ထိန်းသိမ်းတတ်စေချင်သည်

Written by ဆုမြတ်မြင့်မိုရ် (မေတ္တာ ပန်းကလေး)
လောာက မှာ ယောက်ျား များပြီး လင်ကောင်း ရှားတယ်။ မိန်းမ များပြီး မိန်းမကောင်း ရှားပါ တယ်။ လှပမှုကို အလေး ထားသူ၊ ငွေကြေး မက်မောသူ၊ အတွေ့ အထိကို ဦးစားပေးသူ တွေဟာ မျှော်မှန်းသလို ကောင်းစား ရတာထက် မမျှော်မှန်း ထားတဲ့ ပူဆွေးရတဲ့ နေ့ရက်တွေ ကိုသာ အများဆုံး ပိုင်ဆိုင် ရပါတယ်။

အချစ်မှာ မျက်စိ မရှိဘူးလို့ ကြွေးကြော် သူတွေ ကနေ တချို့မိန်းကလေး ငယ်ငယ်တွေ အသိမှား ပြီး လမ်းမှား လိုက်တတ် ကြပါတယ်။

မြင်းကမလှုပ် ခုံကလှုပ်၊ ကောက်ညှင်းက မစေးဘဲ ဆန်ကြမ်းက စေးနေကြပြီး အချစ်ကို အနှစ်ထင် ဆန္ဒကို ဦးစားပေး တတ်ကြပါတယ်။ တကယ်တော့ သဘာဝကို လွန်ဆန်ရင် ဒုက္ခကို ရင်မှာပိုက် အမိုက် လမ်းသာ လျှောက်ရမှာပါ။

စာရေးသူ သူငယ်ချင်းပြောပြတာလေးပါ။ ဆယ်တန်းအောင်တော့ တက္ကသိုလ်အသီးသီး တက်ကြတာ ပေါ့လေ။ သူက သူ့တက္ကသိုလ်က အကြောင်းတွေပြောပြရင်း ခုခေတ် မိန်းကလေးတွေရဲ့ အနေအထိုင် မတတ်ပုံကို ပြောပြတာပါ။ သူတို့ကျောင်းမှာ မိန်းကလေးက စလို့ စာလိုက်ပေးတာ။ လိုက်ချိန်းတာ။ ရည်းစား စကားပြောတာ တော်တော်များနေ ပါတယ်တဲ့။ သူကတော့ အဲဒီကိစ္စတွေအတွက် ရှက်လည်း ရှက် စိတ်လည်း မကောင်းဘူးတဲ့။ သူပြောပုံအရ သူ့သူငယ်ချင်းအသစ် မိန်းကလေး တစ်ယောက်က လည်း စာရေးသူတို့ကျောင်းက အောင်သွားတဲ့ ကောင်လေး တစ်ယောက်ကို အတင်း လိုက်ကပ်နေပါ တယ်တဲ့။

အဲဒီကောင်လေးက စာတော်ပါတယ်။ ရုပ်ရည်လည်းသန့်ပါတယ်။ သူ့ကိုကြိုက်နေတဲ့ စာရေးသူရဲ့ သူငယ်ချင်း တစ်ယောက်လည်း ရှိပါတယ်။ ဒါပေမယ့်စာရေးသူရဲ့ သူငယ်ချင်းကတော့ ဣနြေ္ဒဆယ်ပြီး သွားတော့မပြောပါဘူး။

အရိပ်အယောင်တွေတော့ ပြတာပေါ့လေ။ သူကလည်းအစက ဒီမိန်းကလေးလိုလိုနဲ့ သူ့ကိုမိန်းကလေး တန်မယ့် စာပေးလိုက်ချိန်းတဲ့ ကောင်မလေးနောက် ပါသွားပါရော။ လူငယ်တွေ ဖလန်းဖလန်းထတဲ့ အချိန်ဆိုတော့ ဘာပြောနိုင်မလဲ။ အရှည်လည်းမတွေး ဘာမှလည်းမတွေးဘဲ ဆန္ဒ တစ်ခုတည်းကို ဦးစားပေးတာက မကောင်းလှပါဘူး။ ခုမြင်ခုကြိုက် ခုလိုက် ဆိုတာမျိုးဖြစ်နေပြီး မိန်းကလေးက စကြိုက် စလိုက် စလမ်းကြောင်းပေးတာ ဆိုတော့ တော်တော်ခက်ပါတယ်။ အဲဒီမိန်းကလေးနဲ့ အတွဲဖြစ်သွားပါ တယ်တဲ့။

သူငယ်ချင်းနဲ့ ဒီအကြောင်းဆက်မပြောဖြစ်တော့လို့ ဘာတွေဆက်ဖြစ်ကြလည်းဆိုတာတော့ မသိ တော့ ပါဘူး။

ဒီနေရာမှာ မိန်းကလေးတွေကို ပြောချင်တာပါ။ ကိုရီးယားကားတွေကြည့်ပြီး ယူသင့်တာတော့မယူ မယူ သင့်တာတွေယူပြီး ပျက်စီးနေကြတာများပါတယ်။ စာရေးသူ ကိုးတန်းတုန်းကလည်း ဆယ်တန်း က အသိ အစ်မတစ်ယောက်က ယောက်ျားလေးတွေနဲ့ပေါင်းပြီး ဘီယာတွေသောက်ကြတာ မြင်ခဲ့ပါ တယ်။ ကျောင်းက အပြန် လမ်းမှာသောက်ကြတာပါ။ ခိုးသောက်တာပေါ့လေ။ မိဘတွေသိရင်တော့ ရင်ကျိုးမိ မှာပါ။ ကိုရီးယားက အေးလို့သောက်ကြတာ။ ပြီးတော့ ဗုဒ္ဓဘာသာ ထွန်းကားတာလည်း မဟုတ်ပါဘူး။ တရား အဆီအနှစ်တွေ ပျောက်ဆုံးနေကြပြီ။ သူတို့လုပ်သလိုလိုက်လုပ်လို့ ဘယ်ဖြစ်မလဲ။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံ။ စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်သီလတွေကိုလည်း သိနှင့် နေတာပဲ။ အဲဒါတွေထိန်းသိမ်းကြပေါ့။ အခုတော့မြန်မာမိန်းကလေးတွေက မကောင်းတာမျိုးတွေကို တော့ အတုခိုးပိုကျွမ်းတယ်။ အတို လိုက်ဝတ်ရမလား။ ဘယ်လောက်တိုတို။ အရက်လိုက်သောက်ရ မလား။ ဘယ်လောက်မူးမူး။ ရည်းစားစကားလိုက်ပြောရမလား။ ဘယ်လောက်သိက္ခာမဲ့မဲ့။ အဲလိုဖြစ်နေ ကြတာ ပါ။ (မှတ်ချက်။ ။ သက်ဆိုင်သူများ အတွက်သာ)

ကိုရီးယားကားထဲမှာ သူတို့တွေအလုပ်မှာ ဘယ်လိုပြိုင်ဆိုင်ကြတယ်။ မင်းသမီးဘယ်လိုကြိုးစားတယ်။ ကောက်ကျစ်သူ ဘာတွေဖြစ်သွားတယ်။ ဒါတွေကြည့်ပြီး သင်ခန်းစာယူရမှာပါ။ အတုမယူသင့်တာတွေ ယူနေသရွေ့တော့ ပျက်စီးမှုတွေပဲဖြစ်လာမှာပါ။ ပြီးတော့မိန်းကလေးတွေအတွက်ပါ။ ဖိုကမကိုလိုက် ကြိုက်တာသဘာဝပါ။ ပျားပိတုန်းတွေက ပန်းဆီပဲလာပါတယ်။ ပန်းကတောင်ပံပေါက်ပြီး ပျားပိတုန်း အသိုက်ကို မသွားပါဘူး။ သွားရင်တော့ စုတ်ပြတ်သွားရုံပဲရှိပါတယ်။ သဘာဝတရားဆိုတာ မလွန်ဆန် ရင်အကောင်းဆုံးပါ။

သဘာဝကို လွန်ဆန်မိသူ မိန်းကလေးအတွက်တော့ ယိုသူမရှက် မြင်သူရှက်ပါပဲ။ နစ်မွန်းဖို့ကလည်း လက်တစ်ကမ်းပါ။ ဒီလိုမိန်းကလေးတွေကိုလည်း အထင်ကြီးသူမရှိပါဘူး။ တစ်ဖက်သတ်လိုက်ကြိုက် သူမိန်းကလေးတွေကို ယောက်ျားလေးတွေ ရှောင်ကြတာများပါတယ်။ မကလိုက်ပြီး ချစ်လိုက်ရလို့ ကောင်းစားတယ် ဆိုတာ ရှားပါတယ်။ ကိုယ်ကစကြိုက်ကတည်းက ပင်ပန်းဖို့ချည်းပါပဲ။ မိန်းကလေး တွေက ပိုသတိထားသင့်ပါတယ်။ ယောက်ျားတစ်ယောက်မှာရော မိန်းမတစ်ယောက်မှာပါ ဖူးစာဖက် အိမ်ထောင်ဖက်ရွေးဖို့ အချိန်များစွာရှိပါတယ်။ အားချင်းပဲဖူးစာကို ဦးရာလူမရွေးသင့်ပါဘူး။ ဖူးစာကို ဦးရာလူယူခိုင်းခြင်းဟာ မိမိရဲ့တန်ဖိုးကို လျော့ကျစေပါတယ်။

နောက်တစ်ခုက ‘ချစ်တိုင်းလည်း မညား၊ ညားတိုင်းလည်းမချစ်’ တဲ့။ ဟုတ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်လျပါချည်ရဲ့ မခွဲနိုင်ဖြစ်ရပါချည်ရဲ့ဆိုပြီး သက်ဆိုင်သူနဲ့လွဲ အခြားသူနဲ့တွဲမိသွားသူ တွေအများကြီးပါ။

တဒင်္ဂဖြစ်တဲ့စိတ်ကစားမှုအတွက် မိမိသိက္ခာကို အပွန်းခံပြီး အမှားမလုပ်မိစေပါနဲ့။ မိန်းကလေးဆိုတာ မိမိအပြုအမူနဲ့ စိတ်နှလုံးသားနဲ့ပဲ မိမိတန်ဖိုးကို မြှင့်တင်နိုင်တာပါ။

အစ်ကိုတစ်ယောက်က ပြောပြဖူးပါတယ်။ သူ့ကိုမိန်းကလေးတွေဘက်က ချစ်လို့ကြိုက်လို့ပြောတာခံရ ဖူးတယ်တဲ့။ ဒါပေမယ့်သူကိုယ်တိုင်ကမှ မကြိုက်တာ။ သနားပြီးစိတ်မကောင်းပေမယ့် ငြင်းခဲ့ရပါတယ် တဲ့။ ဘုရားဘုရား အဲဒီစကားတွေကြားတုန်းက တကယ်အံ့သြမိပါတယ်။ ပြန်စဉ်းစားကြည့်ပါ။ စိတ် ထား ယုတ်ညံ့တဲ့ လူမျိုးသာ သွားကြိုက်မိရင် မိန်းကလေးတွေဘဝ အတွေးရဲစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လေ။ ဒီအစွန်းကြီးက ချွတ်ရခက်ပါတယ်။ အဲဒီမိန်းကလေးက ငါ့ကို ရည်းစားစကား ပြောခဲ့တာလေလို့ အချင်း ချင်းပြန်ဖွတတ်တဲ့ သူမျိုးနဲ့သာဆုံရင် ကိုယ့်ရာဇဝင်မှာ ကိုယ့်အတွက် ကြက်ခြေခတ်စာမျက်နှာ ရှိသွား မှာပါ။

ဒါကြောင့် ဆန္ဒကိုသိက္ခာနဲ့ထိန်းပါလို့ စကားဖြစ်လာတာပေါ့။ မိန်းကလေးဘဝဆိုတာ တစ်ကွက်မှား တာနဲ့တစ်သက်စာမက အရှက်ရစေနိုင်ပါတယ်။ သူများမသိရင်တောင် မိမိနဲ့မိမိပြောခဲ့ဖူးတဲ့ သက်ဆိုင် သူကသိနေတာပဲ။ ရှက်တတ်ရင်တော့ ဒီလိုကိစ္စတွေမလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။

မိန်းကလေးတွေ ယောက်ျားလေးတွေကို စကြိုက်ကြတာက ရုပ်ချောလို့တစ်မျိုး ပလီပလာအပြော ကောင်းလို့ တစ်ဖုံ ဓနအင်အားတောင့်တင်းလို့တစ်သွယ် အမျိုးမျိုးကြောင့် ကြိုက်ကြတာများပါတယ်။ များသောအားဖြင့် ရုပ်ရည်ကြောင့် ကြိုက်ကြတာများပါတယ်။ သေချာစဉ်းစားကြည့်ရင် ရုပ်ရည်ဗန်းပြ ပြီးလိုတာယူ ချူတတ်သူတွေလည်း များလှပါတယ်။ ဒါကြောင့် မိမိဟာလှတာမက်ရင် ဘဝပျက်နိုင် သလို ဥစ္စာမက်ရင်လည်း အလှပျက်နိုင်တယ်ဆိုတာ သိထားပါ။ တချို့ယောက်ျားတွေက အစာဝရင် ဌာနပြန်တတ် ကြတာမို့ အသိနုံနဲ့ သတိမဲ့တတ်တဲ့ ငယ်ရွယ်စဉ်မှာ မြင်မြင်ရာ အချစ်ထင်ပြီး အမြင်တွေမ လွဲကြပါနဲ့။ စိတ်ကစားတတ်တဲ့ အရွယ်မှာ ဖြစ်တတ်တာလို့ သဘောပိုက်ပြီး မိမိစိတ်ကို ထိန်းပါ။ အသိ ဉာဏ်ထက်လာတဲ့တစ်နေ့မှာ မိမိရဲ့မှန်ကန်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် မိမိကိုယ်ကို ဂုဏ်ယူနိုင်မှာပါ။ မိန်းကလေးတွေဟာ မိမိကိုယ်ကိုမိမိသိ မိမိတန်ဖိုးမိမိမြှင့်ပြီး အနေတတ်ပါစေ။

ရွှေခွက်လို တန်ဖိုးကြီးတဲ့ မိမိသိက္ခာအတွက် မှန်တဲ့လမ်းကို နားလည်ခံယူတတ်ကြပါစေ။ အမှားသိရင် အမှန်ပြင်ရတာမို့ အမှန်ကိုမြန်မြန်ပြင်နိုင်ကြပါစေ။


ကြေးမုံသတင်းစာ
ဇူလိုင် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...