အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုကို မြန်မာနိုင်ငံမှ ရရှိ

ဗြိတိသျှ ကောင်စီမှ ပေးအပ်သော IELTS ပညာသင် ဆုအား မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်မှ ရရှိခဲ့ပြီး အဆိုပါ ပညာသင်ဆုမှာ အရှေ့အာရှ ဒေသတွင် အမြင့်ဆုံး IELTS ပညာသင် ဆုဖြစ်ကြောင်း သိရသည်။ IELTS ပညာသင် ဆုကို Regional Schlorship (မြန်မာ ကျပ်ငွေ သိန်း ၄၁၅ ခန့်) ကို ဒေါက်တာ သန္တာအောင် မှ ရရှိခဲ့ပြီး Country Schlorship (မြန်မာကျပ်ငွေ ၄၁ သိန်းခန့်)အား စောမယ်လ်ဗင် ဟိုလေးမှ ရရှိခဲ့ကြသည်။

" နိုင်ငံတကာ ပညာရေးသည် လူငယ်လူရွယ်များ ငယ်ရွယ်စဉ် အတွေ့အကြုံ ရရှိစေရန် အကောင်းဆုံး အခွင့်အလမ်းဖြစ်ပြီး မြန်မာနိုင်ငံမှ ထူးချွန်တဲ့ပုဂ္ဂိုလ်နှစ်ဦး IELTS ပညာသင်ဆု ချီးမြှင့်ခံရတဲ့အတွက် ၎င်းတို့ ရွေးချယ်တားတဲ့ ဘာသာရပ်များမှာ ပိုမိုပေါက်မြောက် အောင်မြင်စေရန် အခွင့်အရေး ရသွားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်က အရှေ့အာရှဒေသမှာ အမြင့်ဆုံး IELTS ပညာ သင် ဆုရရှိသွားသည်မှာ အထူးဂုဏ်ယူစရာပင် ဖြစ်ပါတယ်။ ဆုရရှိသွားတဲ့ ဒေါက်တာ သန္တာအောင်နဲ့ စောမယ်လ်ဗင်ဟိုလေး တို့နှစ်ဦးစလုံးအတွက် ဝမ်းမြောက်ပါတယ် " ဟု ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie ကပြောသည်။

ဒေါက်တာ သန္တာအောင်သည် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ Charite-Universitatsmedizin တက္ကသိုလ်တွင် ပညာသင်ကြားမည်ဖြစ်ပြီး စောမယ်လ်ဗင်ကိုလေးသည် စင်ကာပူနိုင်ငံရှိ Kaplan Higher Education Academy (Royal Holloway, University of London Program) တွင် ဆက်လက် ပညာသင်ကြား ကြမည်ဖြစ်ကြောင်း သိရသည်။ ၎င်းပညာသင်ဆုအား မြန်မာနိုင်ငံမှ လျှောက်ထားသူ ၃၈ ဦးရှိခဲ့ပြီး လျှောက်ထားသူများသည် တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့်ဗီယက်နမ်တို့မှ လျှောက်ထားသူ ရာပေါင်းများစွာနှင့် ယှဉ်ပြိုင်ပြီးမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိသျှကောင်စီ မြန်မာနိုင်ငံ၏ စာမေးပွဲဌာန တာဝန်ခံ ဒေါ်အိအိမွန်က ပြောကြားသည်။


Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...