မန္တလေးတွင် တရုတ်နိုင်ငံသား ၄၀ ကျော် ပြည်နှင်ဒဏ်ပေး

မန္တလေး၊ မေ ၂၉

တရုတ်နိုင်ငံသား တရားမဝင် ဝင်ရောက်နေထိုင်မှု များသော မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလအတွင်း တရားမဝင် နေထိုင်သည့် နိုင်ငံခြားသား ၄၈ ဦးကို ပြည်နှင် ဒဏ် ပေးခဲ့ရာ တရုတ်နိုင်ငံသား ၄၅ ဦး ပါဝင်ကြောင်း အဆိုပါ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။



အဆိုပါ တရားမဝင် နေထိုင်သူများသည် သတ္တုတွင်းများ၊ ရွှေတွင်းများ၊ တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ် ကိုင်နေသော စက်ရုံ၊ အလုပ်ရုံများအပြင် မန္တလေးမြို့ပေါ်များတွင်ပါ ပြောင်ကျကျ နေထိုင်ခြင်းများ ရှိနေရာ ယင်းတရားမဝင်နိုင် လာရောက် နေထိုင်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက လဝက အက် ၇ (၁) ဥပဒေအရ တွေ့ရှိသည့် နေရာမှ နေရပ်သို့ ပြန်လည် ပို့ဆောင်သကဲ့သို့ လဝက အက် ၇ (၂) အရ တရားစွဲဆို တင်ပို့၍ ပြစ်ဒဏ်ကျခံစေပြီး နေရပ်သို့ ပြန်လည် ပို့ဆောင်ခြင်း များ ဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“တရုတ်လူမျိုးတွေ အများဆုံးပဲ၊ အချို့လုပ်ငန်းရှင်တွေက ဘယ်ကိုမှ အကြောင်းမကြားဘဲ ကိုယ့်သဘောနဲ့ ကိုယ် နိုင်ငံခြားသားတွေကို လက်ခံထားတာတွေ ရှိပါတယ်။ ဒီလိုစက်ရုံ အလုပ်ရုံတွေကို စိစစ်တွေ့ရှိ ရင် တွေ့ရှိမှုပေါ် မူတည်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြပြီး လုပ်ငန်းလိုင်စင်ပါ ရုပ်သိမ်းတဲ့အထိ အရေးယူ အပြစ်ပေးလို့ ရပါတယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ယင်းကဲ့သို့ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်မှုများနှင့် ပတ်သက်၍ အရေးယူခံရပါ က တရုတ်ကောင်စစ်ဝန်ရုံးမှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ် က မေလ ၂၆ ရက်နေ့တွင် မီဒီယာများကို ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသာမက မည်သည့်နိုင်ငံသို့မဆို တရားဝင် သွားရောက် နေထိုင်ခြင်းကိုသာ ခွင့်ပြုထားပြီး တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်သည်ကို ဖမ်းဆီး မိပါက မြန်မာနိုင်ငံရှိ ဥပဒေများဖြင့် လွတ်လပ်စွာ တရားစီရင်နိုင်ကြောင်း၊ အဆိုပါ နိုင်ငံသားကို အပြစ်ပေး အရေးအယူခြင်းကြောင့် တရုတ်ကောင်စစ်ဝန်ရုံးက အဆိုပါ အပြစ်ပေးခံရသူများကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ နိုင်ငံခြားသားများ ပြည်နှင်ခြင်းနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူများက ပြည်နှင်ခံရသူများကို ကားဂိတ်၊ သင်္ဘောဆိပ်၊ လေယာဉ်ကွင်း စသည်များသို့ လိုက်ပါ ပို့ဆောင်ပေးရပြီး ရဲတပ်ဖွဲ့ဝင်များ အနေနှင့် လုံခြုံရေးအရသာ လိုက်ပါ ဆောင်ရွက်ပေးရကြောင်း လဝက ဥပဒေများ ချိုးဖောက်သည့်အခါ လဝက တာဝန်ရှိသူများက တရားလိုလုပ်၍ တရားရုံးတင်ပြီး ပြစ်မှု ဆိုင်ရာ ဥပဒေများကို ကျူးလွန်သည့်အခါ ရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် တရားရုံး သို့ တင်ပို့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စက်ရုံထဲမှာ တရုတ်လုပ်သားရော ပညာရှင်ရော ၅၀၀ ကျော် ရှိတယ်၊ တကောင်းဘက် အခြမ်းမှာဆို တရုတ်ဈေးတန်းကြီးတောင် ဖြစ်နေပြီ။ တရုတ်ဘီယာ၊ တရုတ်စီးကရက်၊ ကာရာအိုကေခန်းတွေ ပွထလို့ တရားဝင် နေတာလား မနေတာလားတော့ မသိဘူး” ဟု တကောင်းနီကယ် စက်ရုံအနီးရှိ မောင်းကုန်းကျေး ရွာ ဒေသခံတောင်သူ ဦးမြတ်ထင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားအများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်နိုင်ငံသား အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ငါးဦး၊ အိန္ဒိယတစ်ဦးနှင့် အခြားနှစ်ဦး၊ စုစုပေါင်း ၄၈ ဦးကို ပြည်နှင်ခဲ့ကြောင်း မန္တလေးတိုင်းဒေ သကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန စာရင်းဇယားများအရ သိရှိရသည်။

တရုတ်-မြန်မာနယ်စပ် နယ်စပ်ဝင်ပေါက် မူဆယ်မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်လျက် ရှိသော နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား အများဆုံးဖြစ်ပြီး ဗီဇာသက်တမ်း ကျော်လွန် နေထိုင်မှု အစ တရားမဝင် ဝင်ရောက်ပြီး စီးပွားရေး လုပ်ကိုင်သည့် ပုံစံအထိ ပုံစံအမျိုးမျိုးဖြင့် ဥပဒေ ချိုးဖောက် မလိုက်နာမှုများ ရှိနေသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ် အတွင်းတွင် တရုတ်နိုင်ငံသား ခြောက်ဦး၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ဥပဒေ မလိုက်နာမှုဖြင့် အရေးယူခဲ့ပြီး ၎င်းတို့ကို ပြည်နှင်ဒဏ် အပါအဝင် ပြစ် ဒဏ်များ ချမှတ်ခဲ့ရကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရ သည်။

The Voice Jounal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...