ရှားပါးလာသော ၀ိဇ္ဇာများ


အခြေခံပညာ အထက်တန်း အဆင့် ကျောင်းသူ ကျောင်းသား များတွင် သိပ္ပံဘာသာ တွဲကို သင်ယူမှု ပိုမို များပြား လာသည်။ (ဓာတ်ပုံ - နစ်ကီ)

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများတွင် တက္ကသိုလ် ၀င်တန်း၌ ၀ိဇ္ဇာ ဘာသာ တွဲဖြင့် တက်ရောက်၍ စာမေးပွဲ ဖြေဆိုမည့် တက္ကသိုလ် ၀င်တန်း ကျောင်းသား၊ ကျောင်းသူ များ ရှားပါး လာနေသည်။

နှစ်စဉ် တက္ကသိုလ် ၀င်တန်းခေါ် ဒသမတန်းတွင် ဘာသာတွဲ ရှစ်ခုကို ရွေးချယ်သင်ကြားနိုင်ပြီး ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ ဘာသာရပ် ပါဝင်သည့် သိပ္ပံဘာသာတွဲကို ရွေးချယ်သည့် ကျောင်းသူ၊ ကျောင်း သား များပြားလေ့ရှိပြီး ရူပဗေဒ၊ ဓာတုဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်များ ပါဝင်သည့် ၀ိပ္ပံဘာသာတွဲမှာ ဒုတိယအများဆုံးနှင့် သမိုင်း၊ ပထ၀ီဝင်နှင့် ဘောဂဗေဒဘာသာရပ်များ ပါဝင်သည် ၀ိဇ္ဇာဘာသာတွဲမှာ ရွေးချယ်သူအရေအတွက် အနည်းဆုံးဖြစ်လေ့ရှိသည်။

‘‘၀ိဇ္ဇာဘာသာတွဲကို ကျောင်းသားတွေ အယူနည်းကြတယ်ဆိုတာမှန်တယ်။ နယ်တွေမှာပဲ အယူများ ကြတယ်။ မြို့ပေါ်မှာကျတော့ မယူကြဘူး။ ဘာသာတွဲရှစ်ခုကို ကလေးတွေ ဆန္ဒနဲ့အညီ ကလေးတွေ ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိတဲ့အတွက် မရွေးတာနဲ့ ပတ်သက်ပြီးတော့ ကလေးတွေ ဆန္ဒအတိုင်း ပါပဲ’’ဟု အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။

တက္ကသိုလ်ဝင်တန်းအရောက်တွင် ၀ိဇ္ဇာဘာသာတွဲကို အများစု မရွေးချယ်ကြသည့် အဓိက အကြောင်း ရင်းမှာ လက်ရှိ ကျင့်သုံးနေသည့် စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်သည့် အမှတ်ပေး စနစ် ဖြစ်နေခြင်း၊ ၎င်းဘာသာရပ်များနှင့် သက်ဆိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ မရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း ပညာရေး သုတေသီများက ဆိုကြသည်။

‘‘သိပ္ပံဆိုရင် အလုပ်အကိုင်များများ ရနိုင်တယ်။ စီးပွားရေးအရ အဆင်ပြေတယ်။ ၀ိဇ္ဇာဆိုရင် ဘာမှ လုပ်လို့မရဘူး။ အသုံးမကျဘူးဆိုတဲ့ အမှားကြီးကို ဆက်ခံရတာပဲ။ တိုင်းပြည်မှာ လိုအပ်နေတဲ့ နိုင်ငံရေး ပညာရှင်၊ စိတ်ပညာရှင်၊ အတွေးအခေါ် ပညာရှင်တို့၊ ပထ၀ီပညာရှင်၊ သမိုင်းပညာရှင်တွေကို ဆုံးရှုံး အောင် လုပ်သလိုဖြစ်သွားတယ်’’ဟု စာရေးဆရာ ဆရာမောင်သာချို ကပြောသည်။

တက္ကသိုလ် ၀င်တန်းဖြေဆိုမည့် ကျောင်းသားအများစုမှာလည်း ၀ိဇ္ဇာဘာသာတွဲယူ၍ ဖြေဆိုလျှင် အနာဂတ် အတွက် အခွင့်အလမ်းကောင်းများမရှိနိုင်ကြောင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဆက်လက် သင်ကြားနိုင်ခွင့် မရှိနိုင်ကြောင်း ယူဆထားလျက် ရှိကြသည်။

‘‘၀ိဇ္ဇာဘာသာရပ်ကို တက်ရောက်သင်ကြားနေတဲ့လူတွေ နည်းပါးသွားတယ်။ အခုလက်ရှိ ကျင့်သုံးနေတဲ့ ပညာရေးစနစ်အရ အလွတ်ကျက်ဖြေရတဲ့ စာမေးပွဲစနစ်၊ အမှတ်ပေးစနစ်တွေကြောင့် ၀ိဇ္ဇာဘာသာရပ် အပေါ် တန်ဖိုးထားမှုနည်းတယ်။ တကယ်တမ်းက ဘာသာရပ်တိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိနေကြတယ်။ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ အားလုံးက သူ့ကဏ္ဍနဲ့သူ အရေးကြီးကြတယ်။ ပြုပြင်ပြောင်းလဲ နေတဲ့ တိုင်းပြည်ကစပြီး ထိခိုက်စေတယ်’’ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သမိုင်းဌာန လက်ထောက် ကထိက ဆရာသန်းထိုက်အောင်ကပြောသည်။

ဝိဇ္ဇာဘာသာတွဲယူသည့် ကျောင်းသားများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးပါက အမြင့်ဆုံး စီးပွားရေးတက္ကသိုလ်သို့သာ တက်ရောက်နိုင်ပြီး ၀ိဇ္ဇာ-သိပ္ပံ တက္ကသိုလ်များတွင် ရိုးရိုး ၀ိဇ္ဇာဘာသာ တွဲများ ကိုသာ ဆက်လက်တက်ရောက်သင်ကြားနိုင်သည့် အခွင့်အလမ်းသာ ရှိနေသည်။

သိပ္ပံဘာသာတွဲယူသည့် ကျောင်းသားများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ပါက ဆရာဝန်၊ အင်ဂျင်နီယာ အစရှိသည့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို ဆက်လက် တက်ရောက်နိုင် သလို အီကိုတွဲဟု အခေါ်များသည့် ၀ိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပါက အင်ဂျင်နီယာ၊ စီးပွားရေး အစရှိသည့် အသက်မွေးဝမ်းကျောင်းဘာသာရပ်များကို ဆက်လက်တက်ရောက်နိုင်သည့် အခွင့်အလမ်းများရှိသောကြောင့် ကျောင်းသားအများစု ရွေးချယ်သင်ကြားလေ့ရှိကြသည်။

‘‘ကျောင်းတွေမှာ သင်တဲ့ဆရာတော့ရှိတယ်။ အဲဒီဘာသာတွဲယူတဲ့ ကျောင်းသားမရှိဘူးဖြစ်နေတာ။ ၀ိဇ္ဇာဘာသာတွဲကို ညံ့တဲ့လူတွေပဲ ယူတယ်လို့ နားလည်ထားကြတယ်။ အဲဒီဘာသာတွဲနဲ့ အောင်သွား ရင်လည်း ဘာမှလုပ်လို့မရဘူးလို့ ခံယူထားကြတော့ ယူတဲ့လူကို မရှိသလောက်ဖြစ်နေတာ’’ဟု ရန်ကုန်မြို့ အတွင်းရှိ အထက်တန်းပြဆရာမတစ်ဦးကပြောသည်။

၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးတွင် ဖြေဆိုရန် စာရင်း ပေးသူ ငါးသိန်းကျော်အနက် ပထ၀ီဝင်နှင့် သမိုင်းဘာသာရပ် ဖြေဆိုသူဦးရေမှာ သုံးသောင်း ရှစ်ထောင် ကျော်သာ ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း အများစုတွင် အဆိုပါ ၀ိဇ္ဇာဘာသာ တွဲကို ရွေးချယ်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသား မရှိသောကြောင့် အဆိုပါဘာသာရပ်များ သင်ကြားပေးသည့် တန်းခွဲများကို မထားရှိတော့ကြောင်း သိရသည်။

‘‘အခုက ညံ့တဲ့ကျောင်းသားတွေရဲ့ မိဘတွေကလည်း သူတို့ကလေးကို သိပံ္ပတို့၊ ၀ိပံ္ပဘာသာတွဲတွေကို ယူခိုင်းကြတော့ ဒီဝိဇ္ဇာဘာသာတွဲကို ယူတဲ့လူကိုမရှိတာ။ ၀ိဇ္ဇာဘာသာရပ်သင်တဲ့ ဆရာမတွေကဒုက္ခ။ သင်တဲ့လူမရှိတော့ ကျောင်းတွေမှာ အဲဒီတန်းခွဲတွေမရှိတော့ဘူး။ အခြေအနေက ပျောက်သလောက် ကိုဖြစ်သွားတာ’’ဟု ရန်ကုန်မြို့အတွင်းရှိ သမိုင်းဘာသာ သင်ကြားသည့် အထက်တန်းပြ ဆရာမ တစ်ဦး က ပြောပြသည်။

ရန်ကုန်မြို့အတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအများစုတွင် သိပ္ပံဘာသာတွဲနှင့် ၀ိပံ္ပဘာသာတွဲ နှစ်မျိုး သာ သင်ကြားပေးလေ့ရှိသည်။

‘‘အခုလက်ရှိကျင့်သုံးနေတဲ့ စနစ်တွေကြောင့် အမှတ်များများရမှ အသက်မွေးဝမ်းကျောင်းလိုင်း ကောင်းကောင်း ရမယ် ဖြစ်နေတော့၊ အဲလိုအခြေအနေတွေကြောင့် သိပ္ပံဘာသာရပ်တွေက ရှေ့တန်းကို ရောက်လာပြီးတော့ ၀ိဇ္ဇာဘာသာရပ်တွေက တဖြည်းဖြည်းနဲ့ နောက်တန်းကို ရောက်သွားတာ။ အရင် တုန်းကလို ၀ါသနာကို ရှေ့တန်းတင်လို့မရတော့ဘူး။ နောက်တစ်ချက်က အဲဒီလိုအောင်လာတဲ့ ကျောင်း သားတွေကို အလုပ်အကိုင်နဲ့ အခွင့်အလမ်း ရှာဖွေပေးနိုင်မယ်ဆိုရင် ယုံကြည်မှု များလာနိုင်ပါတယ်’’ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ ACA ကိုယ်ပိုင် အထက်တန်းကျောင်း ပညာရေးအကြံပေး ဦးစန်းဝင်း ကပြော သည်။

ထို့အပြင် မြန်မာတစ်နိုင်ငံလုံးတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ပါဝင်သည့် ဘာသာတွဲဖြေဆိုသူမှာ အသက်(၅၀)ကျော် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်းနှစ်ဦးသာ ရှိပြီး အဆိုပါနှစ် ယောက် မရှိပါက တစ်နိုင်ငံလုံးတွင် ၎င်းဘာသာတွဲဖြေဆိုမည့်သူ မရှိတော့ကြောင်း အငြိမ်းစား ပညာရေးအရာရှိတစ်ဦးက ဆိုသည်။

‘‘ဉာဏ်ကောင်းတဲ့လူကလဲ သိပ္ပံကိုယူကြတယ်။ ဉာဏ်မကောင်းတဲ့လူတွေက ၀ိဇ္ဇာကိုယူတယ်။ အဲဒီလို လည်ပတ်နေတာကနေ Social Science နဲ့ ပတ်သက်တဲ့ ပညာရှင်တွေ ရှားသွားတာပဲ။ ဒေါက်တာ သန်းထွန်းလို သမိုင်းပညာရှင်၊ ဒေါက်တာကျော်စိန်လို စိတ်ပညာရှင်၊ နန္ဒသိန်းဇံလို အတွေးအခေါ် ပညာရှင်၊ ဒေါ်ကျင်ဌေးတို့လို ပထ၀ီဝင်ပညာရှင်မျိုးတွေ ရှားပါးသွားတာပဲ။ အားလုံးသော ပညာရပ်များကို အသက်မွေးဝမ်းကျောင်းနိုင်ခွင့် အခွင့်အလမ်းများကို အစိုးရက ဖန်တီးပေးရမယ်’’ဟု စာရေးဆရာ ဆရာမောင်သာချို ကပြောသည်။ 


7Day Daily
အတွဲ (၁၃)၊ အမှတ်(၂၁) 
 --------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...