ကျောင်းပြောင်းခွင့် လက်မှတ် နှစ်ကြိမ် ထုတ်ပေးသည့် ကျောင်းအုပ်များကို ပြင်းထန်စွာ အရေးယူမည်

အခြေခံပညာ ကျောင်းများမှ ကျောင်းသား တစ်ဦး ကို အတန်း တစ်တန်းတည်း အတွက် ကျောင်း ပြောင်းခွင့် လက်မှတ်ကို နှစ်ကြိမ် ထုတ်ပေးခွင့် မရှိကြောင်း ကျောင်းပြောင်းခွင့် လက်မှတ်ကို နှစ်ကြိမ် ထုတ်ပေးသည့် ကျောင်းအုပ်များ ပညာရေး ဝန်ကြီးဌာန စည်းမျဉ်း စည်းကမ်းများ အတိုင်း ပြင်းထန်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး (ပညာ) ဒေါ်စန်းစန်းရီက ပြောဆို ခဲ့သည်။

သတင်းစာရှင်း

ရန်ကုန်တိုင်းဒေသကြီး အောက် ကြည့်မြင့်တိုင် လမ်းရှိ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန၌ ဇူလိုင် ၂၁ ရက်က ပြုလုပ်သော နိုင်ငံတကာကျောင်းများမှ အခြေခံပညာ ကျောင်းများသို့ ပြောင်းရွှေ့နိုင်ရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြင်းထန်စွာ

‘အခြေခံပညာ ကျောင်းတွေမှာ ကျောင်းသားတစ်ဦး ကျောင်းပြောင်းခွင့် လက်မှတ်ဟာ အတန်းတစ် တန်း ထဲအတွက် တစ်ကြိမ်ပဲ ထုတ်ပေးခွင့်ရှိတယ်။ ရှစ်တန်းကျောင်းသား တစ်ယောက်က ရှစ်တန်း ကျောင်းပြောင်း လက်မှတ်ကို တစ်ကြိမ်ပဲရမယ်။ နှစ်ကြိမ်ပေးခွင့် မရှိဘူး။ ကျောင်းအုပ်က ကျောင်း ပြောင်း လက်မှတ်ကို အတန်းတစ်တန်းကို နှစ်ကြိမ်ပေးမယ် ဆိုရင် ပညာရေး ဝန်ကြီးဌာန စည်းမျဉ်းစည်း ကမ်းအတိုင်း ပြင်းထန်စွာ အပြစ်ပေးခြင်း ခံရမှာ ဖြစ်တယ်’ ဟု ၎င်းကပြောကြားသည်။

ကျောင်းပြောင်းခွင့်

အခြေခံပညာကျောင်းများ၌ ကျောင်းပြောင်းရာတွင် တစ်နှစ်တည်းကို အကြောင်း အမျိုးမျိုးကြောင့် သုံးကြိမ် ပြောင်းပါက ကျောင်းပြောင်းခွင့် လက်မှတ် ကျောင်းတစ်ကျောင်းလျှင် တစ်ခုစီဖြင့် လက်မှတ် သုံးစောင်ဖြစ် မည်ဖြစ်ကြောင်း၊ ကျောင်းတစ်ကျောင်းတွင် ကျောင်းသားက ခြောက်လပြည့်ပြီး ပြောင်းပါ ကကျောင်းအုပ်က ကျောင်းပြောင်းခွင့် လက်မှတ် အသစ်ရေးပေး ရမည်ဖြစ်ပြီး သုံးလအတွင်းပြောင်းပါ က မူလကျောင်းပြောင်း လက်မှတ်ကိုသာ ပြန်လည်ပေးရ မည်ဖြစ်ကြောင်း သိရသည်။

‘ကျောင်းသား တစ်ယောက်က ခရီးဝေးတဲ့ နေရာကလာလို့ ကျောင်းပြောင်းလက်မှတ် မပါရင် ကျောင်း ပြောင်းလက်မှတ် ယာယီဆိုတာမျိုး လုပ်ရမယ်။ ကျောင်းပြောင်းခွင့်လက်မှတ်ရမှ အတန်းကူးပြောင်း ခွင့်ရမယ်။ ကျောင်းတစ်ကျောင်းမှာ ကျောင်းပြောင်းတဲ့ကျောင်းသားရဲ့ ကျောင်းပြောင်းခွင့်လက်မှတ် ဆိုတာ မှတ်တမ်းရှိတယ်။ အဲဒီကျောင်းက ပြောင်းပြီးရင် အဲဒီကျောင်းက ကျောင်းသား မဟုတ်တော့ဘူး။ အဲဒါကြောင့်မို့ ကျောင်းပြောင်းခွင့် လက်မှတ်ဟာ လူတစ်ယောက်အတွက် အရမ်းအရေးကြီးတယ်’ ဟု ၎င်းကပြောဆိုသည်။

ထိရောက်စွာ

အတန်း တစ်တန်းတည်းအတွက် ကျောင်းသားတစ်ဦးကို ကျောင်းပြောင်းခွင့် လက်မှတ် နှစ်ကြိမ်ထုတ်မ ပေးရန် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများက လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အခြေခံပညာကျောင်းများတွင် လိုက်နာခြင်း မရှိပါက အဆိုပါကျောင်း အုပ်များကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ပုဂ္ဂလိကကျောင်းများမှ လိုက်နာခြင်းမရှိပါက ကျောင်းမှတ်ပုံတင် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု သိရသည်။ 


စံတော်ချိန်သတင်းစာ
ဇူလိုင် (၂၃) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...