ပြည်ပတွင် ပညာသင်လိုသူများနှင့် စကော်လာငါးမျှားချိတ်



ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အောင်မြင်ခဲ့သော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့ရရှိခဲ့သည့် တက္ကသိုလ်ဝင်တန်း အမှတ် စာရင်းများကို ထုတ်ယူကြည့်ရှုကာ မိမိတက်ရောက်နိုင်သည့် တက္ကသိုလ်များကိုလည်း ခန့်မှန်းရွေး ချယ်နိုင်ပြီဖြစ်သည်။

ထို့အတူ နိုင်ငံရပ်ခြားရှိ တက္ကသိုလ်၊ ကောလိပ်များသို့ သွားရောက် ပညာသင်ကြားရန် ပြင်ဆင်နေကြ သည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း မိမိတက်ရောက်လိုသည့် တက္ကသိုလ်များ၊ နိုင်ငံများကို ရွေးချယ်၍ ၀င်ခွင့်ရရှိရန် ပြင်ဆင်နေကြပြီဖြစ်သည်။

နိုင်ငံရပ်ခြားရှိ တက္ကသိုလ်များသို့ ၀င်ခွင့်ရရှိရန် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲများဖြစ်သော TOEFL(Test of English as a Foreign Language)၊IELTS( International English Language Testing System စာမေးပွဲများ၊LCCI(The London Chamber of Commerce & Industy)၊ ACCA (The Association of Chartered Certified Accountants)၊ IGCSE (International General Certificate of Secondary Education) နှင့် အမေရိကန်တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ် စာမေး ပွဲဖြစ်သော SAT(Scholastic Aptitude Test)၊ ACT(American College Test) စသည့် စာမေးပွဲများကို ဖြေဆိုရန်နှင့် အခြားလိုအပ်သည့် သင်တန်းများ တက်ရောက်နေကြပြီဖြစ်သည်။

သတိထားရမည့် အချက်တစ်ခုမှာ နိုင်ငံတကာကျောင်းများတွင် အခမဲ့ပညာသင်ကြားနိုင်မည့် ပညာတော် သင်ဆု(စကောလားရှစ်)ပင် ဖြစ်သည်။ အဆိုပါပညာတော်သင်ဆုများတွင် ပညာတော်သင်ဆုနှင့် ပညာ သင်ထောက်ပံ့ကြေးများ ကွဲပြားလေ့ရှိသည်။ ထို့ကြောင့် စကောလားရှစ်ရရှိပြီး ကျောင်းတက်ရောက်သည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အခြားကျောင်းစရိတ်များကို ထပ်မံပေးဆောင်နေရသည်။

ပြည်တွင်းတွင် ပညာတော်သင်ဆုစာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့ပြီး ၇၅ ရာခိုင်နှုန်းအထိရရှိကာ ကျောင်းသို့ သွားရောက်အပ်နှံရာတွင် ၇၅ရာခိုင်နှုန်းမှာ စာသင်စရိတ်(Tution Fee)ကိုသာ ပေးခြင်းဖြစ်ပြီး အခြားသော ကျောင်းစရိတ် ဘတ်ခြောက်သောင်းကျော်ကို ပေးသွင်းရမည်ဟု တောင်းခံခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံရှိ ရန်ကမ်ဟမ်တက္ကသိုလ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသားတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။

ပြည်တွင်းရှိ ပညာရေးအေဂျင်စီအချို့မှာ ပညာတော်သင်ဆု (Scholarship)ကို ဈေးကွက်ရှာဖွေသည့် မက်လုံးတစ်ခုအနေဖြင့် အသုံးပြုလေ့ရှိကြသည်။

‘‘စကော်လာပေးတယ်ဆိုတာက ကိုယ်ကိုယ့်ကိုယ်ကြည့်သင့်တယ်။ မထူးချွန်ဘဲ စကော်လာပေးမယ် ဆိုရင်တော့ ငါးမျှားချိတ်နောက်ပါသွားမယ်။ များသောအားဖြင့် မှန်မှန်ကန်ကန် အေဂျင်စီကြီးကြီးမားမား တွေက အသေအချာ ရှင်းပြကြတာများတယ်။ အေဂျင်စီအသေးတွေကသာ အဆင်မပြေဖြစ်ကြတာ။ တစ်ခါတလေ စကောလားရှစ်ပေးမယ်။ မားကက်တင်းသဘောအရ သုံးကြတာများတယ်’’ဟု ပြည်တွင်း အေဂျင်စီတစ်ခုမှ ပညာရေးအကြံပေးတစ်ဦးကပြောသည်။

အမှန်တကယ်ထူးချွန်သည့် ကျောင်းသူ၊ ကျောင်းသားများကိုသာ နိုင်ငံတကာအစိုးရများနှင့် ပြင်ပအဖွဲ့ အစည်းများက နိုင်ငံခြား တက္ကသိုလ်များတွင် လေ့လာသင်ယူနိုင်ရန် ပညာတော်သင် ထောက်ပံ့ကြေးဆု များကို ပေးအပ်လေ့ရှိပြီး သာမန်ကျောင်းသားများကို ပညာတော်သင်ဆု စကော်လာပေးအပ်မည်ဆိုပါက သတိထားရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

အချို့ပညာတော်သင်ဆုများတွင် ပညာတော်သင်ဆုရယူ၍ ကျောင်းပြီးဆုံးသွားသည်နှင့် အဆိုပါနိုင်ငံများ တွင် အလုပ်ပြန်လည်လုပ်ကိုင်ပေးရမည့် စာချုပ်များ ချုပ်ရလေ့ရှိကြောင်း သိရသည်။

‘‘သူနာပြုတက္ကသိုလ်တစ်ခုမှာ သူတို့က စကော်လာပေးတယ်။ ဒါပေမဲ့ ကျောင်းပြီးသွားရင် သူတို့ဆေးရုံမှာ လေးနှစ်ပြန်ပြီး အလုပ်လုပ်ပေးရမယ်လို့ စာချုပ်ချုပ်ရတယ်။ အဲဒီတော့ ကလေးတစ်ယောက်အနေနဲ့ ဆယ်နှစ်လောက်ကို အချိန်ပေးရတော့မယ်။ အဲဒီလိုအစား တခြားစကော်လာမရတဲ့ တက္ကသိုလ်တစ်ခုခုကို ရွေးချယ်ပြီး တက်တာမျိုးလုပ်သင့်တယ်’’ဟု ပြည်တွင်းရှိ ပညာရေးအေဂျင်စီတစ်ခုမှ ပညာရေးအကြံပေး တစ်ဦးက ပြောပြသည်။

ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များသို့ သွားရောက်၍ ပညာသင်ကြားရန် ပညာသင်စရိတ်နှင့် နေထိုင်မှု စရိတ်မှာ မိမိတက်ရောက်မည့် ကျောင်းအမျိုးအစား၊ ဘာသာရပ်အပေါ်မူတည်၍ ငွေကုန်ကျမှု အနည်းအ များ ကွာခြားမည်ဖြစ်ပြီး အကြမ်းအားဖြင့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြား စရိတ်နှင့် နေထိုင်စရိတ်များမှာ တစ်နှစ်လျှင် ငွေကျပ်သိန်း ၁၅၀ မှ သိန်း ၅၀၀ အတွင်း၊ သြစတြေးလျနိုင်ငံ တွင် ငွေကျပ်သိန်း ၃၅၀ မှ သိန်း ၄၀၀ အတွင်း၊ စင်ကာပူနိုင်ငံတွင် ငွေကျပ်သိန်း ၂၀၀ နှင့် သိန်း ၂၅၀ ကြား ကုန်ကျမည်ဖြစ်သည်။

ပညာသင်နှစ်များမှာ အင်ဂျင်နီယာနှင့် ပတ်သက်သည့် ဘာသာရပ်များမှာ ငါးနှစ်နှင့် ကျန်ဘာသာရပ်များ မှာ သုံးနှစ်မှလေးနှစ်အထိ ပညာသင်ကြားရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ နိုင်ငံရပ်ခြားရှိ တက္ကသိုလ်များသို့ သွားရောက် ပညာသင်ကြား ရာတွင် အဓိကတွေ့ကြုံရသည့်အခက်အခဲမှာ နေထိုင်မှုပုံစံမတူညီခြင်း၊ သင်ကြားရေးနည်းစနစ်များ မတူ ညီခြင်း၊ အုပ်စုဖွဲ့သင်ကြားခြင်းများတွင် အားနည်းခြင်းများကို တွေ့ကြုံရတတ်သည်။

‘‘အဓိအားဖြင့် နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့သူတွေ အဓိကကြုံရတာက Corporative လုပ်ရမယ့် Assignment တွေမှာ ပူးပေါင်းမဆောင်ရွက်နိုင်ကြဘူး။ အရင်သင်လာရတာက ဒါသင်၊ ဒါမေး၊ ဒါဖြေ ပုံစံမျိုးနဲ့ အလွတ်ကျက်ပြီး ဖြေလာတာမျိုးဆိုတော့ အဲဒီလိုအခက်အခဲတွေက တွေ့တတ်ကြတယ်’’ဟု စင်ကာပူနိုင်ငံရှိ ပိုလီတက္ကသိုလ်တွင် သွားရောက်သင်ကြားခဲ့သည့် ကိုပြည့်ဖြိုးကပြောပြသည်။

အဆိုပါကလေးများအနေဖြင့် ပြည်ပတက္ကသိုလ်များသို့ မတက်မီ လိုအပ်သည့်ပြင်ဆင်ချိန်ကို တစ်နှစ်ခွဲ အထိ အချိန်ယူပြင်ဆင်ပြီးမှ တက်ရောက်လိုသည့်ကျောင်းသို့ သွားရောက်သင်ကြားသင့်ကြောင်း ပညာရေး အကြံပေးများက အကြံပြုထားသည်။

‘‘ကလေးတွေက ဘာကိုဝါသနာပါလဲဆိုတာကို သိဖို့လိုတယ်။ ၀ါသနာပါတာကိုသိရင်တောင်မှ လုပ်နိုင်မှု စွမ်းရည်ရှိ၊ မရှိကိုပါ ထည့်စဉ်းစားသင့်တယ်။ မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အရေး ရှိ၊မရှိကို ကြည့်ပြီးရွေးချယ်တယ်။ ဖြစ်နိုင်ရင် ကိုယ်သွားမယ့်နိုင်ငံ၊ ကိုယ်သင်မယ့်ဘာသာရပ်ကို ရွေးပြီးတော့မှ အတိအကျပြင်ဆင်ဖို့ အကြံပေးချင်ပါတယ်’’ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း ကပြောသည်။

နိုင်ငံရပ်ခြားရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလိုသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါသည့်၊ အသက်မွေးလိုသည့် ဘာသာရပ်ကို ရွေးချယ်ရမည်ဖြစ်ပြီး တက္ကသိုလ်နှင့် နိုင်ငံကို ကုန်ကျစရိတ်၊ ကြာမြင့်ချိန်တို့နှင့် ချိန်ညှိ၍ ရွေးချယ်ရမည်ဖြစ်သည်။

‘‘သမီးက ခုဆယ်တန်းအမှတ်က ၅၈၁ မှတ်ရထားတယ်။ စီးပွားရေးတက္ကသိုလ်တစ်ခုခုတက်ပြီးတော့ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်အောင် လုပ်ချင်တယ်’’ဟု ပညာရေးပြပွဲတစ်ခုသို့ တက်ရောက် နားထောင်ခဲ့သူ မသီရိမွန်ကပြောပြသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်သင်ကြားလိုသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အသက်မွေးဝမ်း ကျောင်းပြုလုပ်မည့် မိမိစိတ်ဝင်စားသည့် ဘာသာရပ်များကို ရွေးချယ်သင်ယူ၍ ပူးပေါင်းဆောင်ရွက်လို စိတ်၊ ကိုယ့်အားကိုယ်ကိုးသည့်စိတ်ဓာတ်၊ စဉ်းစားတွေးခေါ်ဉာဏ်ပညာတို့ကို အသုံးချပြီး ပြီးမြောက်သည် အထိ ဆောင်ရွက်နိုင်သည့် ဇွဲလုံ့လဖြင့် ကြိုးစားသင်ယူရမည်ဖြစ်သည်။ ။


7Day News Journal 
အတွဲ (၁၃)၊ အမှတ် (၁၆) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...