စင်ကာပူတွင် ငါးနှစ်အတွင်း မြန်မာအိမ်အကူ လေးရာကျော် ထွက်ပြေး

ရန်ကုန်၊ သြဂုတ် ၂၇

စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူများ အကြမ်းဖက် ခံရမှု များကြောင့် ငါးနှစ်အတွင်း အိမ်အကူ လေးရာ ကျော် ထွက်ပြေးလာကာ စင်ကာပူနိုင်ငံရှိ Humanitarian Organization for Migration Economics (HOME) တွင် လာရောက် ခိုလှုံခဲ့ကြောင်း အဆိုပါအဖွဲ့မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဒေါက်တာ သိန်းသန်းဝင်းက ပြောကြားသည်။

အိမ်အကူများ အကြမ်းဖက်ခံရမှုတွင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများကြောင့် ထွက်ပြေးမှု အများဆုံး ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုမှာ ဒုတိယအများဆုံး ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ HOME အဖွဲ့သို့ ထွက်ပြေးလာသူ ၄၁၀ ဦး ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာအိမ်အကူများသည် ဘာသာစကား၊ အိမ်တွင်းမှု အတတ်ပညာ အားနည်းခြင်း စသည်တို့ကြောင့် အခြားနိုင်ငံ များက အိမ်အကူများထက် ရပိုင်ခွင့်များ နည်းပါးသည့်အပြင် အကြမ်းဖက်ခံရမှုများလည်း များပြားခြင်း ဖြစ်ကြောင်း HOME ထံမှ သိရှိရသည်။

စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူများသည် တစ်လလျှင် စင်ကာပူဒေါ်လာ ၄၆၈ ဝန်းကျင် (ကျပ် ၃၆၀၀၀၀ ကျော်) ရရှိကြပြီး ဖိလစ်ပိုင် အိမ်အကူများသည် စင်ကာပူဒေါ်လာ ၅၄၀၊ အင်ဒိုနီးရှား အိမ်အကူ ဒေါ်လာ ၅၀၀ ကျော် ရရှိကြကြောင်း ဒေါက်တာ သိန်းသန်းဝင်းက ဆိုသည်။

မြန်မာအိမ်အကူများသည် လုပ်ငန်းနှင့် ပတ်သက်သည့် ပညာရပ်များတွင် ကျွမ်းကျင်မှု အားနည်း၍ လုပ်ငန်းရှင် များ၏ စိတ်တိုင်းကျ လုပ်ကိုင်ပေးနိုင်ခြင်း မရှိသဖြင့် ထွက်ပြေးမှုနှုန်း ပိုမိုမြင့်တက်လာခြင်း ဖြစ်ကြောင်း The Straits Times သတင်းဌာန၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတို့မှ အိမ်အကူ လုပ်သားများကို ၎င်းတို့နိုင်ငံ အစိုးရက ဥပဒေများဖြင့် အကာအကွယ် ပေးထားသဖြင့် အဆင်ပြေပြီး မြန်မာအိမ်အကူများအတွက် အစိုးရက ဥပဒေအရ အကာအကွယ် ပေးထားခြင်း မရှိသေးကြောင်း စင်ကာပူရောက် မြန်မာများထံမှ သိရှိရသည်။

စင်ကာပူ၊ မြန်မာ နှစ်နိုင်ငံ အေဂျင်စီအသင်းချုပ်တို့ ချိတ်ဆက်ကာ မြန်မာအိမ်အကူများ စေလွှတ်နိုင်ရန် နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးရန် လုပ်ဆောင်နေပြီး စက်တင်ဘာလတွင် လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးကိုလေးက ပြောကြားသည်။

စင်ကာပူတွင် မြန်မာအိမ်အကူ သုံးသောင်းဝန်းကျင် ရှိကြောင်း HOME ထံမှ သိရှိရသည်။ စင်ကာပူနှင့် ဟောင်ကောင် တို့သို့ အိမ်အကူ တရားဝင် စေလွှတ်ခွင့် ပြုထားသည်။



The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...