ရိုးရာအိုးလုပ်ငန်းတွေ ပျောက်ကွယ်တော့မလား

ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် စဥ့်အိုးဖိုရပ်မှာ ရှိတဲ့ အိုးလုပ်ငန်းတွေဟာ ဈေးကွက် ရှိပေမယ့်လည်း ကုန်ကြမ်းဈေးနှုန်း မြင့်မားတာတွေ၊ အိုးအစားထိုး ပစ္စည်း များလာတာတွေ၊ ကျွမ်းကျင်လုပ်သားနဲ့ အိုးလုပ်ငန်း ပညာကို ဆက်ခံမယ့် မျိုးဆက်သစ် တွေ နည်းလာတာ တို့ကြောင့် ဆက်လက် ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ သိရပါ တယ်။

အိုးလုပ်တဲ့အခါမှာ အသုံးပြုရတဲ့ ကုန်ကြမ်း ပစ္စည်းတွေ ဖြစ်တဲ့ မြေကြီး၊ ထင်း၊ စဥ့် စတဲ့ ပစ္စည်းတွေ ဈေးနှုန်းမြင့်လာတာနဲ့ လုပ်သား ရှားပါးလာတာတွေဟာ အဓိက အခက်အခဲ ဖြစ်နေတယ်လို့ ပုသိမ်မြို့က အိုးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

“စဥ့်အိုးဖိုလုပ်ငန်း တည်မယ်ဆိုရင် တစ်နှစ်တာအတွက် အနည်းဆုံး (ကျပ်) သိန်း ၂၀ လောက်လိုတယ်။ မီးဖိုတစ်ဖို တည်တာတင် လေးသိန်းကုန်တယ်။ မြေကြီး၊ ထင်း ၊စဥ့် စတာတွေကို သိုလှောင်ထားတယ်။ ထွက်လာတဲ့ အိုးတွေကို ဈေးကွက်မှာ ရောင်းတော့လည်း အချိန်ယူရတယ်။ အိုးတစ်ဖို ကျက်ဖို့ ၁၅ ရက် ကြာတယ်” လို့ အိုးလုပ်ငန်းရှင် ဦးတက်တိုးကဆိုပါတယ်။

မြေနဲ့ လုပ်တဲ့အိုးတွေနေရာမှာ တခြား အစားထိုးအိုးတွေ ဝင်နေရာယူလာပေမယ့်လည်း စဥ့်နဲ့လုပ်တဲ့ အိုးတွေဟာ ဈေးကွက်ခိုင်မာမှု ရှိတယ်လို့ ပုသိမ်မြို့ အိုးရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးမျိုးမင်းထွန်းက ဆိုပါတယ်။

ဦးမျိုးမင်းကပဲ ဆက်ပြီး စဥ့်အိုးတွေဟာ ငါးပိ၊ ငံပြာရည်လုပ်ငန်း၊ အသီးဆားရည်စိမ် လုပ်ငန်းတွေမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး အလှစိုက်ပန်းအိုး တွေဟာလည်း ဟိုတယ် လုပ်ငန်းရှင်တွေက ကြိုတင်မှာယူ မှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အိုးလုပ်ငန်းရှင် ဦးသန်းဦးက “အရင်တုန်းက စဥ့်အိုးဖို သုံးဆယ်လောက်ရှိတယ်။ ခု သုံးဖိုလောက်ပဲ ရှိတော့တယ်။ ဝင်ငွေလည်းမကောင်း၊ ရှေ့အလားအလာလည်း မကောင်းတော့ မျိုးဆက်သစ်တွေက မသင်ချင်တော့ဘူး” လို့ ဆိုပါတယ်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...