နိုင်ငံခြားသင်္ဘော အမြန်တက်ခွင့် ရစေသောယတြာ



တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ အသက်အရွယ်အားဖြင့် (၄၀)ကျော်ခန့် ရှိသော ဦးချစ် ဟု အမည်ရသော သင်္ဘောသားတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းဦးချစ်သည် အသက် နှစ်ဆယ်ကျော် အရွယ်မှ စတင်ကာ နိုင်ငံခြား သင်္ဘောလိုင်း မျိုးစုံတွင် အလုပ်လုပ်ကိုင်ခဲ့သော သင်္ဘောသား တစ်ဦး ဖြစ်ပြီးလျှင် သူ၏ ပြောစကားအရ သူသည် သင်္ဘောသား အလုပ်ကလွဲလျှင် ကျန်သည့် မည်သည့် အလုပ် အကိုင်မျှ မလုပ်ကိုင် ဖူးကြောင်း ပြောပြ၏။

သူသည် နိုင်ငံခြား သင်္ဘောလိုင်း ပေါင်းစုံကို လိုက်ခဲ့ဘူး၏။ နိုင်ငံတကာသို့လည်း တနိုင်ငံဝင် တစ်နိုင်ငံ ထွက် ဖြတ်သန်း သွားလာခဲ့ဘူး၏။ ကျွန်ုပ်ကမှလည်း နိုင်ငံခြား သင်္ဘောသားများ၏ ဘ၀ သင်္ဘောသား များ၏ အကြောင်းကို စပ်စုကြည့်မိ၏။ ဦးချစ်ကလည်း သင်္ဘောသား အကြောင်းအရာများကို စိတ်ရှည် လက်ရှည်နှင့် ပြည့်ပြည့်စုံစုံ စိတ်ပါလက်ပါ ပြောပြလေ၏။ ၎င်း ဦးချစ် ပြောပြသော ပင်လယ် သမုဒ္ဒရာ အကြောင်းအရာများသည် စိတ်ဝင်စားစရာ လွန်စွာကောင်း၏။ ထို့အတူ ထိတ်လန့် အံ့သြစရာများလည်း ပါ၏။ ထို့အတူ ပျင်းရိ ငြီးငွေ့စရာ များလည်း ပါလေ၏။ အလွန်ရီစရာ ကောင်းသည်များလည်း ပါ၏။

ယခုလည်း သူသည် သင်္ဘောလိုင်းကောင်းကောင်း တစ်ခုကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေခြင်း ဖြစ်၏။ သူသည် သင်္ဘောလိုင်း ကောင်းကောင်း လျှောက်ရာတွင် အတွေ့အကြုံရှိသော ၀ါရင့် သင်္ဘောသား တစ်ဦး ဖြစ်သောကြောင့် တော်ရုံတန်ရုံ ရိုးရိုး သင်္ဘောလိုင်း လောက်ကို စိတ်မ၀င်စားတော့ပေ။ ယခု လည်း ဦးချစ်သည် ကျွန်ုပ်ထံသို့ သင်္ဘောလိုင်း ကောင်းကောင်းတစ်ခု အမြန်ဆုံး တက်ခွင့်ရစေသော ယတြာကို အကူအညီ တောင်းလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ဦးချစ်အား အောက်ဖော်ပြပါ ယတြာကို လုပ်ခိုင်းလိုက်၏။ ဦးချစ်ကလည်း စိတ်ပါ လက်ပါ လိုလိုလားလား လုပ်ဆောင်ခဲ့လေ၏။ နောင် သုံးပတ်ခန့် အကြာတွင် ဦးချစ်သည် ၎င်း လိုချင် သော ရာထူး ၊ ၎င်း လိုချင်သော သင်္ဘောလိုင်းကို လွယ်လွယ်ကူကူ တက်ရောက် သွားနိုင်ခဲ့လေတော့၏။ ၄င်း ဦးချစ်သည် လိုချင်သော သင်္ဘောလိုင်းကို ရလိုက်သောကြောင့် ကျွုန်ပ်အား ဖုန်းဆက်အကြောင်း ကြားရင်း ဒီတစ်ခါ ဟောင်ကောင်ရောက်ရင် ဆရာ့အတွက် အရုပ်မ တစ်ရုပ်လောက် လက်ဆောင် ၀ယ်လာခဲ့ပေးမယ်ဟု နောက်သွားသေး၏။

မည်သူမဆို နိုင်ငံခြား သင်္ဘောလိုင်းကိစ္စ အလုပ်ကိစ္စများအတွက် ထစ်ငေါ့ ကြန့်ကြာနေပါက အမြန်ဆုံး အဆင်ပြေစေရန် လွယ်လွယ်ကူကူ အောင်မြင်စေရန် အောက်ဖော်ပြပါ ယတြာကို ဆောင်ရွက်နိုင်ကြ ပါသည်။ ရက်ပိုင်း လပိုင်းအတွင်း အဆင်ပြေစေသော ယတြာဖြစ်ပါသည်။

စာရွက်တစ်ရွက်ပေါ်တွင် အမည် နေ့သား မွေးခုလရက် နေ့ရပ်လိပ်စာ အပြည့်အစုံကို ရေး၍ သင်္ဘောသီး အစိမ်း ချောချော လှလှလေး တစ်လုံး၏ ဘေးတွင် ကပ်ရပါမည်။ ထိုသင်္ဘောသီး၏ အပေါ်ပိုင်းနား ဘေး ပတ်ပတ်လည်တွင် အနီရောင် တံခွန်လုံး (၇) လုံးကို စိုက်ရပါမည်။ သင်္ဘောသီး၏ ထိပ် အညှာပေါ်တွင်မူ ဖယောင်းတိုင် တစ်တိုင် ထွန်း၍ ဘုရားမှာ လှူဒါန်းပူဇော်ပြီး ဆုတောင်းရပါသည်။ နံနက် တစ်ကြိမ် ညတစ်ကြိမ် ခုနှစ်ရက်ဆက်တိုက် မီးထွန်းပူဇော် ဆုတောင်းလိုက်ပါက မိမိတို့၏ သင်္ဘောကိစ္စ အမြန်ဆုံး အဆင်ပြေသွားပါလိမ့်မည်။ အခက်အခဲ ကြုံတွေ့နေရသော မြန်မာ သင်္ဘောသားများ ဆောင်ရွက်ကြည့် ကြပါကုန်...


မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...