ပျောက်ဆုံးတော့မှာလား အငြိမ့်သဘင်

မျိုးမြင့်စံ
ပျူခေတ် ကြေးရုပ်များကို ကြည့်ကြည့်။ နံရံ ဆေးရေး ရှေးရှေး ပုဂံခေတ် ပန်းချီ လက်ရာ များကိုပဲ ကြည့်ကြည့်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် မြန်မာ့ တူရိယာ တီးခတ်မှုနှင့် အတူ မြူးထူးက ခုန်နေသည့် အနုသုခုမ သဘင် ပညာရှင် ကြီးများကို အထင်းသား မြင်တွေ့ကြ ရမည် ဖြစ်သည်။ သူတို့သည် မြန်မာဘုရင် အဆက်ဆက် မြစိမ်းဖက်နှင့် ပုဆစ်ဒူးတုတ် ပွဲတော် တည်ခင်း ချီးမြှင့် ဂုဏ်ပြုမှုကို ခံယူခဲ့ ကြရသည့် မြန်မာ့ အနုသုခုမ သဘင် ပညာရှင် ကြီးများ ဖြစ်ခဲ့ကြသည်။

မြန်မာ့ သဘင်ပညာရပ်တွင် မြေ၀ိုင်းမှသည် စင်မြင့်ထက်သို့ အဆင့်ဆင့် တိုးတက် မြင့်မားလာခဲ့သည့် ဂရိတ်ဦးဖိုးစိန်၊ ယောက်ျား မင်းသမီး အောင်ဗလ၊ ရွှေမန်းတင်မောင်၊ လေဘာတီ မမြရင် အစရှိသဖြင့် သဘင် ပညာရှင်ကြီးများ၏ တစ်ခေတ် တစ်ခါက ရွှေရောင်လွှမ်းသော ညများရှိခဲ့သည်။

တစ်ခေတ် တစ်ခါဆီက အငြိမ့်မင်းသမီး၊ လူရွှင်တော်၊ မြန်မာ့တူရိယာ ဆိုင်းဝိုင်းတို့ဖြင့် ခေတ်အဆက် ဆက် ဟန်ချက်ညီညီ မြိုင်မြိုင် ဆိုင်ဆိုင် အသုံးတော်ခံ တင်ဆက်က ပြခဲ့ကြသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမ သဘင် ပညာရပ်သည် ယခုအချိန်တွင် မှေးမှိန် လာခဲ့ချေပြီ။ မြန်မာနိုင်ငံတွင် အနုသုခုမ သဘင်ပညာ အားကောင်းမောင်း သန်ဆုံးဟု ဆိုရမည့် မန္တလေးမြို့တွင်ပင် အငြိမ့်သဘင်သည် လက်တစ် ဖက်စာပင် မပြည့်တော့။

““တစ်ချိန်က ကတ္တရာလမ်းမ ပူပူပေါ်မှာ ကိုယ့်ဖိနပ်ကို ဖင်ခုထိုင်ပြီးတော့ ချွေးတပြိုက်ပြိုက်နဲ့ အားပေးခဲ့ ကြတယ်။ ဒီဘက်ပိုင်းမှာတော့ ကျွန်မတို့ မင်းသမီးတွေမှာ ရုပ်ရည်အရ ထိုင်ကြည့်ချင် လောက်အောင် လှတဲ့သူလည်း အတော့ကို ရှားသွားပါပြီ။ ဒီဘက် နှစ်တွေမှာပေါ်လာတဲ့ နိုက်ကလပ်တွေ၊ ကေတီဗွီတွေ၊ စင်တင် ကာရာအိုကေတွေ အများကြီး ပေါ်လာတော့ အဲဒီနေရာတွေမှာပဲ အပန်းဖြေ ချင်ကြတာပေါ့။ ကျွန်မတို့ အငြိမ့်သဘင်၊ ဇာတ်သဘင်တွေကို ကတ္တရာလမ်းမ ပူပူပေါ်မှာ ဒုက္ခခံ ထိုင်ကြည့်ပြီးတော့ ဘယ်မှာ အပန်းဖြေ ချင်ကြတော့မှာလဲ””ဟု အငြိမ့် မင်းသမီးကြီး ပန်တျာထိပ်သီး သန်းသန်းက ပြော သည်။

သုခုမရပ်ဝန်းဟု တင်စားနိုင်သည့် သဘင်ပညာရှင် အများဆုံး တည်ရှိရာ မြန်မာဘုရင်များ နောက်ဆုံး နန်းစိုက်ခဲ့သည့် မန္တလေးမြို့တွင် ယခင် (၁၉၈၈) ခုနှစ် ၀န်းကျင်ခန့်က အငြိမ့်သဘင် (၄၀) ၀န်းကျင် ရှိခဲ့ရာမှ ယခုအခါ အငြိမ့်သဘင် စစ်စစ်မှာ (၄) ခုသာ ကျန် ရှိတော့ကြောင်း မန္တလေးတိုင်း ဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံးမှ သိရသည်။ ဇာတ်သဘင်မှာမူ (၃၉) ခု ရှိသည်။

သဘင်ပညာရှင် အများဆုံး နေထိုင်ရာ မန္တလေးခရိုင်တွင် သဘင်ပညာရှင် ဦးရေ (၂၀၁၃-၁၄) သဘင် ရာသီနှစ် လူဦးရေ စာရင်းအရ (၁၉၆၂) ဦးရှိပြီး၊ ဇာတ်သဘင် မင်းသားဦးရေ (၂၀၀) ကျော်ရှိသည်။ အငြိမ့်မင်းသမီး ဦးရေမှာမူ တစ်နှစ်ထက် တစ်နှစ် နည်းပါးလာနေပြီး၊ အချို့သော ဇာတ်သဘင်များတွင် ယိမ်းအဖွဲ့ကပြရန်ပင် ပြည့်မီအောင် အငြိမ့်မင်းသမီး မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး သဘင် ပညာရှင်များ အစည်းအရုံး အတွင်းရေးမှူး ဦးနန်းဋ္ဌေးအောင်က ပြောသည်။

၁၉၈၈ အရေးအခင်းကာလ နိုင်ငံရေး ဟောပြောမှုများတွင် သဘင် ပညာရှင်အချို့ တစ်တပ်တစ်အား ပါဝင်ခဲ့ကြပြီး နောက်ပိုင်း စစ်အုပ်ချုပ်ရေး ကာလများ၌ မြန်မာ့ သဘင်ပညာရှင်များ ပွဲမိန့်တောင်းခံရခြင်း၊ ပွဲမိန့်တောင်းခံရာတွင် အချိန်ကြန့်ကြာမှုနှင့် နိုင်ငံရေးနှင့် ဆက်စပ်သည့် သီချင်းဟာသ ပြက်လုံး များကြောင့် အဆင့်ဆင့်ခေါ်ယူ သတိပေးမှုများ ရှိခဲ့ခြင်းနှင့် နိုင်ငံတော် ရုံးပိတ်ရက်များတွင် ယခင်ကဲ့သို့ လွတ်လွတ် လပ်လပ် ဖျော်ဖြေခွင့် မရရှိကြတော့ခြင်းတို့ကြောင့် အငြိမ့်သဘင် လောက ဆုတ်ယုတ် လာခဲ့ရသည်ဟု အငြိမ့်သဘင် ပညာရှင်များက ဆိုသည်။ ထို့အပြင် အငြိမ့်ပွဲများ အတွက် ဦးဆောင် ကျင်းပသူတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ပိုမိုကြီးလေးလာသဖြင့် အငြိမ့် သဘင်ငှားရမ်းမှု နည်းပါးလာကြ သည်ဟု ၎င်းတို့က ပြောသည်။

““၈၈ အရေးအခင်း နောက်ပိုင်းမှာ ဟိုနားတစ်ပွဲ ဒီနားတစ်ပွဲနဲ့ ပြန်လည် ကပြလာကြတဲ့ အခါမှာ နိုင်ငံတော်က စစ်အုပ်ချုပ်ရေး ဥပဒေတွေနဲ့ ပွဲမိန့်ဆိုပြီး ထုတ်ပြန်လိုက်တဲ့ အခါမှာ တစ်အချက် ရပ်ကွက် လူကြီးတွေက ဟိုနား မတ်တပ်ရပ်ရ၊ ဒီနား မတ်တပ်ရပ်ရနဲ့ တစ်ခုခုဖြစ်ရင် ခင်ဗျားတာဝန် ယူရမှာနော် ဆိုတဲ့ အချက်တွေကြောင့် တဖြည်းဖြည်းနဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်းနဲ့ အငြိမ့်တွေက ပြုတ်သွား လိုက်ကြတာ။ ဒါ့ကြောင့်ပဲ အငြိမ့်သဘင် ဆိတ်သုဉ်းသွားရခြင်း ဖြစ်တယ်”” ဟု နန်းမြို့တော် ဇာတ် သဘင်ဆရာ၊ ယခင်အငြိမ့်သဘင် ဆရာတစ်ဦး ဖြစ်သူ မန္တလေးတိုင်း ဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံး ဘဏ္ဍာရေးမှူး ဦးမြမောင်က ပြောသည်။

ယခင်က အာဇာနည်နေ့ ရောက်ပြီဆိုလျှင် ရပ်ကွက်တိုင်းမှ “အာဇာနည်နေ့ ကိုတော့ဖြင့် တို့မမေ့နိုင်ပါ သလေ”စသည်ဖြင့် အငြိမ့်များ ဆိုင်းဝိုင်းများမှ မင်းသမီးကြီးများ၏ သီချင်းဆိုသံများ ကြားကြရသည်။

၈၈ မတိုင်မီက မန္တလေးတိုင်း ဒေသကြီး အပါအ၀င်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင် ပြည်နယ် အပါအ၀င် နိုင်ငံအနှံ့ရှိ ဒေသများတွင် အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စု နေ့၊ အလုပ်သမားနေ့၊ မဟာသင်္ကြန် အစရှိသည့် နိုင်ငံတော် အသိအမှတ်ပြု အားလပ်ရက်များတွင် တစ်ရက် လျှင် နှစ်ပွဲဆက် ကပြကြရသည် အထိ နိုင်ငံတော်အစိုးရမှ အားပေးမှု ရှိခဲ့ကြောင်း ၎င်းက ထပ်မံပြော သည်။

မန္တလေးတွင် ယခင်က ဈေးချိုတော်ကြီး (၁၂) ရုံရှိသည်။ တို့အပြင် သံဖြူတန်း၊ ပန်းတန်းအစရှိသဖြင့် အပြင်ဘက်တွင် ဈေးတန်းများစွာ ရှိနေသေးသည်။ ဈေးချို ဈေးတန်းများမှာ နေ့ထူး နေ့မြတ်များတွင် ကိုယ်အဖွဲ့နှင့် ကိုယ်စုပေါင်းကာ အငြိမ့်ပွဲများ ငှားရမ်းကာ ကျင်းပခဲ့ကြသည်။ ထိုအခါက အငြိမ့်များသည် နေ့ပွဲ၊ ညပွဲစသည်ဖြင့် ပွဲဆက်များစွာဖြင့် ကပြကြရပြီး အချို့သောလများတွင် (၃၅) ပွဲအထိပင် ကပြကြရသည်ဟု အငြိမ့်သဘင် အနုပညာရှင်များက ဆိုသည်။

““ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ရပ်ကွက်တိုင်းမှာ ဓမ္မာရုံတွေရှိတယ်။ ဓမ္မာရုံ လူကြီးတွေက နေ စုပေါင်းပြီးတော့ ရပ်ကွက်တိုင်းမှာ အငြိမ့်တွေ၊ ဇာတ်တွေအပြိုင် ကျင်းပကြတယ်။ ကျွန်တော်ကတော့ ဇာတ်သဘင်ထက် အငြိမ့်ကိုပိုကြိုက်တယ်။ မဆလ ခေတ်ဆိုတော့ ပါတီကို ပြက်လုံး ထုတ်ကြတယ်။ ခေတ်ကို သရော်တယ်၊ စနစ်ကို သရော်တယ်။ ဒီရပ်ကွက်ပြီးရင် ဟိုရပ်ကွက် အဲလို လှည့်ကြည့်ကြ တာ””ဟု မန္တလေးဒေသခံ ကာတွန်း ဆရာညီညီထွေးက ပြောသည်။

မြန်မာနိုင်ငံ ဒေသအနှံ့တွင် အငြိမ့်သဘင်၊ ဇာတ်သဘင်များစွာ ကပြနေကြသော်လည်း စာချုပ်စာတမ်း ခိုင်မာစွာဖြင့် ဖွဲ့စည်းထားသည့် အနုပညာ အငြိမ့်သဘင်နှင့် ဇာတ်သဘင်များသည် မန္တလေးမြို့တွင်သာ ရှိသည်။ နှစ်စဉ် တည်ထောင်ခွင့်ကို ၀ါဆိုလဆန်း (၁) ရက် နေ့မှ စတင်ကာ ပါမစ်ပြုလုပ်ကြရပြီး၊ ၀ါခေါင်လကွယ်နေ့တွင် နောက်ဆုံးအဖြစ် သတ်မှတ်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး သဘင် ပညာရှင်များ အစည်းအရုံးမှ သိရသည်။

““မြန်မာ့ အနုပညာရှင်တွေ ဘက်က အားနည်းတာလည်း ပါပါတယ်။ နိုင်ငံတော်ဘက်က ပံ့ပိုးမှုမရှိတဲ့ အားနည်းချက်တွေလည်း ပါပါတယ်။ သဘင်အနုပညာ လောကအခုလို ဖြစ်သွားရတာ ကတော့ တစ်ဦး တစ်ယောက်တည်း ကြောင့်တော့ မဟုတ်ပါဘူး။ မင်းသားတွေ ဘက်ကလည်း စတိတ်ရှိုးလေး ကောင်း ကောင်း ဆိုတတ်ရင်ဖြစ်ပြီ။ မင်းသမီးတွေ ဘက်ကလည်း မလုံ့တလုံ အ၀တ်အစားလေးတွေ ၀တ်တတ် ရင်ဖြစ်ပြီလို့ ယူဆလာကြ တာတွေလည်း ရှိပါတယ်။ ကျွန်မတို့ရဲ့ အငြိမ့်သဘင်ပညာဟာ သက်တမ်း အားဖြင့် သိပ်မကြာတော့ဘူး။ ပျောက်ဆုံးတော့မယ်လို့ ကျွန်မထင်ပါ တယ်””ဟု အငြိမ့်မင်းသမီးကြီး ပန်တျာထိပ် သီးသန်းသန်းက ပြောသည်။

ယခင်က အငြိမ့်သဘင်များကို ရပ်ကွက် ပျော်ပွဲရွှင်ပွဲများ သာမက တက္ကသိုလ် ကျောင်းများတွင်လည်း ကပြ အသုံးတော်ခံကြရလေ့ ရှိခဲ့သည်။ တက္ကသိုလ် ကျောင်းသား ပညာတတ်များ နှင့် သဘင်စာရေး ဆရာများ မှလည်း တေးသီချင်း၊ အော်ပရာ၊ ပြဇာတ်များ၊ နောက်ပိုင်း ဇာတ်တော်ကြီးများ ရေးသားကာ အငြိမ့် သဘင်၊ ဇာတ်သဘင်များ အကျိုးပံ့ပိုးမှုများ ရှိခဲ့ကြသည်ဟု ၎င်းက ပြောသည်။

စစ်အုပ်ချုပ်ရေး ကာလအတွင်း အငြိမ့်သဘင်များကို နိုင်ငံတော်ပွဲများတွင် လည်းကောင်း၊ တပ်မတော် အတွင်း၌ လည်းကောင်း အသုံးပြုခဲ့ကြသည်။ နိုင်ငံတော်မှ ပြုလုပ် ကျင်းပခဲ့သည့် ဆိုကရေးတီး ပြိုင်ပွဲ များတွင် အစိုးရ၏ ထောက်ပံ့မှုများ ရှိခဲ့သော်လည်း စရိတ်စက မလောက်ငမှု များကြောင့် မိမိစရိတ်ဖြင့် စိုက်ထုတ်ကာ အသုံးတော်ခံခဲ့ ကြရသည်။ သို့သော် ယနေ့အချိန်အထိ သုခုမ သဘင်ပညာရှင်များ အပေါ်နိုင်ငံတော်၏ ထောက်ပံ့မှုသည် လုံးဝမရှိဖြစ်နေသည်ဟု အနုပညာရှင်များက ပြောသည်။

ထောက်ပံ့မှု အားနည်းသော်လည်း ဆိုကရေးတီး ပြိုင်ပွဲအချိန်များ နီးလာလျှင် နိုင်ငံတော်မှ သဘင် ပညာရှင်များကို သတိတရရှိသည် ဟုလည်း ၎င်းတို့က ဆိုသည်။

““နိုင်ငံတော်အစိုးရ အဆက်ဆက်ကတည်းက သဘင်က ကျရာနေရာက အလုပ်လုပ်လာတာ။ အခုမှ မဟုတ်ဘူး။ နေရာပေးဖို့ ကောင်းလာပြီ။ သဘင်၊ ဂီတနဲ့ ရုပ်ရှင်ကို နိုင်ငံတော် သမ္မတကြီးက တွေ့ဆုံ တယ်။ ရုပ်ရှင်ကို ဘာတွေ ပေးလိုက်တယ်၊ ဂီတကို ဘာတွေ ပေးလိုက်တယ် ဆိုတဲ့ အသံတွေပဲ ကြားရ တယ်။ ဘယ်မလဲ သဘင်ကို ဘာတွေပေးဖူးသလဲ။ ဟိုးတုန်းကတည်းက သဘင်ကို နေရာပေးရမှာပါ။ သဘင်ကို အသိအမှတ် ပြုရမှာပါ””ဟု လူရွှင်တော်များ ပရဟိတအဖွဲ့မှ ဟာသ လူရွှင်တော် ကိုဂွတ်ရှယ် က ပြောသည်။

သဘင်အနုပညာ ဖွံ့ဖြိုးတိုးတက် စေလိုပါကသဘင်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြသောဆိုင်းများ၊ သဘင်နှင့် ဇာတ်များ၊ အငြိမ့်များ၊ ဘိသိက်များကို ပွဲမိန့်ချောမွေ့လွယ်ကူစွာ ရရှိစေရေး၊ ပွဲမိန့်တိုင်းတွင် မြို့နယ်သဘင် အဖွဲ့အစည်း အသီးသီးရဲ့ ထောက်ခံချက် ပါရှိရေး၊ ကပြနေကြသော ဇာတ်များ၊ ဆိုင်းများ၊ အငြိမ့်များ၊ ဘိသိက်များ အတွက် လုံခြုံရေး အပြည့်အ၀ တာဝန်ယူပေးရေး၊ ဇာတ်သဘင်တိုင်း၊ အငြိမ့် သဘင်တိုင်း၊ မြန်မာ တစ်နိုင်ငံလုံးတွင် တစ်နှစ်စာပွဲကြေး ကြိုတင်ပေးရသည့် နေရာမှာ မန္တလေးမြို့ တစ်ခုသာ ရှိသည့်အတွက် သဘင်အနုပညာ လောကတွင် လာရောက် လိမ်လည်နေကြသော အကျင့် ပျက်များကို တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သည့် နေရာတွင် ဥပဒေရေးဆိုင်ရာ ၀န်ထမ်း များကို အပြည့်အ၀ တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရေး၊ လမ်းကြေး၊ တံတားကြေး၊ မြို့ဝင် မြို့ထွက် ဇာတ်များ၊ ဆိုင်းများ၏ မော်တော်ယာဉ်များ လွယ်ကူချောမွေ့စွာ အတားအဆီးမရှိ ၀င်ထွက်သွား လာနိုင်ရေး စသည်တို့အပြင် ရုပ်ရှင်မြို့တော်အဖြစ် တည်ဆောက်ရန် အတွက် ရုပ်ရှင်အိမ်ရာ စီမံကိန်းကို တောင်းဆိုတဲ့ နေရာတွင် အဆင်ပြေ သွားသကဲ့သို့ မန္တလေးတိုင်း ဒေသကြီးတွင် သဘင်မြို့တော် တည်ဆောက်ရေးနှင့် သဘင် အိမ်ရာစီမံကိန်း အတွက် သဘင် ပညာရှင်များသို့ ချီးမြှင့်ရန် လို အပ်ကြောင်း မန္တလေးသဘင် ပညာရှင်များ အစည်းအရုံး အတွင်းရေးမှူး ဦးပေါက်ကျိုင်းက ပြောသည်။

ယခုအခါ မန္တလေးမြို့ရှိ မြန်မာ့သုခုမ သဘင်အနုပညာရှင်များ အငြိမ့်၊ ပြဇာတ်နှင့် ဆိုင်းဝိုင်းများ ဇာတ်တိုက် ကြသည့် အခါတွင် ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်၏ ငြိုငြင်မှုများကြောင့် မန္တလေးမြို့နှင့် ဝေးရာ တံတားဦးမြို့နယ်တွင် လည်းကောင်း၊ မန္တလေးမြို့၏ အရှေ့ဘက် ရန်ကင်း တောင်ခြေ သို့မဟုတ် ဆိတ်ငြိမ်ရာ အရပ်ဒေသများတွင် သယ်ယူ ပို့ဆောင်ရေး စရိတ်စကများစွာ အကုန်အကျခံကာ သွားရောက်ပြီး တီးလုံးတိုက်ကြ ရလေ့ရှိကြောင်း သဘင် အနုပညာရှင်များထံမှ သိရသည်။

““ကျွန်တော်တို့ ဇာတ်တွေမှာ ဆိုင်းတွေ ဇာတ်တွေ တကယ်တမ်း တီးလုံး တိုက်ကြတဲ့ အခါ ဒုက္ခ ရောက်ပြီ။ ဘာလို့လဲဆိုရင် လေးနာရီကျော်ရင် ခဲနဲ့ ပစ်တာတို့ပေါ့။ ကျွန်တော်တို့ လုပ်သင့် လုပ်ထိုက်တဲ့ နေရာကို မရှိဘူး။ အဲဒါတွေကြောင့် က၊ွန်တော်တို့ကို သဘင်ခြံပေးပါလို့ တိုင်ဒေသကြီး ၀န်ကြီးချုပ်နဲ့ တွေ့တဲ့အခါ တောင်းဆိုမယ်။ တီးလုံးတိုက်ဖို့ အတွက်ပါ။ ဒီလိုမှ ချမပေးနိုင်ဘူးဆိုရင် အမျိုးသား ဇာတ်ရုံ ကြီးကို ကျွန်တော်တို့ သဘင်တွေ တီးလုံးလာတိုက်မယ်။ ကျွန်တော်တို့မှာ တံတားဦးကို သွားပြီးတော့ ဇာတ်တိုက်ရ၊ ရန်ကင်းတောင်ကို သွားပြီးတော့ ဇာတ်တိုက်ရနဲ့ စရိတ်စကတွေ ကုန်ကြနဲ့ ဖြစ်နေကြရ တယ်””ဟု မန္တလေးတိုင်း ဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံး နာယက ဦးမွတ္တားက ပြောသည်။

ယခင်က နိုင်ငံတော်၏ အစီအစဉ်ဖြင့် နိုင်ငံတကာသို့ သွားရောက်ကာ ကပြခဲ့ကြရသည့် သဘင်ပညာရှင် များစွာ ရှိခဲ့ကြသည်။ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း၊ ယိုးဒယားပြန် အမာစိန်အစရှိသည့် သဘင်ပညာရှင်ကြီး များကို နိုင်ငံတော် အစီအစဉ်ဖြင့် ချစ်ကြည်ရေး ခရီးစဉ်များ၊ ယဉ်ကျေးမှု ဖလှယ်ပွဲများ စသည်ဖြင့် စေလွှတ်ခဲ့ကြသည်။

ယခုအခါတွင် စေလွှတ်မှုများ ရှိသော်လည်း လက်ရှိသဘင် ပညာရပ်ဖြင့် အောင်မြင်စွာ အသက်မွေး ၀မ်းကျောင်းပြုသူများကို စေလွှတ်မှု မရှိတော့ဘဲ ယဉ်ကျေးမှု ၀န်ကြီးဌာန မှ သဘင် ပညာရှင်အချို့ကိုသာ စေလွှတ်မှုရှိခဲ့သည်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...