ဆေးဖက်ဝင်တဲ့ ရွက်ကျပင်ပေါက်

ရွက်ကျပင်ပေါက် တွေဟာ ဥတုရာသီမရွေး အမြဲ စိမ်းလန်းနေသော အပင်မျိုး ဖြစ်ပြီး၊ စိုစွတ်တဲ့ နေ ရာများမှာ အလေ့ကျပေါက် ရောက်လေ့ ရှိပါတယ်။ ရုက္ခဗေဒအမည်မှာ Bryophyllum Calycinum Salisb ဖြစ်၍၊ Life Plant (သို့မဟုတ်)Air Plant ဟု လည်း ခေါ်ပါတယ်။ အရွက်ရှည်နှင့် အရွက်ဝိုင်း ဟူ၍ အပင်နှစ်မျိုးနှစ်စား ရှိပါတယ်။ ၄င်းအပင်၏ ထူးခြားချက်က အချိန်အပိုင်း အခြားပေါ် မူတည်ပြီး အရသာ ပြောင်းလဲသွားလေ့ ရှိပါတယ်။ နံက်ပိုင်း မှ နေ့ မွန်းတည့်ချိန် အထိ “ချို” သော အရသာရှိပြီး၊ မွန်းလွဲပိုင်းမှ ညနေအထိ “ချဉ်” သော အရသာဖြစ် ပါတယ်။ အချိန်ကာလပေါ် မူတည်၍ အရသာ ပြောင်းလဲသွားလေ့ ရှိသော်လည်း၊ ဆေးဖက်ဝင် အာနိသင် ကတော့ အတူတူပါဘဲ။

(၁) ရွက်ကျပင်ပေါက် သတ္တုရည်(အရွက်ကို ညှစ်၍ ရသော အရည်)ကို စတီးဇွန်း ၁-ဇွန်းထဲထဲ့၍ မီးနွေးနွေးဖြင့် ချက်ပါ။ ထို့ နောက် အအေးခံ၍ ကလေး၏ ၀မ်းဗိုက်ကို လိမ်းပေးပါက ၀မ်းချုပ်၊ လေထိုး လေအောင့် နှင့် လေဆန်နာ ရောဂါများကို သက်သာပျောက် ကင်းစေပါတယ်။

(၂) လူကြီးများ လေထိုး၊ လေအောင့်၊ လေနာရောဂါ များအတွက် ရွက်ကျပင်ပေါက် သတ္တုရည်ကို ရေနံဆီ ဖြင့်ရောစပ်၍ ၀မ်းဗိုက်ပေါ် လိမ်းပေး(သပ်ချပေး)ပါ။

(၃) သွေးဖျဉ်း၊ လေဖျဉ်း ရောဂါများအတွက် ရွက်ကျပင်ပေါက် သတ္တုရည်ကို ရေနံဆီ၊ မုန်ညင်း ဆီတို့ နှင့် ဆတူရောစပ်ပြီး ၀မ်းဗိုက်ပေါ်သို့  တစ်နေ့  ၂-ကြိမ် လိမ်းကျံပေးပါ။ (ပိုလျှံသော ဆေးရည်ကို ပုလင်းထဲ ထဲ့သိမ်းထားနိုင်ပါတယ်၊ လိမ်းခါနီး ပုလင်းကို လှုပ်၍ လိမ်းပေးပါ)

(၄) အသည်းရောင်၊ အသည်းကြီး ဝေဒနာများအတွက် ရွက်ကျပင်ပေါက် သတ္တုရည်၊ ရှောက် ရည် နှင့် နှမ်းဆီ ထို ၃-မျိုးကို ဆတူရောစပ်၍ အသည်းရှိသည့် နေရာပေါ် လိမ်းကျံပေးခြင်းဖြင့် သက်သာပျောက် ကင်း စေနိုင်ပါတယ်။

(၅) မြန်မာ့ဆေးကျမ်းများ အဆိုအရ၊ “ ရွက်ကျပင်ပေါက်ဟာ အနာများကို စင်ကြယ်စေ၏၊ အနာပေါက် များကို အသားနု တက်စေ၏၊ သွေးယိုစီး ကျနေသောသော အနာများကို သွေးရပ်တန့်  ချုပ်တည်းရာမှာ နတ်ဆေးသဖွယ်ဖြစ်၏ ” လို့ ဆိုထားပါတယ်။ ဒါကြောင့် သွေးစိမ်း ရှင်ရှင်ထွက်သော ထိခိုက်ရှနာ များအတွက် ရွက်ကျပင်ပေါက်ကို မီးကင်၍ ကပ်ပေးခြင်းဖြင့် သွေးထွက်ရပ်ပြီး အနာကျက် မြန်စေပါတယ်။

(၆) သွေးကြောငယ်များ ကျုံ့ သွားစေသော အာနိသင် ရှိတာကြောင့် ဝမ်းသွားစဉ် သွေးပါခြင်း အတွက် ကိုလည်း ရွက်ကျပင် သတ္တုရည်သောက်သုံး၍ လည်းကောင်း၊ ရုတ်တရက် နှာခေါင်း၊ ပါးစပ်၊ မျက်စိ အတွင်းမှ သွေးယိုခြင်းအတွက် ရွက်ကျပင် သတ္တု ရည် ထဲ့ပေး၍ သော်လည်းကောင်း၊ ပြည်တည်နေ သော အနာများ၊ သွေးပုပ်များ နှင့် မန်းရည်များအတွက် အရွက်သတ္တုရည်ကို ဖန်ရည်အဖြစ် ဆေးကြော နိုင်ပါတယ်။

(၇) အရွက်ကို ကျိတ်ညှစ်၍ ရလာသော အရည်ကို လိမ်းပေးပါက၊ မွှေးကျွတ်နာများကို ပျောက်ကင်းစေ ပါတယ်။

(၈) မီးလောင်ဖုကဲ့သို့  အနာလေးများစဖြစ်ပြီး၊ တဖြည်းဖြည်း ပွားလာတတ်သော အနာမီး၊ အနာစက်များ အတွက် ရွက်ကျပင်ပေါက် ဆေးရည်ဖော်စပ်၍ လိမ်းပါ။ ဆေးဖော်စပ်နည်းမှာ ရွက်ကျပင်ပေါက် များကို ဒန်အိုး အဖုံးပေါ် တင်ပြီး မီးဖိုပေါ်မှာ ပြာဖြစ်သည် အထိလှော်ပါ။ ထိုပြာများကို အုန်းဆီနှင့် ခပ်ပျစ်ပျစ် ဖျော်ပြီး အနာပေါ်ကို တစ်နေ့  ၃-ကြိမ်လိမ်းပေးပါ။ နေ့ စဉ်မှန်မှန် လိမ်းပေးပါက ၁၀-ရက်ခန့် အကြာတွင် ပျောက်ကင်း သွားပါလိမ့်မယ်။ (ရောဂါမပျောက်ခင် ဆပ်ပြာရည်နှင့် အနာကို မထိပါစေနှင့်။ ထိုအနာက ဆပ်ပြာရည် နှင့် (လုံးဝ) ဓာတ်မတည့်ပါ)

(၉) အပူလွန်ကဲ၍ မျက်စိနာခြင်းအတွက် ရွက်ကျပင်ပေါက် အရွက်အနည်းငယ်ကို ကြိတ်ကာ နနွင်းတက် မှုန့်အစစ် အနည်းငယ်နှင့်ေ ရာစပ်၍ မျက်ခွံပေါ်မှာ အုံပေးထားနိုင်ပါတယ်။ အအေးလွန်ကဲ၍ မျက်စိနာ ခြင်းအတွက် လတ်ဆတ်သော ရွက်ကျပင်ပေါက်ကို သေချာစွာ ဆေးကြော၍ ညက်စွာကြိတ်ပြီး မျက်ခွံ ပေါ်တွင် အုံပေးနိုင်ပါတယ်။

(၁၀) ဆီးရောဂါ အမျိုးမျိုးအတွက် ရွက်ကျပင်ပေါက် ကြိတ်ရည်(သတ္တုရည်) ဟင်းစား စတီးဇွန်း ထက်ဝက် ကို သကြားအညို အနည်းငယ် နှင့်ရောစပ်ကာ ရေအနည်းငယ်နှင့် သောက်ပေးပါ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ (သွေးဝမ်းကျ ရောဂါအတွက်ကိုလည်း ထိုဆေးရည် သောက်သုံးနိုင်ပါတယ်)

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...