ဝမ်းရေး Vs ဂုဏ်သိက္ခာ - မြန်မာအိမ်အကူ

ဝမ်းရေးနှင့် ဂုဏ်သိက္ခာ မည်သည့်အရာက မြန်မာအမျိုးသမီး အိမ်အကူများအတွက် အရေးကြီးပါသ နည်း။ မြန်မာအမျိုးသမီး အိမ်အကူများကို ပြည်ပနိုင်ငံများသို့ တရားဝင် စေလွှတ်သဖြင့် ပြစ်တင်ပြောဆို ခံနေရပြီး တစ်ဖက်တွင်လည်း အိမ်အကူအဖြစ် တရားဝင် သွားရောက် လုပ်ကိုင်ခွင့်ပြုရန် တရားဝင် တောင်း ဆိုနေသည့် အစွန်းနှစ်ခုကြားတွင် လွန်ဆွဲနေရကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။



ယင်းလွန်ဆွဲမှုများ အကြားတွင်ပင် ဟောင်ကောင်သို့ မြန်မာအမျိုးသမီး အိမ်အကူ ဒုတိယအသုတ် ၃၈ ဦးကို ထပ်မံစေလွှတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

“မူအရတော့ လွှတ်ရမယ်။ လုံခြုံမှုကိုတော့ သူတို့က (စေလွှတ်ခွင့်ရ အေဂျင်စီ) အပြည့်အဝ တာဝန်ယူပြီး သား” ဟု ဦးမျိုးအောင်က ပြောဆိုသည်။

မလုံခြုံမှု၊ နှိပ်စက်ခံရမှု၊ ဂုဏ်သိက္ခာ ကျဆင်းမှု စသည့်တို့ကြောင့် မြန်မာလူထု လက်သင့်ခံမှု နည်းပါးသော် လည်း ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ မြန်မာအမျိုးသမီးများကို စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီး နောက်ထပ် ခြေလှမ်းသစ်အဖြစ် ယခုနှစ် နှစ်ဆန်းပိုင်း တွင် ဟောင်ကောင်သို့ စတင် စေလွှတ်ခဲ့သည်။

စင်ကာပူနိုင်ငံသို့ အိမ်အကူ စေလွှတ်ရန် စတင်ခွင့်ပြုခဲ့သူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမောင်မြင့်က အောက်ပါအတိုင်း ပြောဆိုဖူးသည်။
“အရင်က အိမ်အကူ၊ Sex Worker၊ ဖျော်ဖြေရေး လုပ်ငန်းတွေကို မူဝါဒ ချမှတ်ပြီးတော့ တရားဝင် ခွင့်ပြုတာ မရှိတဲ့အတွက် အကာအကွယ် မပေးနိုင်ခဲ့ဘူး။ Domestic Support Worker (အိမ်အကူ) က ဘေးထွက် ဆိုးကျိုး နည်းတယ်လို့ ယူဆလို့ ခွင့်ပြုတာ”

လွှတ်သင့် မလွှတ်သင့်

ပြည်ပနိုင်ငံများသို့ အိမ်အကူအဖြစ် လုပ်ကိုင်ရန် မြန်မာအမျိုးသမီးများကို စေလွှတ်သင့်လား မသင့်လား စသည့် အမြင်အမျိုးမျိုး၊ ဝေဖန်မှု အမျိုးမျိုး ရှိနေကြသည်။

အိမ်အကူများကို တရားဝင် ခွင့်ပြုချက်ဖြင့် စေလွှတ်ပါက အကာအကွယ် ပေးနိုင်သဖြင့် ကောင်းမွန်သည့် လုပ်ရပ်ဟု ပြောဆိုသူက စင်ကာပူနိုင်ငံ အခြေစိုက် Humanitarian Organization for Migration Economics (HOME) မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဒေါက်တာသိန်းသန်းဝင်း ဖြစ်သည်။ ယခင်က အိမ်အကူများကို ပြည်ပသို့ စေလွှတ်မှုအတွက် တရားဝင် ခွင့်ပြုခြင်း မရှိသော်လည်း အလည်အပတ် ဗီဇာများဖြင့် တရားမဝင် လာရောက်လုပ်ကိုင်နေကြပြီး တရားဝင် မဟုတ်သဖြင့် အကာအကွယ် မဲ့နေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ သို့သော်လည်း တရားဝင် ခွင့်ပြုပါက အိမ်အကူများကို လုပ်ငန်းခွင် အကြိုသင်တန်း ပေးရမည်ဖြစ်ပြီး အိမ်အကူ စေလွှတ်သည့် နိုင်ငံနှင့် လက်ခံသည့် နိုင်ငံ နှစ်နိုင်ငံအကြား အလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်များ သဘောတူညီချက်များကို သေသေချာချာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အိမ်အကူ စေလွှတ်ခွင့်ရ အေဂျင်စီများက လုံလောက်သည့် သင်တန်းပေးရန်နှင့်၊ ရသင့်သည့် အခွင့်အရေးများကို သိရှိနားလည်အောင် လုပ်ဆောင်ပေးရန်မှာလည်း အရေးကြီးကြောင်း ဒေါက်တာ သိန်းသန်းဝင်းက ဆိုသည်။

ပြည်ပသို့ အိမ်အကူ စေလွှတ်မှုအတွက် တရားဝင် ခွင့်ပြုခြင်းကို ကောင်းမွန်သည်ဟု ပြောဆိုသူများ ရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း အိမ်အကူ လွှတ်ခြင်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းစေပြီး မြန်မာအမျိုးသမီးများ ကိုလည်း ဖျက်ဆီးရာ ကျသည်ဟု ရှုမြင်သူများလည်း ရှိသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံတွင်း နေထိုင်သော်လည်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ လုပ်ခလစာ နိမ့်ပါးမှုတို့ကြောင့် ငွေအတွက် လမ်းမှား ရောက်သွားနိုင်ပါက ယင်းထက်ဆိုးသော အခြေအနေမျိုး ဖြစ်ပွားနိုင်သည်ကို ထောက်ချင့်ရန် လိုအပ်ကြောင်း ပြောဆိုနေမှုများလည်း ရှိသည်။

အလုပ်နားရက် ဖြစ်သည့် တနင်္ဂနွေနေ့မျိုးတွင် လူအများအပြား သွားလာသည့် နေရာများတွင် မြန်မာ အိမ်အကူများသည် အဝတ်အစား မတော်မလျော် ဝတ်ဆင်ကာ နေထိုင်ခြင်းမျိုးကဲ့သို့ အနေအထိုင် မတတ်မှု တို့ကြောင့် မြန်မာနိုင်ငံသားများ အရှက်ရစရာ ဖြစ်နေကြောင်း စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ အဖြစ် ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင်လည်း စင်ကာပူသို့ မကြာခဏ သွားလာနေသူ တစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသမီးများသည် အိမ်အကူအလုပ်ကို နိုင်နိုင်နင်းနင်း လုပ်ကိုင်နိုင်ကြောင်း စင်ကာပူနိုင်ငံ အနေနှင့် မှတ်ယူသွားပါက မြန်မာဆိုလျှင် နောင်တွင် ဖိလစ်ပိုင်နိုင်ငံကဲ့သို့ အိမ်ဖော် တင်ပို့သည့် နိုင်ငံအဖြစ် သတ်မှတ်လိုက်မည်ကို စိုးရိမ်ကြောင်း၊ အိမ်အကူများ ရရှိသည့် လုပ်ခမှာလည်း မိသားစု ထမင်းမငတ် ရုံသာ ထောက်ပံ့နိုင်မည် ဖြစ်ပြီး ယင်းငွေကြေးနှင့် မြန်မာဂုဏ်သိက္ခာကို မကျဆင်းစေလိုကြောင်း ၎င်းက ဆိုသည်။

“နှစ်သိန်းလောက် မပြည့်တဲ့ (မိသားစုကို ထောက်ပံ့မှု) ပိုက်ဆံနဲ့ မြန်မာအမျိုးသမီး တစ်ရပ်လုံး အိမ်ဖော် ဆိုတဲ့နာမည် အတပ်ခံရမှာ။ ဒါကို နိုင်ငံတော်က တာဝန်ရှိသူတွေက သတိမူမိဖို့ လိုတယ်” ဟု အဆိုပါ အင်ဂျင်နီယာက ပြောဆိုသည်။

မြန်မာဆိုပါက စင်ကာပူနိုင်ငံသို့ အင်ဂျင်နီယာကဲ့သို့ ကျွမ်းကျင်အဆင့် ရှိသူများသာ သွားရောက် လုပ်ကိုင်ခဲ့ကြသော်လည်း ယခုနေရာတိုင်းတွင် အိမ်အကူများကို တွေ့မြင်လာရကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အိမ်အကူသည် စင်ကာပူတွင် အနိမ့်ဆုံး လူတန်းစားဖြစ်ပြီး စင်ကာပူ သက်ကြီးလူများသည် အိမ်အကူများကို လက်မထပ်ဘဲ တနင်္ဂနွေ (အားလပ်ရက်) ဇနီးသည်အဖြစ် ပေါင်းသင်းနေထိုင်ခြင်း၊ ဝင်ငွေကောင်း နိုင်ငံခြားသားများကလည်း အိမ်အကူ မိန်းကလေးများကို တနင်္ဂနွေရည်းစား လုပ်ကြကြောင်း ဧပြီလ ၃ ရက်နေ့ထုတ် The Voice Daily ပါ ဆောင်းပါးရှင် ဇော်အောင် ရေးသားသည့် “နှစ်ဆခွဲခန့် များပြားလာသော ၂၀၁၄ စင်ကာပူ မြန်မာများအကြောင်း” ဆောင်းပါးတွင် ဖော်ပြထားရှိသည်။

တရားမဝင် နည်းလမ်းဖြင့် သွားရောက်လုပ်ကိုင်သူများသည် အလုပ်ရရှိရန် ပွဲစားကို လုပ်အားခ ခြောက်လ စာမှ ရှစ်လစာ (စင်ကာပူဒေါ်လာ ၂၄၀၀ မှ ၃၂၀၀) အထိ ပေးရပြီး အလုပ် အဆင်မပြေ၍ နောက်အလုပ် တစ်ခု ထပ်ပြောင်းပါက နှစ်လစာ ထပ်ပေးရကြောင်း၊ အားလပ်ရက်တွင် မနားရသည့် အပြင် လုပ်အားခ မရဘဲ အလုပ်လုပ်ပေးရခြင်း အပြင် ရိုက်နှက်ခံရမှု၊ အခြားနေအိမ်တွင်ပါ ခိုင်းစေခံရမှု၊ လိင်ပိုင်းဆိုင် ရာ စော်ကားမှု၊ ဆဲဆိုခံရမှု စသည့် အခွင့်အရေး ချိုးဖောက်မှုများကို စင်ကာပူရောက် မြန်မာအိမ်အကူများ အများဆုံး ခံစားရကြောင်း ဒေါက်တာသိန်းသန်းဝင်းက ဆိုသည်။ အလုပ်ရှာပေးသူသည် စင်ကာပူ ဥပဒေအရ လုပ်သားထံမှ အများဆုံး နှစ်လစာသာ ယူခွင့်ရှိသည်။

နောက်ကျောလုံရေး

ကန့်ကွက်ရှုတ်ချမှုများ ရှိသော်လည်း ပကတိအခြေအနေတွင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာအမျိုးသမီး အိမ်အကူများမှာ ထိုင်းနိုင်ငံတွင် နှစ်သိန်းခန့်၊ စင်ကာပူတွင် သုံးသောင်းကျော်နှင့် အခြားနိုင်ငံ အချို့တွင်လည်း ရောက်ရှိလျက် ရှိသည်။ ယင်းအိမ်အကူများ လုံခြုံမှုနှင့်၊ အခွင့်အရေး အပြည့်အဝ ရရှိကာ လုပ်ကိုင်နိုင်ရေးမှာ လွန်စွာ အရေးကြီးသည်။ အိမ်အကူများအတွက် ကြုံတွေ့ရလေ့ ရှိသည့် အိမ်တွင်း အကြမ်းဖက်ခံရမှု ဖြစ်သည့် မုဒိမ်းမှု၊ ရိုက်နှက်ခံမှုများ၊ ညှဉ်းပန်းနှိပ်စက်ခံရမှု၊ သူခိုးယူ စွပ်စွဲမှု စသည့် ပြဿနာများကလည်း ဒုနှင့်ဒေးပင်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံတွင် ကရင်မိန်းကလေးငယ် တစ်ဦးကို အိမ်ရှင်က ခွေးလှောင်အိမ်ထဲ ထည့်ကာ ရေနွေးပူလောင်း နှိပ်စက်ခဲ့သဖြင့် အရေပြား၊ ကြွက်သားများ ပျက်စီးခြင်း၊ အရေးပြားတွဲဆက်ကာ လက်နှစ်ဖက်လုံး မြှောက်မရသည့်အထိ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကလည်း ပြည်ပရောက် မြန်မာအိမ်အကူများ အကြမ်းဖက်ခံရမှု အန္တရာယ်ကို မီးမှောင်းထိုးပြခဲ့သည်။ အထူးသဖြင့် အိမ်ဖော်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် နိုင်ငံမျိုးဆိုပါက ပိုမိုသတိထားရမည် ဖြစ်သည်။

“သူတို့က တံခါးပိတ်ပြီး နေရတာ။ အထဲမှာ ဘာဖြစ်နေတယ် ဆိုတာကို ဘယ်သူမှ မသိဘူး။ အဲဒါကြောင့် သက်ဆိုင်ရာနိုင်ငံ သံရုံးတွေက မျက်ခြည်မပြတ် စောင့်ကြည့်ရမယ်” ဟု ဖွံ့ဖြိုးရေး ဘာသာရပ်ကို လေ့လာ သူတစ်ဦးက အကြုံပြုသည်။

စင်ကာပူရောက် မြန်မာအိမ်အကူများသည် ဘာသာစကား အားနည်းမှု၊ အိမ်တွင်း အထောက်အကူပြု သင်တန်းများ ပေးထားခြင်း မရှိမှုတို့ကြောင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အိမ်အကူများထက် လုပ်ခနည်းသည့်အပြင် လုပ်ငန်းရှင်များလည်း ကြိုက်နှစ်သက်မှု နည်းကြောင်း၊ လုပ်ခလစာမရမှု၊ အခွင့်အရေး ချိုးဖောက်ခံရမှု၊ နှိပ်စက်ခံရမှုတို့ကြောင့် ထွက်ပြေးနှုန်းကလည်း မြင့်တက်နေကြောင်း စင်ကာပူသတင်းများတွင် ဖော်ပြကြသည်။

စင်ကာပူတွင် အလုပ်ရှင်က နှိပ်နင်းခိုင်းခြင်း၊ အထပ်မြင့်တိုက်များတွင် ပြတင်းမှန်များ သုတ်ခိုင်းခြင်း၊ အခြားသော အိမ်၊ ဆိုင်၊ ရုံးတို့တွင် ခိုင်းစေခြင်း မပြုရဟု ဥပဒေအရ တိတိကျကျ သတ်မှတ်ထားသော်လည်း အလုပ်ရှင်အချို့က ချိုးဖောက်သဖြင့် အိမ်အကူများ ဒုက္ခရောက်နေကြောင်း ဒေါက်တာသိန်းသန်းဝင်းက ဆိုသည်။ ထိုင်းနိုင်ငံတွင်လည်း အိမ်အကူများသည် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် အကျုံးမဝင်သဖြင့် အနည်းဆုံး လုပ်အားခ၊ တစ်ရက် ရှစ်နာရီ အလုပ်ချိန် စသည့် အခွင့်အရေးများကို မရရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) မှ ဒါရိုက်တာ ဦးစိန်ဌေးက ဆိုသည်။

“အလုပ်ရှင်နဲ့ အဆင်ပြေတဲ့သူ ဆိုရင် အလုပ်အဆင်ပြေတယ်။ မပြေတဲ့သူဆိုရင် ပင်ပင်ပန်းပန်း လုပ်ရတယ်” ဟု ၎င်းက ရှင်းပြသည်။

ဟောင်ကောင်သို့ ပို့လိုက်သည့် မြန်မာအိမ်အကူ ၁၉ ဦးအနက် ၂ ဦးမှာ ကျန်းမာရေး မကောင်း၍ ပြန်လာ ခဲ့ရသည်မှအပ အိမ်အကူ တရားဝင် စေလွှတ်မှုကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိသေးသည့် အပြင် စင်ကာပူနိုင်ငံသို့ တရားဝင် စေလွှတ်ထားသည့် အိမ်အကူ တစ်ရာကျော်မှာလည်း ပြဿနာ တစ်စုံ တစ်ရာ ဖြစ်ပွားခြင်း မရှိသေးကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။

အိမ်အကူလွှတ်တော့ ဘာရမှာလဲ

တရားဝင် ခွင့်ပြုချက်ဖြင့် စေလွှတ်ပါက အကာအကွယ်များ ပေးနိုင်မည် ဆိုသော်လည်း မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် အကြောင်းအရင်း တစ်ခုက အိမ်အကူ စေလွှတ်ပါက မည်သည့် အကျိုးရှိမည်နည်း ဆိုသည့် မေးခွန်းပင်။ နောက်ထပ် စဉ်းစားရမည့် အချက်က အကြမ်းဖက်မှု အန္တရာယ်နှင့်ရင်း၍ လုပ်ကိုင်ရမည်ဖြစ်ရာ ပြန်ရသည်ကား ထိုက်တန်မည့်ကား ဆိုသည့် အချက်ပင်။
အိမ်အကူဆိုသည့် အလုပ်အကိုင်မျိုးမှာ ငွေရရုံ တစ်ခုတည်းအတွက် လုပ်ကိုင်ရသည့် အလုပ်ဖြစ်ပြီး အတတ်ပညာနှင့် မိခင်နိုင်ငံ ပြန်လာပါက ပြန်လည် အသုံးချနိုင်သည့် အတတ်ပညာနှင့် ကျွမ်းကျင်မှု ရရှိသည့် လုပ်ငန်းမျိုး မဟုတ်ပေ။

“ပြည်ပကို သွားတယ်ဆိုတာက ပညာ၊ အတွေ့အကြုံ မရဘူးဆိုရင် မထူးဘူး။ အတွေ့အကြုံနဲ့ ပညာရတဲ့ လုပ်ငန်းဆိုရင် ကောင်းတယ်” ဟု ဖွံဖြိုးရေး ဘာသာရပ်ကို လေ့လာသူတစ်ဦးက ပြောကြားသည်။
ယင်းအကြောင်းအရာများကြောင့် အိမ်အကူများသည် အချိန်ကာလ တစ်ခုထိသာ လုပ်ကိုင်သင့်ပြီး ရရှိသည့် လုပ်အားခဖြင့် မိသားစုကို ထောက်ပံ့သည့်အပြင် နေရပ်ပြန်လာပါက လုပ်ငန်းတစ်ခု အကောင်အ ထည် ဖော်နိုင်ရန် အရင်းအနှီးကို စနစ်တကျ စုဆောင်းထားသင့်ကြောင်း ၎င်းက အကြုံပြုသည်။

“နှစ်အကြာကြီးကျတော့ မကောင်းဘူး။ ဘယ်လောက်အတွင်း ပြန်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖို့ လိုတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောဆိုသည်။

အမြစ်တွယ်အနာ

အိမ်အကူ လုပ်ငန်းသည် မိခင်နိုင်ငံသို့ ပြန်လာပါက ပြန်လည် အသုံးချနိုင်သည့် လုပ်ငန်းမျိုး မဟုတ်သဖြင့် ကာယကံရှင်နှင့် နိုင်ငံအတွက်ပါ အကျိုးအမြတ်များမည့် လုပ်ငန်းမျိုး မဟုတ်ပေ။ သို့သော်လည်း အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်နေသည့် လမ်းကြောင်း ပိတ်ပင်လိုက်မည် ဆိုပါကလည်း ပြည်တွင်း တွင် အလုပ်အကိုင် မဖန်တီးပေးနိုင်သေးသဖြင့် တရားမဝင် လမ်းကြောင်းမှာ ဆက်လက် ပန်းပန်နေ ဆဲ ဖြစ်နေမည် ဖြစ်ကြောင်း ရွှေ့ပြောင်းရေးရာ ကျွမ်းကျင်သူများက ပြောဆိုကြသည်။

ပြည်ပသို့ ဦးနှောက်ယိုစီးမှု ရပ်ဆိုင်းသွားပြီး ပြည်တွင်းသို့ ပြန်ပြောင်းစီးလာရေးအတွက် အရေးကြီးသည့် အချက်မှာ ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်းတီးပေးရေး ဖြစ်သည်။ အလုပ်အကိုင် ဖန်တီးရေးမှာ စီးပွားဖွံဖြိုးရေးနှင့် တိုက်ရိုက်အချိုးကျနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင် ရာတွင် လုပ်သားအများစုကို အလုပ်အကိုင် ဖန်တီးပေးသည့် လုပ်ငန်းများကို အဓိထား လုပ်ဆောင်ရ မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ပညာရှင်များက သုံးသပ်ကြသည်။

လုပ်အားခ ကွာဟမှု၊ ပြည်တွင်းတွင် အလုပ်အကိုင် မဖန်တီးပေးနိုင်မှု စသည်တို့ကြောင့် အိမ်အကူ အပါအဝင် လူသားအရင်းအမြစ်များသည် ပြည်ပနိုင်ငံများတွင် ရွှေ့ပြောင်းနေကြ၍ မြန်မာနိုင်ငံတွင် လုပ်သားအင်အား ရှားပါးလာသဖြင့် လယ်ယာကဏ္ဍမှ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသို့ ကူးပြောင်းရာတွင် ဖြစ်စေ၊ စက်မှုကဏ္ဍ တိုးတက်ရေးတွင် ဖြစ်စေ၊ လယ်ယာကဏ္ဍ တိုးတက်ရေး တွင် ဖြစ်စေ အခက်အခဲ ရှိလာနိုင်ကြောင်း စီပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက မှတ်ချက်ပြုသည်။ အခြားနိုင်ငံများက ပြည်ပသို့ ဆရာဝန်၊ အင်ဂျင်နီယာ၊ အိုင်တီစသည့် ပညာရှင်များ တင်ပို့နိုင်မှုသည့် ယင်းနိုင်ငံများ၏ လူသားအရင်းအမြစ် မည်မျှ လုပ်ဆောင်နေသည်ကို ဖော်ပြနေပြီး စီးပွာရေးပို့ကုန် တင်ပို့ရာတွင်လည်း တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်တင်ပို့သော နိုင်ငံများသာ ချမ်းသာ ကြွယ် ဝပြီး မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ တင်ပို့ရသည့် အခြေအနေတွင်သာ ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာက ပြည်ပသို့ ဆရာဝန်၊ အင်ဂျင်နီယာ၊ အိုင်တီပညာရှင်များ တင်ပို့နေချိန်တွင် မြန်မာနိုင်ငံက အိမ်အကူ တင်ပို့နေရသည့် အဆင့်တွင် ရှိနေခြင်းကို ဒေါက်တာအောင်ကိုကိုက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“အိမ်ဖော်ပို့တယ် ဆိုတာက နိုင်ငံတစ်ခုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မျက်နှာစာ တစ်ခုအနေနဲ့ ဖော်ပြ လိုက်တာပေါ့”။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...