ဖုန်း ဖိစီးမှု သားကောင် ဖြစ်နေသလား

By ဟိန်းထက်

အလုပ်နားရက် မနက်နိုးလာသည်နှင့် ဖုန်းဖွင့်ပြီး အလုပ်နဲ့ ပတ်သက်တဲ့ အီးမေးတွေ ၀င်နေသလား ကြည့်မိပါသလား။ အားလပ်ရက် အပန်းဖြေ ခရီး ထွက်နေချိန် မှာပင် အလုပ်က ဘာတွေများ လှမ်း အကြောင်းကြား ထားမလဲဟု ဖုန်းဖွင့်ပြီး ဂျီမေး စစ်တတ်ပါ သလား။ ဟိုတယ်မှာ ၀ိုင်ဖိုင် မရရင် စိတ် ထဲ စနိုးစနော့ ဖြစ်နေတတ် ပါသလား။ ဖုန်းလိုင်းကောင်း ကောင်းမမိလို့ အင်တာနက် ဖွင့်မရရင် ကျိန်ဆဲနေတတ်ပါ သလား။ ဖုန်းဘက်ထရီ ကုန်ခါနီးလာ ရင် စိုးရိမ်စိတ် ဖြစ်လာတတ်ပါ သလား။ ဖုန်း အားသွင်းကြိုး အိတ်ထဲ ထည့်ဖို့ မေ့လာရင် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိပါ သလား။ ကိုယ် ဖုန်းပိတ်ထားရင် အလုပ်မှာ တစ်ခုခုများ ဖြစ်ကုန်မလား စိုးရိမ် တတ်ပါသလား။

အထက်ပါ လက္ခဏာများသည် ဖုန်းအမြဲ ဖွင့်ထားရမှ စိတ်ကျေနပ်သူများ ခံစားရသည့် စိတ်ပြဿနာများ ဖြစ်သည်။ တစ်နည်းဆို ရလျှင် ဖုန်း အစွဲလွန် လက္ခဏာများ ဖြစ်သည်။ အင်တာနက် ချိတ်ဆက်နိုင်သော စမတ်ဖုန်းများတွင် ကျယ်လာခြင်းသည် သူချည်းပဲကား ကောင်းသည် ဆိုးသည် မရှိ။ သုံးသူပေါ် မူတည်ပြီးသာ တန်ဆေးလွန်ဘေး သက်ရောက်မှု ရှိသည်။ အချို့သူများ အဖို့ကား အင်တာနက်ရှိသော စမတ်ဖုန်းတစ်လုံးကြောင့် ဘယ်နေရာ ကမဆို၊ ဘယ်အချိန်မှာ မဆို အလုပ်လုပ်နိုင်သဖြင့် မနက် (၉) ညနေ (၅) အလုပ်ချိန် အကန့်အသတ်ထဲမှ ရုန်းထွက်ကာ ကိုယ့်အလုပ်ချိန် ကိုယ့်ဖာသာ စီမံနိုင်သည်။ အကျိုးဆက်အဖြစ် မိသားစုအတွက်၊ မိတ်ဆွေ အပေါင်းအသင်းများအတွက်၊ မိမိအတွက် အချိန်ပိုများ ရရှိလာသည်။ သို့သော် ထိုလူစုကား အနည်းငယ်သာ ဖြစ်သည်။

အများစုကြီးအဖို့ကား စမတ်ဖုန်းသည် အိတ်ကပ်ထဲက လူဆိုး ဖြစ်လာသည်။ ထိုဖုန်းက ကျွန်ုပ်တို့ လူသားတွေ ဘယ်တော့မှ စိတ်အနားမရ အောင် လုပ်နေသည်။ သူကို့ တစ်ချိန်လုံး တကိုင်ကိုင် တယု ယယ လုပ်နေရသည်။ ယခုနောက်ပိုင်း အင်တာနက် ချိတ်ဆက်နိုင်သော စမတ်ဖုန်းများ တွင်ကျယ်လာ လေ ဖုန်းစွဲရောဂါအဖြစ်များ သူလည်း တိုးလာလေ ဖြစ်ကြောင်း တွေ့နေရသည်။ သတိထားကြည့်လျှင် မိမိ ပတ်ဝန်းကျင်မှာကို ထိုသို့သော လူများကို တွေ့နိုင်သည်။

အဆက်အသွယ်မပြတ် အမြဲရှိနေချင် စိတ်ကြောင့် စိတ်ဖိစီးရ

ယနေ့ လူသားများ “အမြဲဖွင့်”စိတ်ရောဂါ ခံစားလာရကြောင်း ဗြိတိန်နိုင်ငံ ကွန်ဗန်ထရီ တက္ကသိုလ် စိတ်ပညာ သုတေသနဌာနမှ ဒေါက်တာ ခရစ္စတင်းဂရန့်က ပြောသည်။ အမြဲဖွင့် စိတ်ရောဂါဟူသည် ယနေ့ လူသားများ ဖုန်းကို အမြဲ ဖွင့်ထားရမှ နေတတ်ကြပြီး ဖုန်းပိတ်ထား လိုက်သည်နှင့် စိတ်မဖြောင့်နိုင် ဖြစ်နေကာ လူကတရွရွ ဖြစ်လာခြင်းကို ဆိုလိုသည်။ ညဘက် အိပ်လျှင်လည်း ဖုန်းကိုပိတ်ပြီး မအိပ်နိုင်။ ဖုန်းပိတ်ထား လိုက်လျှင် တစ်ခုခု ဖြစ်ရင် ကိုယ့်ကို ခေါ်မရဖြစ်ကာ ဒုက္ခရောက် ကုန်မလားဟူသော စိုးရိမ်စိတ်က အိပ်ခါနီးတိုင်း ၀င်လာတတ်သည်။ အင်တာနက် ချိတ်ဆက်ထားသော ဖုန်း ကိုင်သူများ ပိုဆိုးသည်။ အင်တာနက် တစ်ချိန်လုံး ဖွင့်မထားလျှင်ပင် မကြာမကြာ ဖွင့်ဖွင့်ပြီး ဘာများ ထူးခြားမလဲ ကြည့်လိုက်ရမှနေသာ ထိုင်သာ ရှိကြ သည်။ အင်တာနက် မရသည့် နေရာမျိုး ရောက်သွားလျှင်ဖြင့် အစာငတ်နေသည့်လူ အစာရှာသည့် အလား လူက ဖြစ်လာတတ်သည်။ “အမြဲဖွင့်”စိတ် ရောဂါ ဖြစ်လာသည့် အခါ လူသည် အမြဲတမ်း ဖုန်းဖွင့်ထားရမှ၊ အင်တာနက်မှာ နောက်ဆုံး ဘာဖြစ်နေလဲ မကြာမကြာ ကြည့်ရမှ နေသာလာကာ ထိုသို့ မကြည့်နိုင်မှာ ကိုလည်း အမြဲ စိတ်ပူပန် နေတတ်ပြီး လူသည် အချိန်ပြည့် စိတ်ဖိစီးနေတော့သည်။ စိတ်ပို ဖိစီးလာလေ၊ စိတ်နဲ့ရော ကိုယ်နဲ့ပါ အမှားလုပ်မိ နိုင်ခြေလည်း များလာလေ ဖြစ်တော့သည်။

အထူးသဖြင့် အမျိုးသမီး များသည် စမတ်ဖုန်းကြောင့် ကျန်းမာရေးပို ထိခိုက်ရကြောင်း ဒေါက်တာ ခရစ္စတင်း က ဆက်လက် ပြောကြားသည်။ ရုံးမှာ တစ်နေကုန် အလုပ်လုပ်၊ အိမ်ရောက်တော့ အိမ် အလုပ်လုပ်၊ ညအိပ်ခါနီး တော့လည်း ဖုန်းက တစ်ဆင့် အလုပ်နဲ့ ပတ်သက်တာတွေ ဆက်ကြည့် ဆက်လုပ် တစ်နေကုန် အလုပ်ဖိအားနဲ့ ပြတ်နိုင်သည် မရှိဘဲ အမျိုးသမီးများ၏ စိတ်သာမက ကိုယ် ကျန်းမာရေး အတွက်ပါ စိတ်ပူစရာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဥပမာ ဗြိတိန်မှာဆိုရင် တစ်နှစ်ကို လူလေးသိန်းလောက်က အလုပ်ခွင် စိတ်ဖိစီးမှုနဲ့ ပတ်သက်ပြီး ကျန်းမာရေး ထိခိုက်လို့ ဆေးခန်း ဆေးရုံ ရောက်ရတယ် ဟု လန်ဒန်မြို့ အလုပ်ခွင် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းမှ ဒေါက်တာအလက်ဒီယာ အမ်ဆလိုင်းက ပြောသည်။ လူတွေ အလုပ်ခွင် စိတ်ဖိစီးမှု အခုနောက်ပိုင်း ပိုများလာတာရဲ့ လက်သည်ဟာ နည်းပညာ တိုးတက်မှုလို့ ပြောလို့ရတယ်။ အထူးသဖြင့် စမတ်ဖုန်းတွေပေါ့။ ဖုန်းတွေ ရှိနေ တော့ အိမ်က နေလည်း အလုပ်လုပ်လို့ ရလာတယ်။ အဲဒီတော့ အိမ်ပြန်ချိန်ထိ အလုပ်တွေက ပါလာပြီး နေ့ရော ညရော စိတ်က အလုပ်နဲ့ လုံးပန်းပြီး နောက်ဆုံးမှာ စိတ်ရဲ့စွမ်းဆောင်ရည် တွေကိုပါ ထိခိုက် ကုန်တော့တာပဲ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဗြိတိန် ဆက်သွယ်ရေးလုပ်ငန်း Ofcomက ဗြိတိန်တွင် ကောက်ယူထားသော စစ်တမ်းအရ ဗြိတိန် အရွယ် ရောက်သူ (၆၁) ရာခိုင်နှုန်းသည် စမတ်ဖုန်းများ ကိုင်ဆောင်ထားကြကြောင်း သိရသည်။ တဲဘလက် ကွန်ပျူတာ ပိုင်ဆိုင်သည့် မိသားစု ပမာဏသည်လည်း (၄၄) ရာခိုင်နှုန်းထိ ရှီလာပြီ ဖြစ်သည်။

ဗြိတိန်နိုင်ငံသားများ ၂၀၁၀ ခုနှစ်က မီဒီယာမျိုးစုံ အတွက် အချိန် အသုံးပြုနှုန်းက တစ်နေ့ကို (၈) နာရီ (၄၈) မိနစ် မှ ယခုအခါ (၁၁) နာရီထိ ရှိလာနေပြီ ဖြစ်သည်။ စမတ်ဖုန်းများ တွင်ကျယ်လာ မှုကြောင့် လူသားများသည် စမတ်ဖုန်းများမှ မီဒီယာ မျိုးစုံကို အသုံးချနှုန်းများ တက်လာခြင်း ဖြစ် သည်။ (၁၁) နာရီ ဆိုတာကို ကြည့်ပြီး နောက်ဆက်တွဲ စဉ်းစားကြည့်ပါက အိပ်ချိန် ထက်ပင် ပိုများနေကြောင်းကို မြင်နိုင် သည်။ ဗြိတိန်ကို နမူနာ အဖြစ် ကြည့်လျှင် အခြားနိုင်ငံများ တွင်လည်း အလားတူ အခြေအနေများ ရှိနေမည်ဖြစ်ကြောင်း မြင်နိုင်သည်။

စမတ်ဖုန်းသုံး သူများ မီဒီယာ အမျိုးမျိုး အတွက် ဦးနှောက် စွမ်းအား အသုံးချရ၊ စမတ်ဖုန်းဖြင့် လုပ်နိုင်သော အခြားအလုပ် မျိုးစုံအတွက် လည်း ဦးနှောက် စွမ်းအားများ အသုံးချရရာ ကြာလာသည့် အခါ ဦးနှောက်သည် ရွေးချယ်ရတာများ လာသဖြင့် နောက်ပိုင်းတွင် ရွေးချယ်မှုကို ထုံသွားကာ ဆုံးဖြတ် ချက်များ ညံ့ဖျင်း သွားတတ်ကြောင်း သုတေသနလုပ်ငန်း PcW ၏ နိုင်ငံတကာ လူသားအရင်းအမြစ်နှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဌာနခွဲက ပြော သည်။

အလုပ်ခွင်ထဲ မှာလည်း လူတွေဟာ သတင်းအချက်အလက် သောင်းပြောင်းထွေ လာကို အချိန်ပေးနေ ရတဲ့ အတွက် ဆုံးဖြတ် ရတာတွေ များလာပြီး မဝေခွဲနိုင် ဖြစ်လာနေကြတယ်။ အကျိုးဆက် အဖြစ် ဆုံးဖြတ်ချက် မပြတ်သားတဲ့ ပြဿနာ ဖြစ်ပွားလာ ရတယ်။ ဒီအဆိုး သံသရာက ရုန်းမ ထွက်နိုင်ကြဘူး ဆိုရင် အလုပ်ခွင် ထုတ်လုပ်မှု စွမ်းအားတွေပါကျ သွားမယ့် အန္တရာယ်ရှိတယ် ဟု PcW ၏ “အလုပ်ခွင် အနာဂတ် - ၂၀၂၂ ခုနှစ်ဆီသို့” ဟူသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗြိတိန် လုပ်သားထုသည် လုပ်ငန်းကို အထောက်အကူ ဖြစ်စေသော အင်တာနက် ချိတ်ဆက် လုပ်ကိုင်မှု နည်းစနစ်ကို တိုး၍ တိုး၍ အသုံးပြု လာသည့်တိုင် ထုတ်လုပ်နိုင်စွမ်း တိုးမလာသည်ကို ကြည့်လျှင် စမတ်ဖုန်းများကြောင့် လူသားများ ဆုံးဖြတ်ချက်ေ၀၀ါးလာမှု ဆိုးကျိုးဖြစ်သည်ကို မြင်နိုင် ကြောင်း PcW မှ မိုက်ကယ်ရန်ဒယ်က သုံးသပ်ပြောကြားသည်။ PcW ၏ အစီရင်ခံစာအတွက် ကမ္ဘာတစ်ဝန်းမှ လုပ်သားပေါင်း ငါးသောင်းကို အင်တာဗျူး ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။ အီးမေး အသုံးပြုခြင်းသည် အလုပ်ကို လျှင်မြန် တွင်ကျယ်စေ၏။ အီးမေးကို ခဏခဏ ဖွင့်ကြည့်နေခြင်းမူကား အလုပ်မထိ ရောက်စေသာ နည်းဖြစ်၏ဟု မစ္စတာရန်ဒယ်က ယှဉ်ပြသည်။

ဖိစီးမှုကို ဘယ်လို ကိုင်တွယ်မလဲ

စမတ်ဖုန်းများ တွင်ကျယ်လာခြင်းသည် ဆိုးကျိုးထက် ကောင်းကျိုးကိုသာပို ဖြစ်စေကြောင်း နည်းပညာ လုပ်ငန်းကြီးများ၊ ဆက်သွယ်ရေး ကုမ္ပဏီကြီးများ ကလည်း ခုခံ ပြောကြား ထားသည်။ သူတို့ အဆိုကို လူများ စုကြီးကလည်း သဘောတူမည်သာ။ ထိရောက် မှန်ကန်စွာ အသုံးချသူ အတွက် အသုံးဝင်မည်မှာ မြေကြီးလက်ခတ် မလွဲဖြစ်ကြောင်း စာရေးသူလည်း သဘောတူပေသည်။ စမတ်ဖုန်းတွေ တဲဘလက် တွေ ကြောင့် ၀န်ထမ်း တွေရော အလုပ်ရှင်တွေပါ အလုပ်ကို လျှင်မြန် လွယ်ကူစွာ၊ ပိုထိရောက်စွာ လုပ်နိုင်လာတယ်။ ကိုယ်ပိုင် အချိန်ကို ပိုခန့်ခွဲနိုင်လာကြတယ်ဟု ဗြိတိန် ဆမ်ဆောင်း ဌာနခွဲမှ ဂရေဟမ်လောင်း က မှတ်ချက်ပေးသည်။

အဓိကမှာ တန်ဆေးလွတ်ဘေး ဆိုသော စကားအတိုင်း စမတ်ဖုန်းများက ပေးသော ကောင်း ကျိုးကို ဉာဏ် ရှိရှိ ပွေ့ဖက်ကာ မိမိအတွက် အကောင်းဆုံး ဖြစ်အောင် အသုံးချတတ် ဖို့ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။ သို့ဖြစ်ရာ နောက်တစ် ကြိမ် အပန်းဖြေ ခရီးထွက်လျှင် တတ်နိုင် ပါက ဖုန်းကို ပိတ်ထားပါ။ အိပ်ရာ ၀င်ချိန်မှာ ကိုယ့်နဲ့ ဝေးဝေးမှာ ဖုန်းကိုထားပါ။ ကိုယ်မရှိလျှင် ဒုက္ခ ရောက်တော့မည် ဟူသော စိတ်ကြောင့် ဖုန်းဖွင့်ထား မိသူများ အနေဖြင့် လောကကြီး မှာ ပြဿနာကို ဖြေရှင်းနိုင်တာ ကိုယ်တစ်ယောက်တည်း မဟုတ်၊ အခြားသူများလည်း ဖြေရှင်းနိုင်စွမ်း ရှိသည်ကို မမေ့ဖို့ လိုသည်။ 


Ref: Smartphone stress: Are you a victim ? By Matthew Wall (BBC)
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...