လုပ်ချလိုက်ပြန်ပြီ အမ်ပီတီ

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အမ်ပီတီသည် ၂၀၁၄ ခုနှစ် ဇွန်လကုန်အထိ မိုဘိုင်းလ်ဖုန်းပေါင်း ၉ ဒသမ ၂၅ သန်း ရောင်းချပြီးကြောင်း သိရသည်။ အမ်ပီတီသည် မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းများ အား စတင် အသုံးပြုခွင့်ပေးစဉ်က တရားဝင်ဈေး ကျပ် ၁၅ သိန်းဖြင့် ချထားပေးခဲ့ပြီး သုံးစွဲသူများ အနေ ဖြင့်ပြင်ပပေါက်ဈေးကျပ် သိန်း ၃၀ ကျော် အထိ ဝယ်ယူသုံးစွဲခဲ့ကြပါသည်။ နောက်ပိုင်းတွင် အခြားနိုင်ငံ များ၊ အိမ်နီးချင်းနိုင်ငံများရှိ မိုဘိုင်းလ် ဖုန်း ဈေးနှုန်းများနှင့် နှိုင်းယှဉ်၍အများပြည်သူများမှ ဝေဖန် ထောက်ပြလာသောကြောင့် ကျပ်ငါးသိန်း၊ နှစ်သိန်းခွဲနှုန်း၊ နှစ်သိန်းနှုန်းအထိ အဆင့်ဆင့်ဈေးချရောင်း လာသည်ကို တွေ့ရှိရသည်။

အစိုးရသစ်လက်ထက်၌ ပြည်ပမှအော်ပရေတာနှစ်ခုအား လုပ်ကိုင်ခွင့်ပြုလာချိန်တွုင် ထိုအော်ပရေတာ များမှ ကျပ် ၅၀၀၀ အောက်ဈေးနှုန်းဖြင့် ဆင်းမ်ကတ်များ ရောင်းချပေးမည်ဆိုသော အခါကျမှသာ အမ်ပီတီသည် CDMA 800/WCDMA/GSM ဆင်းမ်ကတ်များအား ကျပ် ၁၅၀၀ ဖြင့်မဲဖောက်၍ ရောင်း ချလာပါသည်။ ယခုအခါ ပြည်ပအော်ပရေတာနှစ်ခုမှ တာဝါတိုင်များထောင်ခြင်း၊ Network များစမ်း သပ်ခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်သဖြင့် အမ်ပီတီအနေဖြင့် ၁၅၀၀ တန်ဆင်းမ်ကတ်များအား အကန့်အသတ်မရှိ လွတ်လပ်စွာ ဝယ်ယူခွင့်ပြုလာသည်ကို တွေ့ရှိရသည်။

စီးပွားရေးအမြင်ဖြင့် သုံးသပ်ရပါက ဈေးကွက်အတွင်းသို့ ပြိုင်ဘက်နှစ်ဦး ဝင်ရောက်မလာမီ လက်ဦးမှု ရယူခြင်းဖြစ်သည်။ အိမ်ပီတီအနေဖြင့် သုံးစွဲသူများအား စေတနာထားမည်ဆိုပါက မိုဘိုင်းလ်ဖုန်းစနစ် စတင်ဆောင်ရွက်စဉ်ကပင် အိမ်နီးနားချင်းနိုင်ငံများနည်းတူ ချိုသာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ရ မည်ဖြစ် သော်လည်း ယခုပြည်ပအော်ပရေတာများ ဝင်ရောက်လာခါနီးမှ ကျပ် ၁၅၀၀ သို့လျှော့ချပေး သဖြင့် သုံးစွဲသူပြည်သူများမှ အပြည့်အဝကျေးဇူးမတင်နိုင်ဘဲ ဖြစ်နေရသည်။

ထို့နည်းတူပင် ၂၀၁၄ ခုနှစ်၊ ဧပြီလသင်္ကြန်ကာလမတိုင်မီတွင် ‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သင်္ကြန် လက်ဆောင်’ ဟုဆိုကာ ဧပြီ ၁၂ ရက်မှ ၂၁ ရက်နေ့အတွင်း ငွေဖြည့်သွင်းပါက ဖုန်းပြောဆိုချိန် ၂၀ ရာခိုင်နှုန်း ထပ်ဆောင်းပေးမည်ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာဖြင့်လည်းကောင်း၊ အက်စ်အမ် အက်စ်ဖြင့်လည်းကောင်း သုံးစွဲသူပြည်သူများသို့ အသိပေးခဲ့ပါသည်။ ဖုန်းသုံးစွဲသူ ပြည်သူများက လည်း သတင်းကြားသိရစဉ်က အမ်ပီတီ၏စေတနာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသော်လည်း အမ်ပီတီ၏ လက်ဆောင်မှာ ၁၀ ရက်အတွင်းသာ အသုံးပြုနိုင်သည်ဟု ဆိုသဖြင့် ဝမ်းသာစိတ်များ ပျောက်ဆုံး ခဲ့ကြရ သည်။ ဆိုလိုသည်မှာ အမ်ပီတီ၏ ထိုသင်္ကြန်လက်ဆောင်မှာ သုံးစွဲသူများအား ထိရောက်စွာ အကျိုးပြု မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခုလည်းမိုဘိုင်းလ်ဖုန်းသုံးစွဲသူများအတွက် ဝန်ဆောင်မှု ပရိုမိုးရှင်းအစီအစဉ်ဟုဆိုကာ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တို့၏ မိုဘိုင်းလ်ဖုန်းများသို့တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ခေါ်ဆိုခိုင်းလိုက်ပြန်ပါပြီ။ ထိုသတင်းအားဖတ်မိစဉ်က အခြားအော်ပရေတာများမှ အမ်ပီတီ၏ တစ်မိနစ် ၅၀ ဆိုသောအသုံးပြုခ ထက်လျှော့ချပေးမည်ဆိုသော သတင်းများထွက်ပေါ်နေသဖြင့် သူတို့ထက်စော၍ ပြည်သူအားစေတ နာထားပြီး ဈေးလျှော့ပေးခြင်းဖြစ်သည်ဟု ထင်မြင်မိပါသည်။ ပြည်ပအော်ပရေတာများမလာမီ တစ်မိနစ် ၂၅ ကျပ်ဈေးသို့ လျှော့ပေးသည်ဟုထင်မြင်မိပြီး အမ်ပီတီ၏ စေတနာအားကျေးဇူးတင်မိပါ သည်။

သို့သော်လည်း သတိပြုရန်ဆိုသောအချက်များကို သေချာဖတ်ရှုလိုက်သောအခါမှ အဓိကအချက်နှစ် ချက်တွေ့ရှိရပါသည်။ ၎င်းမှာ ယင်းပရိုမိုးရှင်းကို လက်ခံလိုက်သည်နှင့် မှတ်ပုံတင်ကြေး ကျပ် ၂၅၀၀ ပေးရမည်ဖြစ်ပြီး ၎င်း ၂၅ ကျပ်နှုန်းဖြင့် ဆက်သွယ်ခွင့်အခွင့်အရေးအားရက်ပေါင်း ၃၀ အတွင်းခေါ်ဆို အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြထား၍ဖြစ်ပါသည်။ ထိုစည်းကမ်းချက်အရ သုံးစွဲသူအနေဖြင့် ဖုန်းနံ ပါတ်သုံးခုသို့ရက်ပေါင်း ၃၀ အတွင်း မိနစ် ၁၀၀ ဆက်သွယ်ပြောဆိုပါမှ အရင်းကျေမည်ဖြစ်ပြီး မိနစ် ၁၀၀ နှင့်အထက်အသုံးပြုသော မိနစ်များအတွက်သာ တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ် ပါသည်။ သေချာစွာပြန်စိစစ်ကြည့်ပါက သာမန်အသုံးပြုသူတစ်ဦးအနေဖြင့် တစ်မိနစ် ကျပ် ၅၀ နှုန်း ဖြင့်မိနစ် ၁၀၀ အတွက် ကျပ် ၅၀၀၀ ကုန်ကျမည်ဖြစ်ပါသည်။ အမ်ပီတီမှပေးသော ပရိုမိုးရှင်း အစီအစဉ် အရဆိုပါက တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့် မိနစ် ၁၀၀အတွက်ကျပ် ၂၅၀၀ မှတ်ပုံတင်ကြေး ကျပ် ၂၅၀၀ ဖြစ်သဖြင့် ကျပ် ၅၀၀၀ ပင်ကုန်ကျမည်ဖြစ်ပါသည်။ ရက်ပေါင်း ၃၀ အတွင်းဖုန်းနံပါတ်သုံးခုသို့ မိနစ် ၁၀၀ အထက်ဆက်သွယ်ရန်ကိစ္စမှာလည်း သာမန်လူများအတွက် အသုံးမတည့်လှပေ။ အဆိုးထဲမှ အကောင်းယူမည်ဆိုပါက အချိန်ကြာမြင့်စွာပြောဆိုလေ့ရှိသော သမီးရည်းစားများ၊ ပွဲရုံများ၊ လောင်းက စားပင်ရင်းဒိုင်နှင့် လက်ခွဲဒိုင်များအကြားဆက်သွယ်ပေးပို့သော လောင်းကစားဆိုင်ရာကိစ္စရပ်များအ တွက်သာ အသုံးဝင်မည့်သဘောဖြစ်နေပါသည်။ ထို့ကြောင့် အမ်ပီတီ၏ပရိုမိုးရှင်းမှာ အများပြည်သူ အပေါ်သို့ အကျိုးသက်ရောက်မှု ရာခိုင်နှုန်းနည်းနေသည်ဟု မှတ်ချက်ပြုလိုပါသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းသို့ အကြံပြုလိုသည်မှာ အများပြည်သူမိုဘိုင်းလ်ဖုန်း သုံးစွဲသူများ အား စေတနာအမှန်ဖြင့် အကျိုးပြုလိုပါက လက်ရှိတစ်မိနစ် ကျပ် ၅၀ နှုန်းကောက်ခံနေခြင်းအား ရေရှည်အ ကျိုးရှိမည့် နှုန်းထားတစ်ခုသို့ အမြန်လျှော့ချသင့်ပါသည်။ နိုင်ငံခြားအော်ပရေတာများမှ ဝင်ရောက်လာ ပြီး၎င်းတို့၏ ချိုသာသောနှုန်းထားနှင့် လက်ရှိတစ်မိနစ် ကျပ် ၅၀ နှုန်းကွာဟနေပါမှ လိုက်လံလျှော့ချ မည်ဆိုပါက မည်သူတစ်ဦးတစ်ယောက်မျှ အမ်ပီတီ၏ ဈေးလျှော့မှုကိုအသိအမှတ်ပြုမည်မဟုတ်ဘဲ လက်ရှိဈေးကွက်ပါဆုံးရှုံးသွားနိုင်ပါသည်။

သို့ပါ၍ ‘Friends and Family Services ဝန်ဆောင်မှု ပရိုမိုးရှင်းအစီအစဉ်ဖြင့် တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုလိုက်ပါ’ ဆိုသော အမ်ပီတီ၏ ကြော်ငြာအား ဖတ်ရှုရင်း ‘လုပ်ချလိုက်ပြန်ပြီ အမ်ပီတီ’ ဟုသာ ရေရွတ်လိုက်မိပါကြောင်း။


စံတော်ချိန်သတင်းစာ
သြဂုတ် (၃) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...