အစိုးရပံ့ပိုးမှု အားနည်းခြင်းကြောင့် ဝန်ကြီးဌာနအများစု eGovernment စနစ်နှင့် အလှမ်းဝေးနေဆဲဖြစ်

photo:google

မြန်မာအစိုးရရုံးဌာနများသည် eGovernment စနစ်ကို အသုံးချမှုနည်းပါးနေဆဲဖြစ်ပြီး ယင်းစနစ်ကို အသုံးပြုရန်အတွက် ဘတ်ဂျက်လိုအပ်ချက်များလည်း ရှိနေသည်ဟု နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ဝန်ကြီးဌာနအချို့မှ စုံစမ်းသိရသည်။

အစိုးရအနေဖြင့် အီလက်ထရွန်နစ်စနစ် အစိုးရလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန်အတွက် တရားဝင် သတင်းစာရှင်းလင်းပွဲများဖြင့် ပြောကြားထားခြင်းများသော်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု အထက်ပါ အစိုးရရုံးဌာနများမှ သိရသည်။

ယင်းကဲ့သို့ အစိုးရပိုင်းတွင်ပင် eGovernment စနစ်ကို တွင်ကျယ်စွာ အသုံးမချနိုင်ခြင်းကြောင့် အများပြည် သူနှင့် ထိတွေ့လုပ်ကိုင်ရသည့် လုပ်ငန်းများအပါအဝင် ရုံးလုပ်ငန်း ဆောင်ရွက်မှု အဆင့်တိုင်း တွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ရသည်ဟု အစိုးရဝန်ထမ်းများထံမှ စုံစမ်းသိရသည်။

“ဘတ်ဂျက်ရှိမှ ဒါကိုအကောင်အထည် ဖော်နိုင်မှာပါ။ အီလက်ထရွန်နစ်စနစ်ကို အခြေခံပြီးသွားတဲ့ လုပ်ငန်းစဉ်တစ်ရပ်လုံးက စာရွက်စာတမ်းတွေနဲ့ချည်းပဲ ဖြစ်နေသေးတယ်ဆိုတာ အိမ်နီးချင်းနိုင်ငံ အချို့ထက်တောင် နောက်ကျနေပြီ။ တစ်ရုံးလုံးမှာ ကွန်ပျူတာအနည်းအကျဉ်းလောက်နဲ့ အီလက်ထရွန်နစ် အစိုးရစနစ်ကို မသွားနိုင်ပါဘူး” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အစိုးရရုံးဌာနအများစု eGovernment စနစ်နှင့် အလှမ်းဝေးနေဆဲဖြစ်သော်လည်း အချို့သော ဝန်ကြီးဌာန များသည် အဆိုပါစနစ်ကို အကောင်အထည် ဖော်နေပြီဖြစ်သည်။ အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ “တချို့ဝန်ကြီးဌာနတွေဆိုရင် အီလက်ထရွန်နစ်အစိုးရစနစ်ကို အကောင်အထည်ဖော်တာမှာ ရှေ့ ကိုတော်တော်လေး ရောက်နေတာတွေ့ရတယ်။ မြို့တော်စည်ပင်ကဌာနတွေဆို လုပ်နေကြပါပြီ။ ဒီစနစ်နဲ့ဝေးနေဆဲ ဝန်ကြီးဌာနတွေလည်း တော်တော်လေး ကျန်သေးတယ်။ အစိုးရဘက်က ပံ့ပိုးမှုက အရေးကြီးတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနအချို့ တော်တော်လေး ရှေ့ရောက်နေတယ်ဆိုတာက အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကိုသွားနေတဲ့ လမ်းကြောင်းရဲ့ အားသာချက်လို့ ပြောနိုင်ပါတယ်” ဟု စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က သုံးသပ်ပြောကြားသည်။

အစိုးရပိုင်းအနေဖြင့် eGovernment လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တွန်းအားပေးမှုများ ရှိနေသော်လည်း အစိုးရကိုယ်တိုင် ပါဝင်ကူညီမှု အားနည်းလွန်းနေသည်ဟု ပြည်တွင်းကွန်ပျူတာ ပညာရှင်အချို့ က ထောက်ပြဝေဖန်ကြသည်။

“အောက်ခြေက ဝန်ထမ်းတွေကပဲ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်ချင်နေလို့ မရပါဘူး။ အထက်က ပံ့ပိုးပေးမှ အကောင်အထည်ဖော်နိုင်မှာပါ။ အခုအချိန်ထိတော့ လုပ်ငန်းပိုင်းတွေ နှောင့်နှေးနေတုန်းပါပဲ။ လူတွေက အရင်ကထက် အချိန်ပေးရတာတွေ များလာကြတယ်။ လုပ်ငန်းအဆင့်တိုင်း စာရွက်စာတမ်းနဲ့ချည်း သွားနေ မယ်ဆို တိုးတက်ပြောင်းလဲမှုဆိုတာ အဝေးကြီးမှာပဲရှိနေဦးမှာပါ” ဟု မြန်မာနိုင်ငံ၏ eGovernment စနစ် လုပ်ငန်းအောင်မြင်ရန်အတွက် ကွန်ပျူတာနယ်ပယ်ရှိ ပုဂ္ဂလိကအသင်းအဖွဲ့များမှ လုပ်ငန်းရှင်၊ ပညာရှင်များ က ဦးဆောင်၍ အသိပညာပေးခြင်း၊ ဟောပြောခြင်းများကို ပြုလုပ်ပေးခြင်းကြောင့်သာ အစိုးရဝန်ထမ်းများ အနေဖြင့် ယင်းစနစ်အကြောင်း ယခင်ကထက် သိရှိခွင့်ရရှိကြခြင်းဖြစ်သည်ဟု အထက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းအချို့ကဆိုကြသည်။

“နိုင်ငံကူးလက်မှတ်တစ်ခါလုပ်တာ အခုအချိန်အထိ ကြာတုန်းပဲ။ ဒါတောင် ကြားထဲက အဆင့်တွေ လျှော့ပေးလိုက်လို့။ ကွန်ပျူတာနဲ့ မဖြစ်မနေလုပ်ရမယ့်နေရာမှာ ဝန်ထမ်းငါးယောက်လောက်မှ ကွန်ပျူတာနှစ်လုံးလောက်ပဲ ရှိတာတွေ တွေ့နေရတယ်” ဟု အစိုးရရုံးဌာနများ၏ စာရွက်စာတမ်းစနစ်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတာဝန်ယူထားသော အစိုးရအဖွဲ့သည် နိုင်ငံတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်မှုများရှိနေသော်လည်း အဓိကအရေးကြီးသည့် eGovernment စနစ်အောင်မြင်ရန်အတွက် လိုအပ်သည့် အိုင်စီတီအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားခြင်း အားနည်းလွန်းသည် ဟု ပြည်တွင်းကွန်ပျူတာ ပညာရှင်အချို့က ထောက်ပြဝေဖန်ကြသည်။

ယုဇနကိုကို
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...