ဂျာနယ်အစုံက ဟင်းချက်နည်းများ

bestclipartblog.com
မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ ပါသမျှ ဟင်းလျာတွေကို ချက်ပြုတ်ရာမှာ ပါဝင်ပစ္စည်း တော်တော် များများက တချို့အိမ်တွေမှာ အသင့်မရှိ တတ်ပါဘူး။ အထူးသဖြင့် မြန်မာလူမျိုးတွေနဲ့ အသားကျမနေတဲ့ ဟင်းလျာ များကို ချက်ပြုတ်ရာမှာ ဖြစ်ပါတယ်။

အဲ့လိုမျိုးတွေ ဆိုရင်တော့ ကျွန်တော်က ကူးထားလေ့မရှိဘဲ ဖတ်ရုံသာ ဖတ်တတ်ပါတယ်။ ပြီးတော့ ကျွန်တော့် ပါးစပ်ကလည်း အာရှအစားအစာ များကိုသာ ကြိုက်နှစ်သက် အာသာပြေလေ့ရှိပြီး အနောက် တိုင်း အစားအစာ အများစုကိုတော့ သိပ်မကြိုက်တတ်ပါဘူး။

ကဲကဲ…. မီးတို့အကြိုက် မွန်းလိုက် အချိုရည်တော့ မဟုတ်ပါ ဂျာနယ်ထဲက ဟင်းလျာတွေထဲက တစ်ချို့ကို ကူးယူဖော်ပြ ပါတော့မယ်။ သွားရည်ကျပြီး ကူးရေးလိုက်ခြင်းပါနော်။

(၁) ပဲကြာဆံနှင့် ပုစွန်

ပမာဏ - ၄ဦးစာ
ပြင်ဆင်ချိန် - ၂၀မိနစ်
ချက်ပြုတ်ချိန် - ၂၀မိနစ်ခန့်

ပါဝင်ပစ္စည်းများ

အမြစ်ပါသည့် နံနံပင် ၄ပင်၊ ချင်း ၆စင်တီမီတာခန့်(ထောင်းထားပါ)၊ ဆီ ဟင်းစားဇွန်း ၂ဇွန်း၊ ကြက်သွန်ဖြူ ၃မြွှာ(စဉ်းထားပါ)၊ နံနံပင် စဉ်းပြီးသားကော်ဖီဇွန်း ၁ဇွန်းစာခန့်၊ ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်း ၁ဇွန်းစာခန့်၊ ကြက်ပြုတ်ရည် - ၂၅၀မီလီလီတာ (ဖန်ခွက်၁ခွက်စာ ခန့်)၊ ငံပြာရည် ကော်ဖီဇွန်း ၁ဇွန်း၊ ပဲငံပြာရည်အပျစ် ကော်ဖီဇွန်း ၁/၂ ဇွန်း၊ ပဲကြာဆံ ၁၀၀ ဂရမ် (၁၅ မိနစ်ခန့် ရေစိမ်ထားပါ)၊ ပုစွန်ကြား ၁ကီလို (၆၀ကျပ်သားခန့်) အခွံချွတ် ရေဆေးထားပါ။

ပြုလုပ်ပြင်ဆင်ပုံ

မုန့်ဖုတ်အပူပေးစက် Oven ကို 180·C (350·F) ရောက်အောင် ထားပါ။ နံနံပင်အမြစ်နှင့် ရိုးတံ ၁လက်မခန့် ချန်ပြီးဖြတ်ကာ ရေစင်အောင်ဆေးပြီး ဓားပြားရိုက်ကာ စဉ်းထားပါ။ နံနံပင်အရွက်ကလေးများကိုလည်း လှီးဖြတ်ထားပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊နံနံပင်အမြစ်များ၊ချင်း၊ငရုတ်ကောင်းတို့ကို အနံ့ထွက်လာသည်အထိကြော်ပါ။

အနံ့မွှေးလာလျှင် ကြက်ပြုတ်ရည်၊ ငံပြာရည်၊ ပဲငံပြာရည် အပျစ်နှင့် ပဲကြာဆံထည့်ပြီး ဆူပွက်အောင် တည်ပါ။ ဆူပွက်လာလျှင် ပုစွန်ထည့်ပြီး အဖုံးအုပ်ထားပါ။ ပြီးလျှင် မုန့်ဖုတ်ရာတွင် သုံးသည့် အပူခံ ပန်းကန်လုံး ထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်လျက် ၁၀မိနစ်ခန့် Oven ထဲမှာ ဖုတ်ထားပါ။ ပုစွန်လေးများ ပန်းရောင် သန်းလာလျှင် ကျက်ပါပြီ။ Oven ထဲမှ ထုတ်ယူပြီး နံနံပင်ဖြူးကာ ထမင်းဖြူနှင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ။

(၂) ငါးခုအသားနုပ်နုပ်စင်းကြော် (ချက်ပြုတ်သူ အန်တီမီးမီး)

ပါဝင်ပစ္စည်းများ

လယ်ငါးခူ အကောင်ကြီး ၃ကောင်၊ ကြက်သွန်ဖြူအကြီး ၄မြွှာ၊ ကြက်သွန်အနီ ၂လုံး၊ ဂျင်း အနည်းငယ်၊ နနွင်းမှုန့် အနည်းငယ်၊ ငရုတ်သီးစိမ်း ၅တောင့်၊ ရှမ်းနံနံ/နံနံပင် အနည်းငယ်၊ ဆီမွှေး စားပွဲတင်ဇွန်း ၁ဇွန်း၊ ပဲပိစပ်ဆီ ၁၅ကျပ်သား၊ ကြက်သားအမှုန့် စားပွဲတင်ဇွန်း ၁/၃ ၊ကင်းမွန်ငံပြာရည် အနည်းငယ်၊ သကြား အနည်းငယ်၊

ပြင်ဆင်ချက်ပြုတ်ပုံ

ငါးကိုခေါင်းပိုင်းဖြတ်ထုတ်၍ ဗိုက်ဖောက်ပြီး အရိအရွဲများ စင်အောင်ပြာနဲ့ ခပ်နာနာပွတ်တိုက်ကာ ရေစင်အောင်ဆေးပါ။ ပြီးလျှင် ငါးအသားကို လွှာယူပြီး နုပ်နုပ်စင်း၍ ကြက်သားအမှုန့်နဲ့ နယ်ပေးထားပါ။

ဂျင်းနဲ့ကြက်သွန်ဖြူကို ထောင်းပါ။ ကြက်သွန်အနီကို ကန့်လန့်ဖြတ် အကွင်းလေးဖြစ်အောင် လှီးဖြတ်ပါ။ ငရုတ်သီး အစိမ်းကို ပါးပါးလှီးထား။ ရှမ်းနံနံနဲ့ နံနံပင်အရွက်ကို ရေဆေးပြီး နုပ်နုပ်စင်းပါ။

မတူးမကပ်တဲ့ဒယ်တွင် ဆီမွှေးနဲ့ပဲပိစပ်ဆီကိုထည့်ပြီး အပူပေးပါ။ ဆီပူရန် ကြက်သွန်ဖြူ၊ အနီ၊ ဂျင်း၊နနွင်းမှုန့်တို့ကို ထည့်ဆီသတ်ပါ။ နံနံပင်အရွက်များကို ထည့်ဆီသတ်ပါ။ သကြား၊ ငံပြာရည်၊ ငရုတ်သီးစိမ်း တို့ကိုပါ ထည့်ပေးရပါမယ်။

ကြက်သွန်များ အစိမ်းနံ့ပျောက်သွားမှ ငါးအသားများ ထည့်ကြော်ပြီး သမအောင်မွှေပါ။ ၂၅ မိနစ်လောက် ကြော်ပေးရင် ငါးအသား ကျက်ပါပြီ။ အကယ်၍ ငါးအသားကို ကြွပ်ရွတဲ့ အရသာကို စားချင်တယ်ဆိုရင် ငါးအသားကို မိမိစိတ်ကြိုက် ဖြစ်တဲ့အထိ အချိန်တိုးပြီး ဆက်ကြော်နိုင်ပါတယ်။

ချိုစပ်ပြီး မွှေးရနံ့သင်းနေတဲ့ ငါးဟင်းလျာ တစ်မျိုးဖြစ်ပါတယ်။

(၃) ၀က်နံရိုးပေါင်း မုန့်ညင်းရွက်စွပ်ပြုတ် (ချက်ပြုတ်သူ အန်တီမီးမီး)

ပါဝင်ပစ္စည်းများ

အသားထူထူဝက်နံရိုး ၃၀ကျပ်သား၊ မုန့်ညင်းရွက်ဖြူ ၁စည်း၊ ကြက်သွန်ဖြူအကြီး ၄မြွှာ၊ ဂျင်း အနည်းငယ်၊ ငရုတ်ကောင်းအမှုန့် အနည်းငယ်၊ သကြား အနည်းငယ်၊ ကြက်သားအမှုန့် စားပွဲတင်ဇွန်းတစ်ဝက်၊ ငံပြာရည်(အချို) စားပွဲတင်ဇွန်း တစ်ဝက်၊ ဆား(လိုအပ်မှ) အနည်းငယ်။

ပြင်ဆင်ချက်ပြုတ်ပုံ

ဝက်နံရိုးကိုတုံးပြီး သွေးများ စင်သွားအောင် ရေဖြင့် ၁၀မိနစ်ခန့်စိမ်ပေးပြီးမှ စင်ကြယ်အောင်ဆေးပါ။ ပြီးလျှင် ပေါင်းအိုးထဲမှာ ရေဖန်ခွက် ၄ခွက်စာခန့်နှင့် ၀က်နံရိုးကိုထည့်ပါ။

ကြက်သွန်ဖြူနဲ့ဂျင်းကို ထောင်းထည့်ပါ။ သကြား၊ ကြက်သားအမှုန့်၊ ငံပြာရည်၊ ငရုတ်ကောင်း အမှုန့် တို့ကို ပါထည့်ပြီး ၂၅မိနစ်ခန့်ပေါင်းပေးပါ။

ဝက်နံရိုး ပေါင်းနေတဲ့ အချိန်တွင် မုန့်ညင်းရွက်ကို အနေတော် ပိုင်းဖြတ်ပြီး ကျက်ရုံလေး ရေနွေးဖျော ထားပေးပါ။ ပြီးလျှင်ဆယ်ယူပြီး ရေခဲရေ နှင့် ခဏစိမ် ထားပေးရပါမယ်။ အရွက်များ မည်းမသွားစေရန် အတွက်ပါ။

ပေါင်းထားတဲ့ ၀က်နံရိုး နူးအိသွားလျှင် ဟင်းရည်ပူပူထဲမှာ မုန့်ညင်းရွက်များ အုပ်ခတ်ပေး၍ စားသုံးပါ။

ဝက်နံရိုးပေါင်းဟင်းရည် အနည်းအများကို မိမိစိတ်ကြိုက် ပြင်ဆင်ချက်ပြုတ်ပါ။


မှတ်ချက်။။ ကြက်သားအမှုန့်နဲ့ ငံပြာရည်တို့တွင် အငံဓာတ်ပါပြီး ဖြစ်တဲ့အတွက် (ဆား)ကို လိုအပ်မှ ထည့်သုံးပါ။


ref;ShweMinThar
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...