ချမ်းသာကြွယ်ဝမှု နောက်တစ်မျိုး

၂ဝဝ၆ခုနှစ် ဇွန်လမှာ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး၊ “စတော့ပ် ဘုရင်”လို့ တင်စား ခံရတဲ့ အမေရိကန် နာမည်ကြီး ရင်းနှီးမြှုပ်နှံသူ Warren Buffett ဟာ ဒေါ်လာ သန်း ၃၇ဝဝဝ ကို ပရဟိတ္တ လုပ်ငန်းတွေ အတွက် လှူဒါန်း လိုက်ကြောင်း ကြေညာခဲ့တယ်။ ဒီငွေတွေဟာ သူပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းရဲ့ ၈၅% ခန့် ရှိပါတယ်။

နယူးယောက်တိုင်းမ် သတင်းထောက် တစ်ဦးက Buffett ကို “ဒီလောက်များတဲ့ ငွေတွေကို ခင်ဗျားလှူဒါန်း ပစ်လိုက်တယ်၊ ခင်ဗျား သားသမီးတွေ အတွက် ခင်ဗျား ဘာချန်ထားခဲ့ မှာလဲ” လို့ မေးမြန်းခဲ့တယ်။ 

Buffett က “ကျွန်တော့် သားသမီးတွေ အတွက် တန်ဖိုးအရှိဆုံး ပစ္စည်းဥစ္စာတွေ ကျွန်တော် ပေးပြီးသား ပါ” လို့ ဖြေတယ်။

“သားသမီးတွေ ငယ်ရွယ်စဉ်အခါက သူတို့အပေါ် ကျွန်တော် တောင်းဆိုမှု မများခဲ့ဘူး။ သူတို့ လုပ်ချင် တာကို ကျွန်တော် ပေးလုပ်ခဲ့တယ်။ ရွံ့တွေဆော့တယ်၊ ပန်းပင်မြက်ပင်တွေ ကစားတယ်၊ သီချင်းနား ထောင်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ လယ်တောထဲ ပြေးလွှားဆော့ ကစားတယ်.. ဒါတွေဟာ ကျွန်တော့် ကလေးတွေရဲ့ ငယ်စဉ်ဘဝတွေပဲ။ ကလေးတွေပျော်ရွှင်ဖို့ ကျွန်တော် အတတ်နိုင်ဆုံး လုပ်ခဲ့တယ်။ သူတို့ပျော်ရွှင်ဖို့ အခွင့်အရေးတွေကို ဖန်တီးပေးခဲ့တယ်။ ကစားဖို့နေရာတွေ ပိုရွေးချယ်ခွင့် ပေးခဲ့တယ်။ သူတို့ကို လုပ်ငန်းရှင်ကြီး တွေဖြစ်ရမယ်လို့ ကျွန်တော် ဘယ်တော့မှ မတောင်းဆိုခဲ့ဖူးဘူး။ သူတို့နှစ်သက် တာတွေကို သူတို့ရွေးချယ်စေ ခဲ့တယ်။ နောက်တော့ ကျွန်တော့် သားကြီး Howard က ဓာတ်ပုံဆရာ ဖြစ်လာခဲ့တယ်။ ကျွန်တော့် သားငယ် Peter က ဂီတသမား ဖြစ်လာခဲ့တယ်။ ကျွန်တော့်သမီး Susan က အိမ်ထောင်ရှင်မ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အိမ်မှုကိစ္စ တော်တော် များများ သူမလုပ်ပါဘူး။ သူတို့ဟာ သူတို့ အလုပ်နဲ့သူတို့ ပျော်ရွှင်နေကြတယ်”

“သားကြီး Howard စီးပွားရေး လုပ်တာ ရှုံးနိမ့်သွားတဲ့အချိန် သူ့ကို ကျွန်တော် မကူညီချင်ခဲ့ဘူး။ သူ ကိုယ်တိုင်လဲကျရင် သူကိုယ်တိုင် ထရပ်ရမှာပါ။ ဒါပေမယ့် ကျွန်တော့်ဇနီးရဲ့ အကြိမ်ကြိမ် တောင်းဆို မှုကြောင့် Howard အတွက် ကျွန်တော် စိုက်ပျိုးခြံ တစ်ခြံဝယ်ပေး လိုက်တယ်။ ဒါပေမယ့် အဲဒီခြံအတွက် အဆမတန်ကြီးတဲ့ မြေငှားခကို Howard ပေးရတယ်။ ငှားခမပေးနိုင်ရင် ခြံကို ချက်ချင်းသိမ်းမယ်.. ဒီလို စိန်ခေါ်မှုကို ရင်ဆိုင်ရဲသလားလို့ Howard ကို ကျွန်တော်မေးခဲ့တယ်။ သူက ဒီစိန်ခေါ်မှုကို လက်ခံခဲ့ တယ်။ နောက်နှစ် အနည်းငယ်အကြာမှာ သူခြံစီးပွား ဖြစ်ထွန်းခဲ့ပြီး ခြံလုပ်ငန်းကို ချဲ့နိုင်ခဲ့တယ်။ နောက် ပိုင်းမှာ စီးပွားရေးလုပ်တာဟာ သူ့ကိုပျော်ရွှင်မှု မပေးနိုင်ဘူးလို့ Howard သိလိုက်တာနဲ့ စီးပွားတက်နေတဲ့ လုပ်ငန်းတွေကို သူစွန့်ပစ်ခဲ့ပြီး အခု ဓာတ်ပုံ လုပ်ငန်းလုပ်နေတယ်။ သူအခု လုပ်နေတာ မဆိုးပါဘူး”

“ဒီကနေ့ရလဒ်ကို ကျွန်တော် ပိုင်ဆိုင်နေရတာက ကျွန်တော်ဟာ အမြဲတွေးတောတယ်၊ ပြီးရင် စည်းကမ်း ချက် တွေ ထုတ်လို့ပါပဲ။ ဒါကြောင့် ကလေးတွေကို တွေးတောတတ်တဲ့ အကျင့်မွေးပါလို့ ကျွန်တော် အမြဲပြောတယ်။ အမြဲတွေးတောရင် တွေးတော တတ်သွားပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက Howard ဟာ သူ့ခြံလုပ်ငန်းနဲ့ ပိုင်ပိုင်နိုင်နိုင် ရပ်တည်နိုင်တဲ့နောက် သူဟာ ဈေးကွက် သတင်းတွေကို မပြတ်စုစည်းခဲ့ တယ်။ ပြီးရင် အနှစ်ချုပ် တွေးတောတယ်။ ဒါကြောင့် စီးပွားရေး တိုးတက်သထက် တိုးတက်ခဲ့တယ်။ ဓာတ်ပုံ လုပ်ငန်းမှာလည်း တွေးတောမှုက သူ့ကိုအကျိုးရလဒ်တွေ ဖြစ်ထွန်းစေခဲ့ပါတယ်။ သားငယ် Peter ကလည်း တိတ်ဆိတ်ငြိမ်သက်ချိန်မှာ အသစ်တွေ ဖန်တီးနိုင်ဖို့ တွေးတောတယ်။ ဉာဏ်ကွန့်မြူးတယ်။ နောက်တော့ လူတော်တော် များများကို ထိရှခံစားစေခဲ့တဲ့ ဂီတတွေကို သူဖန်ဆင်းနိုင်ခဲ့တယ်။ သမီး ဆူစန်ကလည်း သူစိတ်ဝင်စားတဲ့ အရာတွေပေါ်မှာ တွေးတောရတာကို နှစ်သက်ခဲ့တယ်”

“အသက်ရှင်နေချိန်မှာ ပျော်ရွှင်ဖို့ဟာ အဓိကပါ။ သန်းကြွယ်တဲ့ ပစ္စည်းဥစ္စာတွေက လူတွေကို ခွန်အားနဲ့ ကြီးပြင်းမှုတွေ မပေးနိုင်ပါဘူး။ လူတွေရဲ့ စိတ်အားထက်သန်မှုနဲ့ တွေးတွေမှုတွေကိုတောင် ဖျက်ဆီး ပစ်နိုင် ပါတယ်။ သေချာတဲ့ အဓိပ္ပာယ်နဲ့ပြောရရင် ငွေကြေးဆိုတာ အဓိပ္ပာယ်မရှိတဲ့ ဂဏန်းအက္ခရာတွေ ပါ။ အကောင်းမြင်စိတ်ရှိသူ၊ မိမိကိုယ်ကိုယ်ယုံ ကြည်စိတ်ရှိသူ၊ သတ္တိရှိရဲရင့်သူ၊ အမြဲတွေးတော သူတွေ ကမှ ပျော်ရွှင်ပြီး အနှစ်သာရရှိတဲ့ ဘဝကို ပိုင်ဆိုင်ရပါတယ်။ ဒါကြောင့် တန်ဖိုးအရှိဆုံး ပစ္စည်းဥစ္စာတွေကို ကျွန်တော့် သားသမီးတွေအတွက် ကျွန်တော်ပေးခဲ့ပြီး ပါပြီလို့ ပြောချင်ပါတယ်။”

Buffett ပြောတာတွေကို နားထောင်ပြီးတဲ့နောက် သတင်းထောက် အံ့သြမင်တက် သွားခဲ့ပါတယ်။ အဲဒီနောက် အဲဒီစကားတွေကို အချက် ၃ ချက်နဲ့ အနှစ်ချုပ်နိုင်ခဲ့ ပါတယ်။ လူ့ဘဝရဲ့တန်ဖိုးရှိတဲ့ ဥစ္စာ ပစ္စည်းဆိုတာ---

လူငယ်တွေကို ဘဝရဲ့ပျော်ရွှင်ခြင်းတွေကို ခံစားသိရှိစေပြီး အဲဒီလို ခံစားသိရှိနိုင်ဖို့ အခွင့်အရေး တွေ ပေးတာပဲဖြစ်တယ်။ ပြီးတော့ သူတို့ဝါသနာပါရာ၊ သူတို့နှစ်သက်ရာတွေကို လုပ်ကိုင်စေပြီး ပျော်ရွှင်ခြင်း ကို တိုးမြင့်ပေးတာဖြစ်တယ်။ ရှုံးနိမ့်သွားတာ၊ အောင်မြင်သွားတာက အဓိကမကျဘူး.. အဓိကကျတာက ပျော်ရွှင်တဲ့ စိတ်မွေးမြူနိုင်ဖို့နဲ့ မိမိကိုယ်ကိုယ် ယုံကြည်စိတ်၊ လုပ်ရဲကိုင်ရဲတဲ့ သတ္တိနဲ့ အကောင်းမြင်စိတ် ရှိဖို့ဖြစ်တယ်။ ကြီးမားတဲ့ အောင်မြင်မှုကို ရယူဖို့ များများတွေးတော ရတယ်။ တွေးတောမှု ထဲကနေ ဖန်တီးမှုတွေကို ဖြစ်စေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

မူရင်းရေးသားသူ-- Zhāng jiàn wěi

မူရင်း--- ၂ဝဝ၇ ခုနှစ် အမှတ် ၁၈ စက်တင်ဘာလထုတ် Readers (Du Zhe) မဂ္ဂဇင်းမှ ဆောင်းပါး တစ်ပုဒ်။

**နိုင်းနိုင်းစနေ (July. 30 . 2014)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...