FDA က အကြောသေ ဝေဒနာရှင်များ လမ်းလျှောက်နိုင်ရန် ကူညီပေးနိုင်သည့် ReWalk စက်ရုပ်ခြေထောက်ကို ထုတ်လုပ်ရောင်းချခွင့်ပြု



အမေရိကန် အစားအသောက်နှင့် ဆေးဝါး ညွှန်ကြားမှု ဦးစီးဌာနက အကြောသေ ဝေဒနာရှင်များ လမ်း လျှောက်နိုင်ရန် တီထွင်ထားသည့် စက်ရုပ်ခြေထောက်ကို ထုတ်လုပ် ရောင်းချခွင့် ပြုလိုက်ပြီဖြစ်သည်။

“ ReWalk လို နည်းပညာမြင့် ကိရိယာ များဟာ ကျောရိုး ထိခိုက်ထားတဲ့ ဝေဒနာရှင်များကို လမ်းပြန် လျှောက်စေနိုင်ပါတယ်။ ဝေဒနာရှင်များဟာ ReWalk စက်ရုပ်ခြေထောက်ကို ၀တ်ဆင်ပြီး လမ်းလျှောက် လေ့ကျင့်ခန်းများပြုလုပ်ပြီးတာနဲ့ နေအိမ်ထဲမှာသာမက လူမှုအသိုင်းအ၀ိုင်းထဲမှာပါ လမ်းလျှောက်နိုင်ပါပြီ။ “ ဟု FDA မှ ဒါရိုက်တာတစ်ယောက်ဖြစ်သူ Christy Foreman က ပြောပါသည်။

FDA က အမေရိကန်တွင် ကျောရိုးထိခိုက်ထားသည့် ဝေဒနာရှင် နှစ်သိန်းခန့်ရှိပြီး အများစုမှာ ကိုယ်တစ် ပိုင်းသေခြင်း သို့မဟုတ် တစ်ကိုယ်လုံး အကြောသေသည့် ဝေဒနာများကို ခံစားနေရသည်ဟု ပြောပါ သည်။

ReWalk စက်ရုပ်ခြေထောက်တွင် Sensor များ၊ ပြန်လည်အားဖြည့်နိုင်သော ဘက်ထရီများ ပါရှိပြီး ကွန်ပြူတာမှလည်း စက်ရုပ်ခြေထောက်ကို ထိန်းချုပ်နိုင်ပါသည်။ အကြောသေဝေဒနာရှင်များသည် စက် ရုပ်ခြေထောက် နှင့် လမ်းလျှောက်အကူ တုတ်၏ အကူအညီဖြင့် မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ လှည့်ပတ်ခြင်းများကို ပြုလုပ်နိုင်ပါသည်။ လမ်းလျှောက်ခြင်းဖြင့် ဝေဒနာရှင်များသည် နှလုံးစွမ်းဆောင်ရည် ပိုမိုကောင်းလာခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်းနှင့် ကြွက်သားများသန်မာခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိနိုင်ပါသည်။

စက်ရုပ်ခြေထောက်ကို Argo Medical Technologies က ထုတ်လုပ်ခြင်းဖြစ်ပြီး အစ္စရေး ပညာရှင် Amit Goffer က တီထွင်ထားခြင်းဖြစ်ပါသည်။ သူသည် ၁၉၉၇ ခုနှစ်တွင် ဖြစ်ပွားသော မတော်တဆမှုတစ် ခုကြောင့် အကြောသေ ဝေဒနာကို ခံစားနေရသူဖြစ်ပြီး သူကဲ့သို့ ဝေဒနာရှင်များ လမ်းပြန်လျှောက်နိုင်ရန် စက်ရုပ်ခြေထောက်ကို တီထွင်ခြင်းဖြစ်ပါသည်။

ဝေဒနာရှင် ရာပေါင်းများစွာက ReWalk ကို စတင် တီထွင်စဉ်ကပင် စမ်းသပ်ခဲ့ကြပါသည်။ ၂၀၁၂ ခုနှစ် တွင် ဗြိတိန်မှ အကြောသေ ဝေဒနာရှင်အမျိုးသမီး Claire Lomas သည် စက်ရုပ်ခြေထောက်ကို ၀တ်ဆင် လျှက် လန်ဒန်မာရသွန်ပြိုင်ပွဲတွင် ပါဝင်ခဲ့ပါသည်။ အမေရိကန် စစ်တပ်မှ ကပ္ပတိန်ဖြစ်သူ Derek Herrera သည်လည်း စက်ရုပ်ခြေထောက်ကြောင့် လမ်းပြန်လျှောက်နိုင်ခဲ့ပါသည်။ သူသည် FDA ၏ ခွင့်ပြုချက် ကြောင့် အမေရိကန်တွင် ReWalk ကို ပထမဆုံးဝယ်ယူနိုင်မည့်သူများထဲမှ တစ်ယောက်ဖြစ်လာပါသည်။

FDA ၏ ခွင့်ပြုချက်မတိုင်မီတွင် ReWalk ကို အမေရိကန် ပြန်လည်သန်စွမ်းရေး ဌာနများတွင်သာ အသုံးပြုခွင့်ရရှိပါသည်။ ဥရောပတွင်မူ ReWalk ကို ၂၀၁၂ ခုနှစ်ကတည်းက ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ ReWalk ၏ ဈေးနှုန်းမှာ ဥရောပတွင် ဒေါ်လာ ခုနစ်သောင်းဖြစ်ပြီး အမေရိကန်တွင်လည်း အဆိုပါ ဈေးနှုန်းဝန်းကျင်ဖြင့် ရောင်းချမည်ဖြစ်သည်။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...