အဝေးသင်ပညာရေး ပိုမိုတိုးတက်လာရန် အဝေးသင် သီးသန့်ဆရာများ ထားရန်လို

အဝေးသင် ပညာရေး ပိုမိုတိုး တက်လာစေရန် အတွက် အဝေးသင် သီးသန့် ဆရာများ ထားရှိနိုင် ရန်လို အပ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့်က ပြောကြား လိုက်သည်။

လက်ရှိ အဝေးသင် ဌာနများတွင် သင်ကြားရေး ဆရာများ သီးသန့်မရှိဘဲ ပုံမှန်နေ့တက် သင်တန်း များတွင် သင်ကြားနေသည့် ဆရာများ ကသာ ပုံမှန်နေ့တက် သင်တန်းများ ပြီးဆုံးလျှင် အဝေးသင် ကိစ္စရပ်များ ဖြစ်သည့် အနီးကပ် သင်တန်း၊ စာမေးပွဲ၊ စာစစ်ရ သည်များကို ဆရာများက ဆက်တိုက် ဆောင်ရွက်ရသည့် အတွက် ဆရာများ၏ လုပ်ငန်းတာဝန် များ များနေပြီး နေ့တက်သင်တန်း များတွင် လုပ်ငန်းတာဝန် လစ်ဟင်းမှုများ ရှိနေကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ်မှ သိရသည်။

“လက်ရှိသွားနေတာက နှစ်မျိုးသင်တဲ့ပုံစံနဲ့ သွားနေတာပါ။ အဝေးသင်ကိုပဲ သီးသန့်သင်နိုင်တဲ့ဌာန အဖြစ် ဖွဲ့စည်းပြီးဆရာတွေကိုလဲ လုံလောက်အောင်ဖြည့်ပြီး အဝေးသင်ကိုပဲ သင်ရတဲ့ပုံစံမျိုး လုပ်မယ် ဆိုရင် သင်ကြားရေးတွေ ဒီထက်ပိုကောင်းလာမယ်။ ဒါပေမဲ့ ကုန်ကစရိတ်တွေတော့ တက်လာမယ်” ဟု ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။

လက်ရှိတက္ကသိုလ်ဆရာ၊ ဆရာမအင်အားမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်သောင်းကျော်ခန့် သာရှိနေပြီး ထပ်မံဖြည့်တင်းပေးသွားရန် ရှိသည်ဟုလည်း ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ‘အဆင့်မြင့်ပညာနှီးနှောဖလှယ်ပွဲ’ တစ်ခုတွင် ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားခဲ့ဖူးသည်။

လက်ရှိတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများမှာ အားလပ်ရက်အနည်း ငယ်သာရှိပြီး အစိုးရရုံးပိတ်ရက်များတွင်လည်း တာဝန်ထမ်းဆောင်နေရကြောင်း၊ ယင်းအတွက် ကြောင့် အဝေးသင်နှင့် နေ့တက်ကျောင်းဆရာများဟူ၍ သီးခြားခွဲထားစေလိုကြောင်း၊ အဝေးသင်အ တွက် ဆရာ ခန့်ထားမှုရှိစေလိုကြောင်း တက္ကသိုလ်ဆရာအချို့က ပြောသည်။

“အဝေးသင်အတွက် ဆရာသီးသန့် ခန့်ထားပေးစေချင်တယ်။ ဆရာတွေက မနားကြရဘူး။ ဆရာခန့် ထားမှုမလုပ်နိုင်ဘူးဆိုရင်လဲ လက်ရှိဆရာတွေကို ခေတ်ကာလပေါက်ဈေးနဲ့ ဘယ်လောက်တိုးပေးမယ် နဲ့ငှားတဲ့သဘောမျိုး လုပ်စေချင်တယ်။ အခုဟာကဆရာတွေက လုပ်သလောက်အကျိုးခံစားခွင့် မရ ကြဘူး” ဟုတက္ကသိုလ်ဆရာတစ်ဦးဖြစ်သူ ဦးသန်းထိုက်အောင်က ပြောသည်။

အဝေးသင်အချိန်များအတွက် ဆရာများစာမေးပွဲအခန်းစောင့်ပါက တစ်ချိန်စောင့်လျှင် ၂၀ ကျပ်၊ အဆိုင်းမန့်နှစ်ခု အတွက် ခြောက်ကျပ်၊ အနီးကပ် ၁၀ ရက်တွင် တစ်ချိန်သင်ပါက ၂၀ ကျပ်စီရရှိ ကြောင်း ယင်းငွေကြေးများ ရရှိသော်လည်းဆရာအချို့မှာ ယင်းငွေများထုတ်ယူရာတွင် အဆင့်ဆင့်တင် ပြရမှု များကြောင့် ထုတ်ယူခြင်းမရှိကြကြောင်း သိရသည်။

“သူတို့ပေးထားတဲ့ နှုန်းထားတွေကလဲ အရင်ကဟာတွေ။ ထုတ်မယ်ဆိုရင်လဲ ပါမောက္ခလက်မှတ်ထိုး၊ စီမံပို့၊ အဝေးသင်ဌာနပို့နဲ့ ပိုက်ဆံတစ်ထောင်လောက်ရဖို့ အလုပ်ရှုပ်လို့ဘယ်သူမှ မထုတ်ကြဘူး။ ဒုက္ခ ရောက်တာ သိပ္ပံဆရာတွေက ပိုဒုက္ခရောက်ကြတယ်။ သူတို့က ဝိဇ္ဇာဆရာတွေထက် နားရက်ပိုနည်း တယ်” ဟု ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှ အငြိမ်းစားနည်းပြဆရာ ဦးဇော်သူရက ပြောသည်။

တစ်နိုင်ငံလုံးတွင် အဝေးသင်ဌာနခွဲပေါင်း သုံးဆယ်ကျော်ရှိကြောင်း သိရသည်။


Democracy Today Daily
ဇူလိုင် (၂၂) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...