အိပ်မက်တွေကို ယုံကြည်စွာ အကောင်အထည် ဖော်ခဲ့သူ လူငယ်လေးတစ်ဦး

Union Bar & Grill မှာ လုပ်ငန်းခွင် ၀င်နေတဲ့ ကယ်လ်ဗင်။ ဇာနည်ဖြိုး /မြန်မာတိုင်း(မ်) -

မိသားစု စားဝတ် နေရေးအတွက် သားနှစ်ယောက် အနက် အကြီးဆုံး သားဖြစ်တဲ့ ကိုကျော်ဇင်ထွန်း
ဟာ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်ကိုင်ဖို့ အတွက် ၂၀၀၈ ခုနှစ်မှာ အမိမြေကနေ ထွက်ခွာ ခဲ့ပါတယ်။

အသက် ၂၀ အရွယ်၊ ပထမနှစ် ဒဿနိကဗေဒ အဝေးသင် ကျောင်းသား တစ်ဦးဖြစ်တဲ့ အဲဒီ အချိန် တုန်းက Bartender တစ်ယောက်အနေနဲ့ နိုင်ငံတကာဆုကို ရရှိဖို့ဆိုတာ အလှမ်းကွာဝေး လွန်းလှပါ တယ်။

သူ့အတွက် Bartender အလုပ်နဲ့ အဆက်အစပ် မရှိခဲ့ပေမယ့် နောက်ငါးနှစ်အကြာမှာ မြန်မာနိုင်ငံကို အပြီးပြန်လာချိန် မှာတော့ ASEAN Hotel and Restaurant Association (AHRA) ကနေ ကျင်းပတဲ့ Bartenders' Championship ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲပြီး သူ့ အသက်မွေးဝမ်းကျောင်း အလုပ်ရဲ့ အောင်မြင်မှု ခရီးကို စတင်နိုင်ခဲ့ပါပြီ။

အဖေ၊ အမေနဲ့ ညီလေးတို့အတွက် အထောက်အပံ့ဖြစ်စေဖို့ တခြားလူငယ်တွေလိုပဲ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့တဲ့ ကျော်ဇင်ထွန်းဟာ ပရိဘောဂစက်ရုံမှာ အလုပ် သမားအဖြစ် လေးလကြာ လုပ်ကိုင်ခဲ့ပြီး တဲ့နောက်မှာ သူ့ပတ်စ်ပို့ကို သိမ်းထားပြီး ပြန်မပေးချင်တဲ့ ပိုင်ရှင် သူဌေးထံကနေ အလုပ်ထွက်ဖို့ ဖြစ်လာခဲ့ပါတယ်။

အလုပ်ထွက်လိုက်ပေမယ့် မြန်မာပြည်ကို ချက်ချင်းပြန်ဖို့ အခြေအနေ မပေးသေးတာကြောင့် ကွာလာ လမ်ပူမှာရှိတဲ့ သူငယ်ချင်း တစ်ယောက်အကူအညီနဲ့ တရုတ် စားသောက်ဆိုင် တစ်ဆိုင်မှာ စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ငှားရမ်းနေထိုင်တဲ့ အဆောင်ကနေ စားသောက်ဆိုင်ကို သွားတဲ့ လမ်းမှာ ဘားတစ်ခုရှိပြီး အဲဒီမှာ အလုပ်လုပ်နေတဲ့ Bartender တွေရဲ့ တက်ကြွတဲ့လှုပ်ရှားမှုတွေက အလုပ်ပြောင်းလုပ်ဖို့ သူ့ကို ဆွဲဆောင်ခဲ့တယ်လို့ ကျော်ဇင်ထွန်းက ဆိုပါတယ်။

"ဘားမှာ အလုပ်လုပ်နေတဲ့ Bartender သမားတွေရဲ့ ကော့တေးဖျော်စပ်တာ၊ အရက်ပုလင်းတွေ ကို လေထဲမြှောက်ပြီး ကစားပြတာ၊ ဧည့်သည်တွေကို ရင်းရင်းနှီးနှီးဆက်ဆံတာ၊ နောက် အ၀တ်အစား စမတ်ကျတာတွေကို လှမ်းမြင်ပြီး အားကျခဲ့တယ်"လို့ ပြောပြပါတယ်။

ဒါကြောင့်မို့ စားဖိုမှူးလုပ်သက် ရှစ်လအကြာမှာ စားသောက်ဆိုင်ကနေထွက်ပြီး ဘားတစ်ခုမှာ စားပွဲထိုး အဖြစ် ၀င်ရောက်လုပ်ခဲ့ပြန်ပါတယ်။

ဒါကတော့ Bartender တစ်ယောက်အဖြစ် သူ့အသက်မွေးကျောင်း အလုပ်ကို ယုံကြည်စွာနဲ့ ရွေးချယ်ခဲ့တဲ့ ခရီးအစပဲ ဖြစ်ပါတယ်။

သူ့ကိုယ်သူ 'ကယ်လ်ဗင်' လို့ နာမည်ပေးထားတဲ့ ကျော်ဇင်ထွန်းဟာ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံ ကို အပြီးပြန်လာတဲ့အခါ ရန်ကုန်၊ ကမ်းနားလမ်းမှာ ဖွင့်လှစ်ထားတဲ့ Union Bar & Grill မှာ Bartender အဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

ခုတော့ ကိုကျော်ဇင်ထွန်းဟာ အသက် ၂၆ နှစ် ရှိပါပြီ။ "ကျွန်တော်က Bartender အလုပ်ကို စိတ်ဝင်စား ပေမယ့် ဟိုမှာက ချက်ချင်းဝင်လုပ်လို့ မရဘူးလေ။

သင်တန်းလည်း မတက်ဖူးဘူး၊ အတွေ့အကြုံလည်း မရှိဘူးဆိုတော့ Bartender တွေရဲ့ အနောက်မှာ ကူလုပ်ပေးရတဲ့ Bar Back အလုပ်ကနေ စတင်လေ့လာပြီးမှ Bartender တစ်ယောက်အဖြစ် သူတို့က အလုပ်ခန့်တာပါ"လို့ မလေးရှားမှာ လုပ်ကိုင်ခဲ့ရတဲ့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

သူရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ရဲ့ ပထမဆုံး အောင်မြင်မှုကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ 11th AHRA Bartenders' Championship 2014 မှာ ကယ်လ်ဗင်ဟာ ချန်ပီယံဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကယ်လ်ဗင် (ခေါ်) ကျော်ဇင်ထွန်းဟာ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းကနေ ရွေးချယ်ခံခဲ့ ရတာဖြစ်ပါတယ်။

ခုလို အောင်မြင်မှု ရခဲ့ပေမယ့်လည်း ယှဉ်ပြိုင်နေစဉ်မှာ ဆုရရှိလိမ့်မယ်လို့ မျှော်လင့်မထားဘူးလို့ ကျော်ဇင်ထွန်း က ဆိုပါတယ်။

"အကောင်းဆုံး ယှဉ်ပြိုင်သူဖြစ်ဖို့ပဲ အဓိကထားခဲ့တာ။ ဆုရဖို့ကိုတော့ မျှော်လင့်မထားခဲ့ဘူး။ ဆုရတော့ ၀မ်းသာဂုဏ်ယူဖြစ်ရပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့အတွက် ပိုပြီးကျေနပ်တယ်" လို့လည်း ဆိုပါတယ်။

ထိုင်း၊ စင်ကာပူ၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့ ပါဝင်ကြတဲ့ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ကိုးဦးဟာ ကော့တေး နှစ်မျိုး စီကို ဖျော်စပ်ကြရပြီး တစ်မျိုးကတော့ ပြိုင်ပွဲကနေ သတ်မှတ်ပေးတဲ့ Espresso Martini ဖြစ်ပြီး နောက် တစ်မျိုးကိုတော့ စိတ်ကြိုက်ဖန်တီးရတာ ဖြစ်ပါတယ်။

"စိတ်ကြိုက်ဖန်တီးရတဲ့ ကော့တေးအတွက် အရသာလည်း ကောင်းပြီး မြန်မာပြည်မှာ တစ်နှစ်ပတ်လုံး ရနိုင်တဲ့ ကျွဲကောသီးကိုသုံးပြီး ကျွန်တော် ဖျော်တာပါ။ ဒါကြောင့် သူကို "three seasons of paradise" လို့ အမည်ပေးထားတယ်"လို့ ကျော်ဇင်ထွန်းက ဆိုပါတယ်။

ပြိုင်ပွဲမှာ ဒိုင်လူကြီးငါးယောက်က အကဲဖြတ်ပေးပြီး နှစ်ယောက်က ပြိုင်ပွဲဝင်တွေရဲ့ ကော့တေး ဖျော်စပ် ပုံကို ကြည့်ရှုအကဲဖြတ်ပေးကာ ကျန်တဲ့ သုံးဦးကိုတော့ ပြိုင်ပွဲဝင်သူ ဘယ်သူဘယ်ဝါ ဆိုတာ အသိမပေး ဘဲ ကောက်တေးတွေကို မြည်းစမ်းအကဲဖြတ်စေတာဖြစ်ပါတယ်။

ဒီစနစ်ကို ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ မြန်မာစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ဦးမြတ်ရွှေမြင့် က မျှတမှုရှိတယ်လို့ သုံးသပ်ပါတယ်။

သူရရှိတဲ့ဆုဟာ လက်ရှိမြန်မာနိုင်ငံမှာ အလားအလာကောင်းတဲ့ အလုပ်တစ်ခုဖြစ်လာတဲ့ Bartender အလုပ်ကို လူငယ်တွေ စိတ်ဝင်စားစေအောင် အားပေးမှုဖြစ်စေဖို့ မျှော်လင့်တယ်လို့ ကျော်ဇင်ထွန်းက ဆိုပါတယ်။

"မြန်မာနိုင်ငံမှာ Bartender အလုပ်ကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအနေနဲ့ လူသိနည်းနေ သေးပေမယ့် ဒီလုပ်ဟာ စမတ်ကျပြီး ဗဟုသုတလည်း တိုးပွားလာစေတယ်။ စားသောက်ဆိုင်တို့၊ ဘား တို့ကို လူတန်းစားမျိုးစုံက လာရောက်ကြတာ ဖြစ်တဲ့အတွက် ကိုယ်မသိသေးတဲ့ အတွေ့အကြုံ ဗဟုသုတ တွေကို သိခွင့်ကြားခွင့် ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ Bartender အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ်ဆိုရင် မိသားစုဘ၀ စားဝတ်နေရေးအတွက် အဆင်ပြေနိုင်ပါတယ်။ လူမှုဘ၀မှာလည်း အဆင့် တန်း ရှိရှိ နေနိုင်ပါတယ်"လို့လည်း သူ့အမြင်ကို ဆိုပါတယ်။

မျိုးဆက်သစ်လူငယ်များအတွက် Bartender သမားကောင်း တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်း တွေကို ပြောပြရာမှာလည်း မိမိလုပ်ကိုင်နေတဲ့ စားသောက်ဆိုင်၊ ဘားတွေကို ကျွမ်းကျင်မှုရှိရမှာ ဖြစ်သလို ကိုယ်ဖျော်စပ်မယ့် အရက်အမျိုးအစားအားလုံးရဲ့ နာမည်၊ စတင် ထုတ်လုပ်တဲ့ခုနှစ်၊ နိုင်ငံ စတာတွေကို သိထားရမယ့်အပြင် အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်မှု ရှိရပါမယ်လို့ သူက ပြောပါတယ်။

"အဓိက အရေးကြီးဆုံးက ကိုယ့်ဆိုင်ကိုလာတဲ့ ဧည့်သည်တိုင်းကို လေးစားမှုရှိဖို့ လိုပါတယ်။ ကိုယ်ဖျော် စပ်ပေးလိုက်တဲ့ ကော့တေးကို သောက်ပြီး ဧည့်သည်ရဲ့ မျက်နှာက အပြုံးပန်းပွင့်သွားပြီဆိုရင် အဲဒီ အချိန်မှာ ခံစားလိုက်ရတဲ့ ခံစားမှုက ဘာနဲ့မှမတူပါဘူး"လို့လည်း သူက ဆိုပါသေးတယ်။

မြန်မာနိုင်ငံမှာ Bartender ဘ၀ကို ၀ါသနာပါလို့ လေ့လာချင်တဲ့ လူငယ်တွေအတွက် ကျောင်းတွေ သီးသန့် မရှိသေးပေမယ့် တကယ် လုပ်ချင်စိတ်ရှိတဲ့ သူတွေအနေနဲ့ သင်တန်းတက်ပြီးတော့ပဲဖြစ်ဖြစ်၊ ဘားတွေမှာ အလုပ်လုပ်ရင်းနဲ့ဖြစ်ဖြစ် လေ့လာနိုင်တယ်လို့ဆိုပြီး ကိုယ်တိုင်လည်း သင်တန်း မတက်ခဲ့ဖူး ပေမယ့် သင်ဆရာ၊ မြင်ဆရာတွေ ကနေတစ်ဆင့် လေ့လာသင်ယူခဲ့တယ်လို့ ဆိုပါတယ်။

"အရည်အချင်းရှိတဲ့၊ နိုင်ငံတကာ အဆင့်အတန်းမီတဲ့ Bartender သမားတွေ များများ ပေါ်ထွက် လာဖို့ ဆိုရင် ကျွမ်းကျင်ပညာရှင်တွေ သင်ကြားပို့ချပေးတဲ့ သီးသန့်သင်တန်းတွေ ရှိလာဖို့ လိုအပ်ပါတယ်။ အဲဒီလိုဖြစ်လာဖို့အတွက် အချိန်တစ်ခုလောက် စောင့်ရဦးမယ်လို့ ထင်တယ်" လို့လည်း ကယ်လ်ဗင်က ဆိုပါတယ်။

သူကိုယ်တိုင်လည်း မိဘတွေရဲ့ သဘောဆန္ဒကိုဆန့်ကျင်ပြီး ရွေးချယ်ထားတဲ့ အလုပ်ဆိုတော့ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားသွားမှာပါလို့ဆိုပြီး ကယ်လ်ဗင်ဟာ အာဆီယံပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိထားတဲ့အတွက် လာမယ့် အောက်တိုဘာလမှာကျင်းပမယ့် Asia Pacific Bartender 2014 ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် အလုပ်တစ်ဖက်နဲ့ ကြိုတင်ပြင်ဆင်နေပါပြီ။

"အမေက ၂၀၁၁ ကတည်းက ရာသက်ပန် သီလရှင်ဝတ်ခဲ့တာဆိုတော့ အရက်ပုလင်း တွေနဲ့ ရင်းနှီး ကျွမ်းဝင်ရတဲ့ ကျွန်တော့်အလုပ်ကို သိပ်သဘော မကျပါဘူး။ ကျွန်တော့်ကိုလည်း နေ့တိုင်း မူးရူးသောက် စား နေတယ်လို့ ထင်နေတော့ အလုပ်က အရက်ပုလင်းတွေကြား လုပ်ရတယ် ဆိုပေမယ့် သူတစ်ဖက် သား အကျင့်ပျက်အောင် လုပ်တာမဟုတ်သလို ကျွန်တော် ကိုယ်တိုင်လည်း သောက်စားမူးရစ်နေတာ မဟုတ်ဘူးဆိုတာ အမေ နားလည်အောင် ရှင်းပြရပါတယ်"လို့ မိဘတွေ သဘောတူလက်ခံ လာအောင် ရှင်းပြခဲ့ပုံကို ကယ်လ်ဗင်က ပြောပြပါတယ်။

Union ဘားမှာ ပျော်ရွှင်စွာနဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ ကယ်လ်ဗင်ဟာ နောင်တစ်ချိန်မှာ ကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်ပြီး မိသားစုနဲ့အတူ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းချင်တယ်လို့ သူ့ရဲ့ အနာဂတ် စိတ်ကူး အိပ်မက်ကိုလည်း ပြောပြပါတယ်။

ref;Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...