Kiss and Risks နမ်းတာကနေ ဘာရောဂါတွေ ရနိုင်သလဲ

B ပိုး ကာကွယ်ဆေး ပြည့်အောင် မထိုးရ သေးပဲနဲ့ ရောဂါပိုး ရှိသူနဲ့ french kiss လုပ်မိရင် ရောဂါ ကူးနိုင် ပါသလား သိချင်ပါတယ်။

• ဆေးစာ မဖြေခင် အနမ်း ဋီကာ ချဲ့ပါရစေ။ စာတပုဒ် ရေးထားတာ ရှိပေမဲ့ အများဖတ်စရာ အနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်း နမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်း နမ်းတာကို Lip kiss လို့ ပြောတာ များတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါ တယ်။ Deep Kissing လို့ သတ်မှတ်တယ်။ အထဲ ထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက် တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှု လုပ်ကြတယ်။ အပြန်အလှန် သဘော ရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိလာနိုင်တယ်။

• ပေါ့ပေါ့ပါးပါး နမ်းတာနဲ့လဲ ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက် အပြဲ အနာအဆာရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။
• မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။
• ရေယုံ ဗိုင်းရပ်စ် အမျိုးအား (၂)၊ အသဲရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။

• သွားရည်ထဲကနေ ရနိုင်တဲ့ ကူးစက်ရောဂါတွေ ရှိတယ်။
1. Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်းရပ်စ်တွေကနေ ကူးစက်တယ်။
2. (စထွက်ပတိုကေားကပ်စ်) ဗက်တီးရီးယားကြောင့် လည်ချောင်းနာရောဂါကူးလာနိုင်တယ်။
3. Cold sores ခေါ်တဲ့ နှုတ်ခမ်းရေယုံဟာ Herpes Simplex Virus-1 (HSV-1) ဗိုင်းရပ်စ်ကနေ ကူးစက် တယ်။
4. လက်-ခြေ-ပါးစပ်ရောဂါဆိုတာ Coxsackie virus ဗိုင်းရပ်စ်ကနေကူးတယ်။
5. HIV ပိုးဟာ သွားရည်ထဲမှာပါနေနိုင်ပေမဲ့ အရေအတွက်နည်းလို့ မကူးဘူးလို့ (ကနေ့အထိ) ပြောနိုင် တယ်။
6. အသဲရောင် (အေ)၊ (ဘီ) နဲ့ (စီ) တွေကတော့ နမ်းလို့ကူးတယ်လို့ပြောနိုင်တဲ့ လူနာတွေတွေ့ ထား တယ်။
7. သွားဖုံးရောင်တာကို ဗီတာမင် (စီ) နည်းလို့လဲဖြစ်နိုင်တယ်။
8. Candida yeast infections မှိုပိုးဝင်နေလို့လဲဖြစ်နိုင်တယ်။ အထူးသဖြင့် ပဋိဇီဝဆေး သောက်နေချိန် မှာ ဖြစ်တတ်တယ်။

• French kiss ပြင်သစ်အနမ်းကနေ အသည်းရောင် (ဘီ) ကူးစက်ဘို့အခွင့်အလမ်း အလွန်နည်းပါတယ်။ (ဘီ) သာမက (စီ) နဲ့ (ဒီ) တွေလဲအတူတူဘဲ။ HIV လဲ ပါတယ်။ ရာနှုန်းပြည့် မကူးစက်ပါလို့ ဘယ် ဆရာဝန် ကမှ အာမ မခံနိုင်ပါ။
• သီအိုရီအရတော့ ကူးစက်လာနိုင်တယ်လို့ပြောနိုင်တယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ လူကိုယ်က အရည်တွေ မှန်သမျှထဲမှာ နေကြတယ်။ သွားရည်လဲပါတယ်။
• နှုတ်ခမ်းနဲ့ အနီးအနားမှာ အနာအဆာရှိနေရင်တော့ ကူးစက်ဘို့အခွင့်အလမ်းပိုများတယ်။

• ကိုယ်ကနေ တယောက်ယောက်ကိုနမ်းတယ်ဆိုတာ ကိုယ်နမ်းလိုက်သူကိုနမ်းဘူးသူတွေ အားလုံးကို နမ်းသလိုဘဲလို့ ပြောနိုင်တယ်။ ကိုယ်နမ်းတဲ့သူကို အရင် လူပေါင်းဘယ်လောက်က နမ်းထာသလဲ သိပါ သလား။
• အဖေါ်အကြောင်း ကောင်းကောင်းမသိရင် အန္ကရာယ်နဲ့ မကစားတာကောင်းတယ်။
• ငယ်တုံးရွယ်တုံးမှာ French kiss ကို အဖေါ်တွေအများကြီးနဲ့ လုပ်ခဲ့သူဟာ ဦးနှောက်မြှေးရောင် ရောဂါရစေဘို့ ပိုပြီးနီးစပ်တယ်လို့ သုတေသန တခုက ဆိုပါတယ်။
• နမ်းရာကနေ ကူးစက်ရောဂါ မရချင်ရင် နမ်းတာကိုသာ ဆင်ခြင်ပါလေ။


ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၄
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...