပါ။ ကျွန်မတို့ချင်း လက်ထပ်ဖို့ ကိစ္စ သေ ချာတော့ မဆွေးနွေးရသေးဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မချစ်သူက Romanticဖြစ်ပါတယ်။ သူ့မျက်လုံးတွေကို စူးစိုက်ကြည့်မိတိုင်း ကျွန်မ ကျေနပ်ပျော်ရွှင်နေတတ်တယ်။ ဒါနဲ့တင် ကျွန်မတို့အတွက် လုံလောက်ပါပြီ” ဟု ပြောဆိုသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...