ကြံ့ခိုင်မှုရှိပါ...



ဘ၀ဆိုတဲ့ ခရီးကြမ်းကြီးမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြတာဟာ လူသား အားလုံးရဲ့ အဓိက တာဝန်ပါ။ ဘ၀ခရီးဟာ ထင်ထားတာထက် ခက်ခဲနိုင်တယ်။ ကြမ်းတမ်းနိုင်တယ်။ ဘ၀ပင်လယ်ပြင်ကြီးရဲ့ လှိုင်းတွေဟာ အရိုက်အပုတ် အတိုက်အခတ် နည်းနည်းကြမ်းပါတယ်။ အောင်မြင်မှုတွေနဲ့ ကြုံတွေ့နိုင် သလို ရှုံးနိမ့်မှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ရမှာပါပဲ။ ဒုက္ခအခက်အခဲနဲ့ ပြဿနာတွေ ပေါင်း စုံကြားထဲမှာ တိုးတက် အောင်မြင်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့ ကြိုးစားရတာ ဟာ တကယ် မလွယ်တဲ့ ကိစ္စတစ်ခု ပါပဲ။

ဒီလိုကြမ်းတမ်းမှုတွေကြောင့် ဘ၀ကြီးကို လက်လျှော့သွားတဲ့သူတွေ၊ အရှုံးတွေကို လက်ခံလိုက်တဲ့ သူတွေ၊ ပန်းတိုင်ကိုလက်လွှတ်လိုက်တဲ့သူတွေ အရမ်းများပါတယ်။ လောကဓံဆိုတဲ့ တရားကတော့ လူတိုင်းရင် ဆိုင်ကြုံတွေ့ ရမှာပါပဲ။ အောင်မြင်နေတဲ့သူတွေရော၊ မအောင်မြင်တဲ့သူ တွေရော အားလုံး ဟာ လောကဓံနဲ့တော့ တွေ့ကြတာပါပဲ။ ဒီလိုတွေ့ကြတာချင်းအတူတူ၊ ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းပေါ် လျှောက်လှမ်းနေကြတာချင်းအတူတူ ဘာကြောင့်တချို့က အောင်မြင်တိုးတက်သွားကြပြီး အများစုက အောင်မြင် မှုတွေနဲ့ ဝေးနေကြရတာလဲ။

အဓိက ကျွန်တော်မြင်တဲ့အချက်ကတော့ ကြံ့ခိုင်မှုဆိုတဲ့ အချက်ကို မြင် မိပါတယ်။ အောင်မြင်မှုမှာ ကြံ့ခိုင်မှုရှိခြင်း တစ်နည်းအားဖြင့် ခွန်အားရှိခြင်း (Strength) ဟာ သိပ်ကို အရေးကြီးတဲ့အချက်ပါပဲ။ ကြံ့ခိုင်မှုရှိမှ ခိုင်မာစွာ ရပ် တည်နိုင်မယ်။ အဆောက်အဦတွေတည်ဆောက်ကြတဲ့အခါမှာ ကြံ့ခိုင်မှု ရှိအောင် တည်ဆောက်ကြရပါတယ်။ ကြံ့ခိုင်မှုနည်းရင် ပြိုလဲဖို့ ရာခိုင်နှုန်းများ တယ်။ အန္တရာယ်ရှိတယ်။ လုံခြုံမှု မရှိနိုင်ပါဘူး။

ဒီလိုပါပဲ။ လူတိုင်းဟာ သူတို့ရရှိထားတဲ့ ဘ၀ကိုယ်စီကို အကောင်း ဆုံးဖြစ်အောင် တည်ဆောက်နေကြ တာပါပဲ။ ဘ၀ကို ခိုင်မာစွာ တည်ဆောက် ထားနိုင်မှ ဘ၀အရေး စိတ်အေးရမယ်။ လုံခြုံမယ်ပေါ့။ ဘ၀မှာ ခိုင်ခိုင်မာမာရပ် တည်နိုင်ဖို့ဆိုရင် ကြံ့ခိုင်မှုရှိအောင် အားထုတ် ထားဖို့လိုအပ်ပါတယ်။ လောကဓံ ဆိုတဲ့ မုန်တိုင်းဟာတစ်ခါတစ်ရံမှာ အရိုက်အပုတ် အလွန် ပြင်းထန်ပါတယ်။ မုန်တိုင်းတွေ တိုက်လာပြီဆိုရင် ကြံ့ခိုင်မှုမရှိတဲ့ အပင် တွေက အမြစ်ကနေ ကျွတ်ထွက် လဲပြိုကုန်ပါတယ်။ တချို့အပင်ကြီးတွေ ကတော့ ယိမ်းထိုးလှုပ်ရှားနေ ရပါတယ်။ အပင်တစ်ပင်လုံးကြီး မပြိုလဲရင်တောင်အကိုင်းအခက်အလက်တွေ ကျိုးပဲ့ ပျက်စီးကုန်ကြပါတယ်။တောင်ကြီးတွေကတော့မုန်တိုင်းဘယ်လောက်ပဲ ပြင်းထန် ပြင်းထန် ယိမ်းထိုး လှုပ်ရှားမှုလည်းမရှိသလို ပြိုလဲဖို့လည်း မရှိနိုင်ပါဘူး။

ကြံ့ခိုင်မှုရှိအောင် အားထုတ်လုပ်ဆောင်တဲ့နေရာမှာ ရုပ်တရား ကြံ့ ခိုင်အောင်လေ့ကျင့်ပျိုးထောင်တာနဲ့ စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့် ပျိုးထောင် တာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဘ၀အောင်မြင်မှုမှာ စိတ်ခွန် အား ရှိခြင်းက ရုပ်ခွန် အားရှိခြင်းထက် ပိုအရေးကြီးပါတယ်။ စိတ်ဓာတ်ကြံ့ခိုင် မှုရှိမှသာ အခက်အခဲ အားလုံးကို ကျော်ဖြတ်ပြီး အောင်မြင်မှု ပန်းတိုင် ရောက်နိုင်မှာပါ။ လောကဓံကို ကာယဗလဆိုတဲ့ ရုပ်ကြံ့ ခိုင်တာနဲ့ ရင်ဆိုင်လို့ မဖြစ်နိုင်ပါဘူး။ စိတ္တဗလဆိုတဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုရှိမှသာလျှင် လောကဓံ အရိုက်အ ပုတ်တွေကို ခံနိုင်မှာဖြစ် ပါတယ်။ လောကဓံမုန်တိုင်း တွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာ ကျွန်တော်တို့တွေ ရဲ့ စိတ်ဓာတ်ဟာ တောင်ကြီးတွေလို ကြံ့ခိုင်မှုရှိအောင် လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။

ဘ၀မှာ ရှင်သန်ရပ်တည်ဖို့အတွက် ကိုယ်ခံစွမ်းအားဟာ သိပ်အရေးကြီး သလို စိတ်ဓာတ်ခွန်အားဆိုတဲ့ စိတ်ခံစွမ်းအားကလည်း သိပ်ကိုအရေးပါတဲ့အရာ ပါပဲ။ ကိုယ်ခံစွမ်းအားတွေ ကျဆင်းလာရင် လူတွေကို ပြိုလဲချည့်နဲ့သွားစေ မယ့်ရောဂါတွေ ၀င်ရောက်လာနိုင်ပါတယ်။ စိတ်ခံစွမ်းအားဆိုတဲ့ စိတ်ဓာတ်တွေ ကျဆင်းလာလို့ အားနည်းနေပြီ ဆိုရင်တော့ ဘ၀တစ်ခုလုံး ပြိုလဲချည့်နဲ့သွားစေနိုင် ပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအားတိုးတက်အောင် လေ့ကျင့်ခန်းတွေ၊ အာဟာရ ရှိတဲ့ အစားအသောက်တွေ၊ ဆေးဝါးဓာတ် စာတွေ မှီဝဲသုံးဆောင်ကြသလို စိတ်ဓာတ်ခွန်အားရှိဖို့ အတွက်လည်း နေ့စဉ် အားထုတ်လုပ်ဆောင်နေရ ပါမယ်။

ရုပ်အာဟာရလည်း နေ့စဉ်ဖြည့်ဆည်းပါ။ စိတ်အာဟာရလည်း နေ့စဉ်ဖြည့် ဆည်းရင်း ကြံ့ခိုင်အောင်လုပ် သင့်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိဖို့အတွက် ဘာတွေလုပ်ဆောင်သင့်သလဲ မေးဖို့ရှိပါတယ်။ ကျွန်တော် တို့ အမြဲလေ့ကျင့် လုပ်ဆောင်သင့်တာကတော့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေမယ့် စာပေတွေ နေ့ စဉ်ဖတ်ရှုရပါလိမ့်မယ်။ စိတ်ဓာတ်ခွန်အားပေးတဲ့ သင်တန်းတွေ၊ ဟောပြော ပွဲတွေလည်း တက်ရောက် နားထောင်သင့်ပါတယ်။

ဘာသာရေးအဆုံးအမများကို လိုက်နာကျင့်သုံးတာဟာလည်း စိတ်ဓာတ် ကြံ့ခိုင်မှုအတွက် အားဆေးတစ် ခုဖြစ်ပါတယ်။ တရားစာပေတွေကို ဖတ်ရှုပါ၊ တရားဓမ္မတွေကို နာကြားပါ။ အမြဲတရားနှလုံးသွင်းပြီး မိမိစိတ်ကို တည်ကြည်အောင်၊ တည်ငြိမ်အောင် လေ့ကျင့်နေတာဟာလည်း စိတ်ဓာတ်ကြံ့ ခိုင်ခြင်းရဲ့ အဓိကအနှစ်သာရပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင် နေ့ စဉ်ကမ္မဌာန်းထိုင်ပါ။ စိတ်ကောင်းနှလုံးကောင်းမွေးပြီး အမြဲသတိတရားနဲ့ နေထိုင်တာဟာ ကြံ့ခိုင်မှုရှိ တဲ့ စိတ်အားတွေ ပိုင်ဆိုင်လာစေမယ့် အချက်တွေပါပဲ။

ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းဟာ ရုပ်ခွန်အားရှိဖို့ အာဟာရတွေ ဖြည့်ကြ ပါတယ်။ ရုပ်တရားလေးလှပဖို့ ပြုပြင်ချယ်သကြပါတယ်။ ရုပ် တရားကြံ့ခိုင်မှု ရှိဖို့ လေ့ကျင့်စင်တာတွေမှာသွားပြီး အချိန်ပေးလုပ်ဆောင် ကြပါတယ်။ ဒါပေမဲ့ စိတ်အာဟာရတွေဖြည့်ဖို့ ၊ စိတ်ဓာတ်ကလေး အမြဲ လှပနေဖို့၊ စိတ်ဓာတ်ကြံ့ခိုင် သန်စွမ်းဖို့ကိုတော့ နေ့စဉ် အချိန်မပေးကြပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်အောင်လုပ် မယ့်အစား စိတ်ဓာတ်ပျော့ ညံ့စေမယ့် အတွေးတွေ၊ စကားလုံးတွေ၊ ထင်မြင် ချက်တွေ၊ မကောင်းမြင်စိတ်တွေနဲ့ပဲ ရှင်သန်လှုပ် ရှားနေကြပါတယ်။

ရုပ်ကိုလည်းပြင်သလို စိတ်ကိုလည်းပြင်သင့်ပါတယ်။ ရုပ်ကြံ့ခိုင်မှု ရှိအောင် အားထုတ်ကြသလို စိတ်ကြံ့ ခိုင်မှု ရှိအောင်လည်း ကြိုးစားအားထုတ်သင့်ပါတယ်။ ကြံ့ခိုင်တဲ့ စိတ်ထားရှိသူတိုင်းဟာ အခက်အခဲ၊ ကြမ်းတမ်းမှု၊ ရှုံးနိမ့်မှု၊ စိန်ခေါ်မှု၊ ပြဿနာအားလုံးကို ကျောက်တောင်ကြီးတွေ ပမာ ရင်ဆိုင်ကျော်လွှားနိုင် တဲ့ အောင်မြင်သူတွေဖြစ်ကြမှာပါ။ “လောက ဓံကြုံ၊ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ” ဆိုတဲ့အတိုင်း ကြမ်းတမ်းပါ တယ်ဆိုတဲ့ ဘ၀လောကထဲမှာ တုန်လှုပ်မှုမရှိဘဲ ခိုင်မာစွာရပ်တည်နိုင်တဲ့ ကြံ့ခိုင်လူသား တွေဖြစ်ပါစေလို့ ဒီတစ်ပတ်ဆုတောင်းပေးလိုက်ပါတယ်။

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)

JOB Seekers Journal vol.2, no.51
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...