***နှလုံးသားနှင့် ပြုံးပါ***

အရှုံးလည်း မပေးရသည့် အပြင် အမြတ်လည်း ရသော ရင်းနှီးရသော အလုပ်ဟူသည် ပြုံးပြခြင်းပင် ဖြစ်သည်။ မိမိ၏ မျက်နှာလေးနှင့် မျက်လုံးလေး များကို အပြုံးများဖြင့် တန်ဆာ ဆင်ပါက လွန်စွာကျက်သ ရေရှိသည်ကို မိမိတို့ ကိုယ်တိုင် သိချင်မှသိပေမည်။ မိမိ၏မျက်နှာကို မြင်တွေ့ရ သူများကတော့ သိကြ ပေသည်။

အချို့သော သူများသည် ပြုံးရသော အလုပ်ကိုပင် အလွန်ခက်ခဲသော အလုပ်ကြီး လုပ်ရသည့် ပမာဖြစ် နေကြသည်။ အချို့များကတော့ ‘ပြုံးချင်စိတ်ကို မရှိတာ ပြုံးလို့ဘာရမှာလဲ။ အာညောင်းရုံနဲ့ အာပြဲရုံပဲရှိ မှာပေါ့’ ဟု ဘုကျကျ ပြန်ပြောသည် များလည်း ရှိသည်။ ‘ပြုံးရင် ပေါတယ် ထင်မှာစိုးလို့’ ဟု ဆိုသူများ လည်းရှိသည်။

ပြုံးလှ်ျင်ပေါသည်ဟု မည်သူက ထင်မည်နည်း။ မိမိဘက်မှ တစ်ဖက်သား အပေါ်သို့ ပြုံးပြသော အမူအ ရာမမှန်လျှင်တော့ ထိုအထင်သည် မှန်ကောင်းမှန်နိုင်ပါသည်။ အပြုံးဟုဆိုရာတွင်လည်း နှလုံးသားမှ လာသောအပြုံးကို ဆိုလိုခြင်းဖြစ်ရာ နှလုံးသားမှလာသောအပြုံး မဟုတ်ဘဲ အမုန်းတရားမှလာသော အပြုံးဖြစ်ပါက (သို့မဟုတ်) မိမိဖြစ်လိုရာအတွက် ပြုံးထားသောအပြုံးဖြစ်ပါက အဘယ်မှာလျှင် လှပပါ တော့မည်နည်း။ တစ်ဖန်ရာဂတဏှာကြောင့် တပ်မက်၍ကြည့်သော အခိုးတဝေဝေဖြစ်နေသည့် ခေါ တောတစ်ထောင်အား မျက်လုံးအနေအထားနှင့် ရမ္မက်အပြုံးဆိုပါက မည်သူကကြိုက်ပါမည်နည်း။

မိမိမုန်းသောသူကို စေတနာမပါဘဲ ပေးရကမ်းရပြောဆို ဆက်ဆံရသောအခါ မချိပြုံးပြုံးထားရသော ကြောင့် ထိုအပြုံးတို့သည် အဘယ်မှာလျှင် တောက်ပပါမည်နည်း။ သူတစ်ပါးအား ပျက်စီးစေလိုသော ရည်ရွယ်ချက်ကို ဆောင်ရွက်နေစဉ်တွင် ပြုံးထားရသော ထိုမျက်နှာဖုံးတပ် အပြုံးတို့သည် အဘယ်မှာ လျှင် ကျက်သရေရှိပါမည်နည်း။

ဟုတ်ပါသည်။ မိမိပါးစပ်ကို ဖြဲပြတိုင်းသည် ပြုံးပြခြင်း မဟုတ်သည်မှာ သေချာပါသည်။ သူတစ်ပါးအ ပေါ်စေတနာသန့်သန့်နှင့် ရိုးရိုးသားသား ခင်မင်သော နှစ်လိုဖွယ် အပြုံးသည်သာလျှင် ကျက်သရေရှိ သော၊ လှပသော တကယ့် အပြုံးလေးများဖြစ်ပါသည်။ မိမိကိုယ်၌ကပင် အရောင်မဆိုးသော ချစ်စဖွယ် အပြုံးတို့ကိုသာ မြင်လိုလှသည် မဟုတ်ပါလား။

ဆေးသိပ္ပံတစ်ခု၏ တွေ့ရှိချက်အရလည်း ပြုံးနေစဉ်တွင် မိမိမျက်နှာပေါ်ရှိ အကြောငယ်လေးများ လှုပ် ရှားကြသည်။ ထိုအကြောလေးများသည် နုပျိုမှုကိုပေးစွမ်း စေပါသည်ဟူ၏။ ထို့အတူ မဲ့နေသောအခါ တွင်လည်း မျက်နှာပေါ်ရှိ အကြောလေးများ လှုပ်ရှားကြသည်။ သို့သော်မဲ့ခြင်းကြောင့်လှုပ်ရှားသော အကြောငယ်တို့သည် ပိုမိုအိုစာစေပါသည် ဟူ၏။ ထို့ကြောင့်နုပျိုလိုသော သူအပေါင်းသည် နှလုံးသားမှ လာသော စစ်မှန်သော အပြုံးများသာပြုံးရန် လိုပါသည်။

မုန်းနေသူနှစ်ဦးပင်လျှင် တစ်ဦးက စ၍နှစ်လိုစွာ ပြုံးပြပါကကျန်တစ်ဦးမှ မဲ့ပြမည်ဟု ထင်ပါသလား။ အပြုံးချိုချိုအတွက် အပြုံးချိုချိုသာပြန်ရမည်မှာ မလွဲပေ။ စာရေးသူ၏ အဖြစ်အပျက် တစ်ခုရှိသည်။ စာရေး သူသည် ငယ်စဉ်က လွန်စွာစွာသည်။ မိမိပေါ်တွင်ကောင်းပါမှ ပြန်လည်ကောင်းပြတတ်သည်။ မျက်နှာထားလည်း လွန်စွာတည်သည်။ အပြုံးဟူသည် စာရေးသူအတွက် ပြုရခက်သော အရာတစ်ခု ဖြစ်ခဲ့ဖူးသည်။

တစ်ရက်တွင် စာရေးသူသည် ဆရာမတစ်ယောက်၏ အိမ်မှပြန်လာစဉ် အကြောင်းအရာ တစ်ခုနှင့် ပတ်သက်၍ ပြန်စဉ်းစားမိပြီး ပြုံးမိသွားသည်။ လမ်းမထက်တွင် လမ်းလျှောက်ရင်း ပြုံးမိသည်ဖြစ်ရာ ရှေ့မှလာနေသော သူငယ်ချင်းတစ်ဦးနှင့် ဆုံမိသည်။ စိတ်ကြည်နေသည်ဖြစ်ရာ မိမိစဉ်းစားမိပြီး အပြုံး နှင့်ရောလျက် သူ့ကိုပြုံးပြလိုက်သည်။ ထိုသူငယ်ချင်းသည် များမကြာခင်က စာရေးသူနှင့်အချင်းများ ထားပြီး စကားမခေါ်မပြောသူဖြစ်သည်။

စာရေးသူပြုံးသည်ကိုမြင်ပြီး သူငယ်ချင်းမှ စာရေးသူကိုပြန်ပြုံးပြသည်။ ထို့နောက်သူ့ဘက်မှ နှုတ်ဆက် စကားလာဆိုပြီး သူပြုံးကိုယ်ပြုံးနှင့် သူငယ်ချင်းနှစ်ဦးခေါ်ပြောဖြစ်ကာ ပြန်လည် သင့်မြတ်သွားကြသည်။

ထိုမှစာရေးသူကို သင်ခန်းစာပေးလိုက်သည်မှာ ပြုံးပြခြင်းသည် သင့်မြတ်မှုကိုဖြစ်စေပြီး မိတ်ဆွေပေါ များခြင်း လူချစ်လူခင်များခြင်းပေတည်း။

မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များလည်း ရှိသည်။ ဒေါသထွက်နေသူရှိပါက ထိုသူ၏ အမျက်ဒေါသသည် တစ်ဖက်သားကို ကူးစက်သွားပြီး ပူလောင်စေသကဲ့သို့ မေတ္တာထားသူရှိ ပါကလည်း ထိုသူ၏မေတ္တာဓာတ်တို့သည် အနီးအနားရှိသူတို့ကို ထိစပ်သွားကာ မေတ္တာငွေတို့ဖြင့် အေးမြစေပါသည်။

အလားတူစွာပင် မဲ့ပြသူအတွက် မဲ့ပြသောမျက်နှာတစ်စုံသာ ပြန်လည်ရရှိမည်ဖြစ်ပြီး ပြုံးပြသူအတွက် ပြုံးပြသော မျက်နှာတစ်စုံကို လက်ဆောင်ပြန်ရရှိမည်ဖြစ်သည်။ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက် ရောက်မှု ရှိသည်ပင် မဟုတ်ပါလား။

မှန်ကြည့်သောသူအတွက် မိမိပြုသောအပြုအမူအတိုင်းသာလျှင် မိမိပုံရိပ်သည် မှန်တွင် အရိပ်ထင်ပေ သည်။ ထို့ကြောင့်အပြုံးလှလှ ရလိုသူအတွက် နှလုံးသားမှလာသော အပြုံးသာပြုံးစေချင်ပါသည်။

မိမိအပြုံးကြောင့် အောင်မြင်မှု ရရှိခဲ့ကြသူများ လက်ညှိုးညွှန်ပါက မလွဲနိုင်ပေ။ စကားပြောတတ်ပါက လေယာဉ်ပင် အလကားစီးနိုင်သကဲ့သို့ ပြုံးပြခြင်းကြောင့်လည်း လိုရာခရီးကို အလွယ်တကူရောက်ရှိ နိုင်ပါသည်။

ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးကြား အမုန်းတရားများကို ပျောက်ပျက်စေ၍ ချစ်ခြင်းတရားများသာ ပွားများ စေသော လှပသော အပြုံးပန်းလေးများကို လူတိုင်းနှုတ်ဖျားတွင် ဆင်မြန်းစေချင်ပါသည်။ ရုပ်မလှသူပင် ဖြစ်လင့်ကစား နှစ်လိုဖွယ်ပြုံးပြသောအခါ ချစ်စရာ အနေအထားသို့ ရောက်သွားသည်ဖြစ် ရာမျက်နှာ လှလှ ရှိသူများအနေဖြင့် မျက်နှာမတည်ဘဲအပုပ်ဘဲ ပြုံးပြုံးလေးနေပါက မည်မျှလှသွားမည်ကို တွေးကြည့် စေချင်ပါသည်။

အပြုံးဟူသည် အမှန်စင်စစ် အိုစာနေသော မျက်နှာကိုပင် နုပျိုသွားစေသည်။

အပြုံးကြောင့်အိုခြင်းသည် မည်သည့်အခါမျှ ရှိလာမည်ဟုတ်ပေ။ အပြုံးဟူသည် လူအများမြင်သော မျက်နှာထက်တွင်သာ ထားရှိရခြင်းဖြစ်ရာ တင့်တယ်ရန်လိုသည်။ စစ်မှန်ရန်လိုသည်။ နှလုံးသားထက် မှလာရန်လိုသည်။

စစ်မှန်သော နှလုံးသားမှ လာသော အပြုံးအတွက် အရှုံးဟူသည် မည်သည့်အခါမျှ ရှိလာမည်မဟုတ်ပေ။ ထို့ကြောင့် ပြုံးပါ။ နှစ်လိုစွာ ပြုံးပါ။ ဖော်ရွေစွာပြုံးပါ။ နှလုံးသားမှအလှကို အပြုံးနှင့်တန်ဆာဆင်ပါ။ မုဒိ တာမှ ရိုက်ခတ်ခြင်းဖြစ်သော အပြုံးများသာ မျက်နှာထက်တွင် ဝေဆာစေပါ။ ကျက်သရေဝေဖြာမည်ကို အာမခံပါသည်။ လူတိုင်းပြုံးတတ်ကြပါစေ။ ။


ကြေးမုံသတင်းစာ
ဇူလိုင် (၁၃) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...