ဘာကြောင့် စာအုပ်ဖတ်ရန် လိုအပ်ပါသလဲ?

Photo;ii.library.jhu.edu
သာမန် လူတစ်ယောက် အနေနှင့် မိမိတို့ သိလိုသော အကြောင်းအရာ အချက်အလက် ဗဟုသုတ များကို လက်တွေ့ နယ်ပယ် တွင် လိုက်လံ ရှာဖွေရန် အချိန် အတော်ယူ ရမည် ဖြစ်သည်။ အချိန်ကုန် လူပင်ပန်း သက်သာပြီး အေးအေးေ ဆးဆေးနှင့် ရရှိနိုင်သော နေရာ သည် စာအုပ်များမှ ပင်ဖြစ်နိုင်ပေ လိမ့်မည်။ ထိုကဲ့သို့ ပြောခြင်းကြောင့် စာအုပ်များ ထဲတွင် အရာ အားလုံးရှိသည် စာအုပ်ထဲမှ အကြောင်း အရာများသည် အားလုံး မှန်ကန်သည်ဟု ဆိုလို ခြင်း မဟုတ်ပါ။ 

စာအုပ်ဖတ်သူနှင့် မဖတ်သူတို့ကြား တွေးခေါ်ပုံ ခံယူချက်နှင့် နေထိုင်ပုံ အစစအရာရာ ကွာခြားနေမည်မှာ အမှန်ပင် ဖြစ်သည်။ နောက်ဆုံးပေါ် အဝတ်အစား အသုံး အဆောင်များ ဝတ်စားဆင်ယင် ထားရုံမျှဖြင့် ထိုသူကို တန်ဖိုးရှိသော သူလို့ မသတ်နိုင်ပါ။ ဘွဲ့တွေတသီ တတန်းကြီး ရထားစေ ဦးတော့။

တန်ဖိုးရှိသော သူဟု တထစ်ချပြော၍ မရနိုင်ပါ။ တန်ဖိုးဟူသည် ဂုဏ်ပညာ အစရှိသည်တို့ အပေါ် မူတည်မည် မဟုတ်ပါ။ တန်ဖိုးရှိအောင် မိမိကိုယ်တိုင် အပြောအဆို အပြုအမူ အနေအထိုင် အတွေး အခေါ် စသည်တို့ကို ဆင်ခြင်ရမည်ဖြစ်ပြီး တန်ဖိုးရှိမှ တန်ဖိုးကို သိတတ်လာကြပါလိမ့်မည်။ ထိုကဲ့သို့ အပြောအဆို အပြုအမူ အနေအထိုင် အတွေးအခေါ်များသည် မိမိတို့ပတ်ဝန်းကျင်မှ သင်ခန်းစာ ယူသင့် သလို မိဘ ဆရာသမားများထံမှ လည်းကောင်း၊ စာအုပ်များထံမှ လည်းကောင်း ဆည်းပူးလေ့လာ ရပေမည်။ သို့ရာတွင် ကောင်းသော အကြောင်းအရာများ ကောင်းသော အမူအကျင့်များဖြစ်ရန် လိုအပ် ပေသည်။

တစ်နေ့ပြီး တစ်နေ့ မိမိတို့ရှင်သန်ရာ လူ့ပတ်ဝန်းကျင်နှင့် မိမိတို့သက်ဆိုင်ရာ အလုပ်အကိုင်ကြား ဗျာများ နေကြသည်မှာ ခေတ်၏ရေစီးကြောင်း တစ်ခုအသွင်ဖြစ်ပါသည်။ ထိုကဲ့သို့ မိမိတို့၏ များမြောင်လှသော အလုပ် ကိစ္စများကြား ရသည့်အချိန်လေးမှာ စာဖတ်ကြရန် တိုက်တွန်းပါသည်။ တစ်နေ့ကို တစ်အုပ် ပြီးအောင် ဖတ်ဖို့ ဆိုလိုခြင်းမဟုတ်ပါ။ တစ်နေ့ကို စာဖတ်ဖို့အချိန် အနည်းငယ်ပေးရန် ဆိုလိုခြင်းဖြစ် ပါသည်။ ထိုသို့ ဖတ်ရာတွင်လည်း တစ်မျက်နှာဆို တစ်မျက်နှာအလျောက် လေးလေးနက်နက်ထားပြီး ဖတ်စေချင်ပါသည်။ ဖတ်ပြီးသောစာများကို ချက်ခြင်း မယုံကြည်သေးဘဲ မှန်မမှန်ပြန်လည်တွေးတော ဆင်ခြင်စေလိုပါသည်။

စာအုပ်ဆိုလိုရင်းနှင့် မိမိတို့တွေး ထားသမျှကို အချင်း ချင်းပြန်လည်ဆွေးနွေးစေ ချင်ပါသည်။ မိမိ ဖတ်ထားသော စာအုပ်သည် အကျိုးရှိသည်ဟု ယူဆလျှင် အခြားသူများ ဖတ်မိစေရန် ပြန်လည် ညွှန်းပြစေ ချင်ပါသည်။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည့်စကားမှာ အလွန်မှန်ပါသည်။ စာအုပ်သည် ၎င်းထဲတွင် ပါရှိသော အကြောင်းအရာများကို သင်လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ့တာဝန် အရပြောပြ သွားမည်ဖြစ်သည်။ သင့်တာဝန်မှာ လေးလေးနက်နက်ဖတ်ရှုရန် နှင့် မှန်မမှန် ဆုံးဖြတ်ရန်သာဖြစ်သည်။

စာအုပ်သည် ..... သင့်စိတ် သဘောထားနှင့် မတိုက်ဆိုင်ခဲ့လျှင် သင်နှင့် အငြင်းပွားဖော်ဖြစ် လိမ့်မည်။ သင့်စိတ်ကူးနှင့် ထပ်တူကျသော် သင်၏ စိတ်တူကိုယ်တူ သူငယ်ချင်း ဖြစ်လိမ့်မည်။ သင်လျှောက် ရမည့် လမ်းကြောင်းကို ညွှန်ပြပေးသော် သင့်ဆရာ ဖြစ်လိမ့်မည်။ သင့်ကို အားတက်စေသော် သင့်အားပေးဖော် ဖြစ်လိမ့်မည်။ စာအုပ်သည် သင်၏ ခံယူချက်ပေါ် မူတည်၍ ပြောင်းလဲပေလိမ့်မည်။ အနောက်တိုင်း စကားပုံတစ်ခု ကြားဖူးပါသည်။

သင် ဘာ စာအုပ်ဖတ်သည်ကို ကျွန်တော့်ကိုပြောပြပါ။ ကျွန်တော်က သင်ဘယ်လိုလူလဲ ဆိုတာကို ပြောပြပါမည် ....တဲ့။ ထို့ကြောင့် သင်ဖတ်သောစာအုပ်အမျိုးအစားသည် သင်ဘယ်လိုလူလဲ ဆိုတာကို ညွှန်ပြပေလိမ့်မည်။ အထူး သတိပြုရန် နှင့် ဖြစ်တတ်သော မြင်တွေ့ရတာများသော အဓိကအချက်မှာ စာအုပ်များ ဖတ်ပြီး မိမိကိုယ်ကို ပညာရှိကဝိတဆူ ဖြစ်ပြီဟု မမှတ်ယူပါနှင့်။ စာအုပ်တစ်အုပ် ထဲမှာ အကြောင်း အရာကို နှစ်သက် သဘောကျလက်ခံလျှင် အခြားစာအုပ်များမှ ထိုအကြောင်းအရာကို ဆက်လက် ဖတ်ရှုပါ။ စာအုပ်ပေါင်းမြောက်များစွာနှင့်လူပေါင်းစုံက ထိုအချက်ကို မှန်တယ်ဟု ဆိုကြမှသာ မှန်တယ်ဟု သတ်မှတ်ပါ။

မိမိဖတ်ဖူးသော တစ်အုပ်မျှသော စာအုပ်ထဲမှ အကြောင်းအရာ အချက်အလက်များသည် လူတကာနှင့် ငြင်း ခုန်နိုင်လောက်အောင် မပြည့်စုံမလုံလောက်ပါ။ စာအုပ် အဖတ်များသဖြင့် ပညာရှိဖြစ်သွားသော သူများအကြောင်း၊ စာအုပ်အဖတ်များပြီး အတွေး အခေါ်ပညာရှင် ဖြစ်သွားသူများ အကြောင်း စာအုပ် အဖတ်များပြီး သမ္မတဖြစ်သွားသူများ အကြောင်းစသည်တို့ကို အားကျနေမည့်အစား လက်တွေ့ မိမိ ကိုယ်တိုင် စာအုပ်ဖတ်ဖို့ ကြိုးစားလိုက်ပါ။

ကဲ... မိမိတို့ရဲ့ အားလပ်ချိန် ခဏလေးကို စာအုပ်ဖတ်ခြင်းဖြင့် အသုံးချလိုက်ကြရအောင်.........။

ref;bawacheyar.com
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...