အိန္ဒိယတွင် သခင်၏ သင်္ချိုင်း မြေပုံအနီး နှစ်ပတ်ကြာ စောင့်ရှောက် နေသည့် ခွေးကလေးကို ကယ်တင်ခဲ့ရ

အိန္ဒိယ နိုင်ငံတွင် သခင်ဖြစ်သူ ကို မြှုပ်နှံ ထား သည့် မြေပုံနံဘေးမှ နှစ်ပတ်လုံးလုံး မခွာဘဲ တွယ်ကပ်နေ သည့် သစ္စာရှိ ခွေးကလေး တစ်ကောင်ကို တိရစ္ဆာန် ထိန်း သိမ်း စောင့် ရှောက်ရေး ဝန်ထမ်းတစ်ဦးက ကယ်တင်ကာ သက်ဆိုင်ရာ မိသားစုထံ ပြန်လည် ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

အသက်(၁၈)နှစ်ရှိ ဘက်စခါရှရီသည် ယာဉ်မတော် တဆမှု တစ်ခုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန် ခဲ့ရသည်။ ၎င်းသည် လွန်ခဲ့သော (၅)နှစ်က ခွေးကလေး တော်မီကို မွေးစားထားခဲ့ပြီး ၎င်းသေဆုံးချိန်တွင် တော်မီက မြေပုံနံဘေးတွင် မခွာစတမ်း စောင့်ရှောက်နေခြင်း ဖြစ်သည်။ ဆောက်လုပ်ရေး လုပ်သားတစ်ဦးဖြစ်သည့် ဘက်စခါ၏ မြေပုံအနီးတွင် တော်မီသည် (၁၅)ရက်လုံးလုံး ခွေနေခဲ့ပြီး အစာလည်းမစား၊ ရေလည်းမသောက်ဘဲ ပိန်လှီ အားယုတ်လာခဲ့သည်။

ချန်နိုင်းရှိ သင်္ချိုင်းနေရာ တစ်ခုတွင် ဘက်စခါကို မြှုပ်နှံထားရာ တော်မီက သခင်ဖြစ်သူ၏ နောက်ဆုံး လှဲလျောင်းရာ နေရာကို နေ့နေ့ညည မခွဲခွာစတမ်း စောင့်ရှောက်နေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အိန္ဒိယရှိ တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသည့် ဒေါန်ဝီလျံစ်က ခွေးကလေးကို တွေ့ရှိပြီး ကယ်တင်နိုင်ခဲ့သည်။

သူမက “ဩဂုတ် လဆန်းလောက်ကပေါ့။ မြေပုံအသစ်လေး တစ်ခုနားမှာ ခွေးညိုလေးတစ်ကောင် ထိုင်နေတာကို ကျွန်မ ပထမဆုံး သတိထားမိတယ်။ ဒါပေမဲ့ မေ့မေ့ပျောက်ပျောက်ပဲ သဘောထားပြီး ဘေးက ဖြတ်သွားခဲ့တယ်။ တခြားဘာမှ မတွေးမိဘူး။ ဒါပေမဲ့ ဩဂုတ် (၁၃)ရက်မှာ အဲဒီနေရာနား နောက်တစ်ခေါက် ထပ်ရောက်တော့ ခွေးလေးကို ထပ်တွေ့တယ်။ အရင်တုန်းက နေရာမှာပဲ မပြောင်းအလဲ ထိုင်နေတယ်။ ကြည့်ရတာ တစ်ပတ် လုံးလုံး နေရာမရွှေ့ခဲ့ဘူး ထင်တယ်”ဟု ဆိုသည်။

ဝီလျံစ်က “ခွေးကလေးက ပူဆွေးသောက ရောက်နေရှာတယ်။ ကျွန်မ အနားကို ကပ်သွားတော့ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ မြင်နေရတယ်။ တော်တော်လည်း အခြေအနေ ဆိုးနေပြီ။ ငတ်ပြတ်ပြီး လှုပ်တောင် မလှုပ်နိုင်တော့ ဘူး။ ကျွန်မက ရေရယ်၊ ဘီစကွတ် မုန့်လေးတွေရယ် ကျွေးတော့ သူစားပါတယ်။ ဒါပေမဲ့ နေရာကတော့ အရွှေ့ မခံဘူး။ နောက်တော့ ဒီခွေးလေးကို သိသလားလို့ ပတ်ဝန်းကျင်ကို ကျွန်မနဲ့ ကျွန်မရဲ့ အဖွဲ့သားတွေ လိုက်မေး ကြည့်တယ်။ ခွေးလေးနာမည်က တော်မီဖြစ်တဲ့အကြောင်း၊ သူ့သခင်ရဲ့ မြေပုံကို စောင့်နေတဲ့အကြောင်း အဲဒီကျမှ သိလာတာပါ”ဟု ရှင်းပြခဲ့သည်။

ဝီလျံစ်သည် ဇစ်မြစ်ကို ခြေရာခံရင်း နောက်ဆုံးတွင် ဘက်စခါ၏ မိခင် ရှရီမာတီ ဆွန်ဒါရီနှင့် တွေ့ဆုံခွင့် ရခဲ့သည်။ သူမသည်လည်း သားဖြစ်သူကဲ့သို့ပင် ဆောက်လုပ်ရေး လုပ်သားတစ်ဦး ဖြစ်သည်။ “ရှရီမာတီကို တော်မီ့ဆီ ခေါ်သွားပါတယ်။ အဲဒီတော့ ခွေးကလေးက အားယူပြီးထလာတယ်။ ရှရီမာတီကို လျှာနဲ့လျက်ပြီး နှုတ်ဆက်တယ်။ ပြီးတော့ သူ့ခေါင်းကို ရှရီမာတီရဲ့ ခြေထောက်ပေါ် တင်ပြီး နားနေတယ်။ ကြည့်ရတာ သူကောင်းကောင်း မှတ်မိပုံပဲ”ဟု ဝီလျံစ်က ဆိုသည်။



ထို့နောက်တွင် ဝီလျံစ်သည် ဘက်စခါနှင့် တော်မီတို့ကြား သံယောဇဉ် ကြီးမားပုံကို ရှရီမာတီထံမှ သိရှိလာခဲ့သည်။ ခွေးလေးနှင့် ဘက်စခါတို့သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင်ပင် တပူးတွဲတွဲ ရှိနေတတ်ကြောင်း ရှရီမာတီက ရှင်းပြသည်။ သို့သော်လည်း ဘက်စခါ သေဆုံးပြီးနောက် ဩဂုတ် (၂)ရက်နေ့ ကတည်းက တော်မီသည် နေအိမ်မှ ထူးဆန်းစွာ ပျောက်ဆုံးသွားကြောင်း သူမက ဆိုသည်။ ထိုစဉ်က တော်မီသည် ပိုင်ရှင်သစ် တွေ့သွားပြီဟုသာ ရှရီမာတီက ပေါ့ပေါ့တန်တန် တွေးမိခဲ့သည်။

“တော်မီ ပြန်ရောက်လာလို့ ရှရီမာတီ တော်တော်လေး ပျော်နေပါတယ်။ သူက တော်မီကို မိသားစုအတွက် သစ္စာ ရှိတဲ့ မိတ်ဆွေလေးလို့ သတ်မှတ် လိုက်ပါတယ်။ အခုတော့ သူ့သားရဲ့ သူငယ်ချင်းကို ကောင်းကောင်း စောင့်ရှောက်ပြီး မွေးထားမယ်လို့လည်း ပြောတယ်”ဟု ဝီလျံစ်က ဆိုသည်။ သူမက “သူတို့တွေ ထွက်သွားတော့ ကျွန်မစိတ်ထဲ ဝမ်းနည်းသွားမိတယ်။ ဘာပဲဖြစ်ဖြစ် တော်မီက သူ့ပိုင်ရှင် မိသားစုနဲ့ ပြန်ပေါင်းဆုံခွင့် ရခဲ့တာကို တော့ ကြည်နူးမိပါတယ်။ ရှရီမာတီရဲ့ သောကတွေကို တော်မီက ကူညီပြီး ဖြေဖျောက်ပေးမယ်လို့ ကျွန်မ ယုံကြည် တယ်။ ခွေးတွေဟာ စိတ်ခံစားချက်ပိုင်းမှာ အံ့ဩလောက်စရာ တိရစ္ဆာန်လေးတွေပါပဲ”ဟုလည်း ပြောကြားခဲ့သည်။

_Ref: Dailymail
7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...