နှစ်သစ်မှာ..စိတ်ဓါတ်ခွန်အားကြွက်သားတွေ(Willpower Muscle)ကို လေ့ကျင့် ကြရအောင်…



Willpower လို့ ကျနော်တို့ သိနေတဲ့ စိတ်ဓါတ်ခွန်အား (မိမိကိုယ်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း-Self-Control) ဆိုတာကလဲ ကျနော်တို့ ကိုယ်ထဲက အခြား ကြွက်သား တွေ လိုပဲ..တဲ့ ။ မလေ့ကျင့်ပဲ နေရင် တဖြေးဖြေး အားနဲ လာတတ်သလို ..ပုံမှန် လေ့ကျင့် နေရင်လဲ ပိုပိုအားကောင်းလာ၊သန်မာ လာတတ်တာမျိုး..တဲ့။ ဒီ အားကောင်းတဲ့ စိတ်ဓါတ်ခွန်အားကြွက်သားတွေ ကို သုံးပြီး ဘ၀ မှာ အောင်မြင်အောင် လုပ်နိုင် တယ်။ အောင်မြင်တဲ့ သူတွေမှာ စိတ်ဓါတ်ခွန်အားကြွက်သား(Willpower Muscle)တွေ. .အလွန် အားကောင်းကြတာတွေ့ ရတယ်.. လို့  Heidi Grant Halvorson က သူမရဲ့  “အောင်မြင်သူတွေ လုပ်လေ့ ရှိတဲ့. . အခြားသူတွေနဲ့ မတူတဲ့ အချက် ၉ ချက်” (9 things successful people do differently)ဆိုတဲ့ စာ အုပ်ထဲမှာ ပြောထားတယ်။ သူမဟာ ကိုလမ်ဘီယာတက္ကသိုလ်က လူမှုရေး စိတ်ပညာရှင်။ ”အောင်မြင်ရေး” အကြောင်းအရာတွေ ရေးသား၊ဟောပြော မှုတွေ နဲ့ ကျော်ကြားတဲ့ သူပါ။

ကျနော် တို့ဘ၀ မှာ တချို့ အရာတွေဟာ မကောင်းဘူးလို့ သိပေမဲ့  .ကျနော်တို့ ကိုယ့် ကိုယ်ကို မထိန်းချုပ် နိုင်တာမျိုး တခါတလေ ရှိကြမှာပါ။ ဥပမာ..ဆေးလိပ်သောက်တာ၊အရက်သောက်တာ မကောင်းမှန်း သိတာတောင်ဖြတ်ဖို့  ခက်တာမျိုး ။ ကိုယ်ကသိပ်ဝ နေလို့ weight လျှော့ ရမယ် လို့ စိတ်ထဲ ကသိတာတောင်.. ကိုယ်ကြိုက်တဲ့အစာ တွေ့ ရင် တ၀ စားပစ်တာမျိုးပေါ့ ။ facebook ကို သိပ်မကြည်တော့ ဘူး.. ဆိုပေမယ့် မကြာမကြာ ကြည့် ဖြစ်နေတာလဲ ပါ မှာပေါ့ ။တချို့ ကိစ္စတွေ ကျတော့ လုပ်သင့်တယ်၊မလုပ်ဖြစ်တာ။ဥပမာ..တနေ့ တနာရီလေ့ ကျင့် ခန်း လုပ်သင့်တယ်။ တနေ့ ကို နာရီဝက်လောက်တော့ . .အင်္ဂလိပ်စကားပြောလေ့လာသင့်တယ်..ဆိုတာမျိုးပေါ့ ။ဒါပေမယ့် ပုံမှန် မလုပ်ဖြစ်ဘူး။ဒါတွေဟာ ..ကျနော်တို့ ရဲ့ Willpower စိတ်ဓါတ်ခွန်အား အားနဲ နေသေးတယ်၊ စိတ်ဓါတ်ခွန်အား ကြွက်သားတွေ ကို လေ့ကျင့် ဖို့လို နေသေးတယ်ဆိုတာ ပြနေတာ..တဲ့။ စိတ်ဓါတ်ခွန်အား ကြွက်သားတွေကလဲ ကိုယ်ပေါ် ကြွက်သားတွေလို လေ့ကျင့် လို့ ရတယ်တဲ့ ။

သူမ ရဲ့ စာအုပ်ထဲ မှာ စိတ်ဓါတ်ခွန်အား ကြွက်သားတွေ အားကောင်းအောင် ဘယ်လို လုပ်ရမယ်. ဆိုတာဒီ လို ပြောပြထားတယ်..

(၁)မိမိ ပြောင်းလဲချင်တဲ့ အရာတခု(စိတ်ကလုပ်ချင်နေတယ်၊မလုပ်တော့ ဘူးလို့ ဆုံးဖြတ်ထားတဲ့  အရာတခု။ ဥပမာ.. အရက်လုံးဝမသောက်ဘူးဆိုတာမျိုး..)ကို စလုပ်ကြည့် ပါ။ အစမှာ..လက်လျှော့  ချင်စိတ်ပေါ်လာလိမ့်မယ်။လုံးဝ လက်မလျှော့  ပါနဲ့ ..တဲ့။

(၂)တချိန်မှာ အကြောင်းအရာတခုပဲ ထိန်းချုပ်ဖို့ လုပ်ပါ။ ၂ ခု ၊၃ခု တပြိုင်ထဲ လုပ်မိရင် မအောင်မြင်တတ် ဘူး.. တဲ့။

(၃)ပြန်ပြန်လုပ်ချင်စိတ်ပေါ်လာရင်ဘယ်လို ရင်ဆိုင်မယ် ဆိုတာ ပြင်ဆင်ထားပါ..တဲ့ ။ အဲဒီမှာ သူ အကြံပေးတာက.. ပြန်လုပ်ချင် စိတ်ပေါ်လာရင် မလုပ်တော့ဘူး..ဆိုတာလောက်က မအောင်မြင်တတ်ဘူး တဲ့  ။ဘာလို့ လဲ ဆိုတော့ …ဥပမာ ..အရက်မသောက်တော့ဘူး ဆိုပြီး စိတ်ထဲ မှာ ရေရွတ်နေတာက.. အရက်ကို သတိရနေစေတယ်တဲ့ ။ကောင်းတာက ..သောက်ချင်စိတ်ပေါက်လာရင် ဘာလုပ်မယ် .. ဥပမာ. .စာအုပ်တစ်အုပ်ဖတ်နေမယ် ။ လေ့ကျင့်ခန်းလုပ်မယ် စတဲ့  .Replacement plan တခု ထားတာက ပို အောင်မြင်တယ်.. တဲ့ ။

ကဲ…..နှစ်သစ်မှာ..ကျနော်တို့ရဲ့ စိတ်ဓါတ်ခွန်အားကြွက်သား (Willpower Muscle) ဖွံ့ ဖြိုးအောင်..လေ့ကျင့်  ခန်းစ လိုက်ကြရအောင် …

အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..

ဒေါက်တာအောင်မျိုး
(၁၇-၄-၂၀၁၄)
MP4U

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...