အနာဂတ်အတွက် စာဖတ်ပါ

နည်းပညာရဲ့ သြဇာသက်ရောက်မှု ကြီးမားလှတဲ့ ဒီခေတ်ကြီးထဲမှာ ကမ္ဘာ့လူသားတွေ အားလုံးလိုလို ပါဝင်ခွင့် ရခဲ့ကြပါတယ်။ ကမ္ဘာအနှံ့ နည်းပညာ တိုးတက် ပြုပြင်ပြောင်းလဲမှုတွေ ဆင့်ကဲဖြစ်ပေါ်ခဲ့ကြပြီး ကမ္ဘာ့ နိုင်ငံတွေနဲ့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သား အားလုံးလိုလို နည်းပညာ ဆန်းသစ် တိုးတက်မှု ကို သိခွင့်၊ မြင်ခွင့်၊ လေ့လာခွင့်၊ သုံးစွဲခွင့် ရခဲ့ကြတာပါပဲ။ ဒါပေမယ့် လေ့လာမှု၊ သင်ယူမှုနဲ့ ပံ့ပိုးမှုတွေမှာ တော့ အထိုက်အလျောက် အားနည်းချက် တွေရှိခဲ့ကြတယ်။ အခုဆိုရင် Mobile နည်းပညာ တိုးတက်မှုနဲ့ အတူ မြန်မာလူမျိုး အားလုံးနီးပါး Mobile Phone ကိုင်ဆောင်သုံးစွဲခွင့် ရရှိကြပြီဖြစ်သလို ခေတ်သစ်သိပ္ပံ Mobile ဆက်သွယ်ရေး နည်းပညာနဲ့ အတူ Internet လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး ဖြန့်ကြက်ထားတဲ့ ကွန်ယက်ကိုပါ သုံးစွဲလေ့လာနိုင်ခွင့်တွေ ရရှိနေကြပြီဖြစ် တယ်။ ကျွန်တော်တို့ နိုင်ငံလဲ တခြားနိုင်ငံတွေ ဖွံ့ဖြိုး တိုးတက်သလို တိုးတက်စေဖို့ ပြုပြင်ပြောင်းလဲရေးတွေ၊ စီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင်နေကြတာတွေ ရှိတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး အခြေချမှုနဲ့ အနာဂတ် စီမံကိန်းတွေအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ပေါ်ပေါက်လာခဲ့ကြတာကို ကျွန်တော်တို့ အားလုံးငြင်းဖို့ခက်ခဲပါလိမ့်မယ်။ ဒီနေ့ခေတ်လူငယ် တွေအတွက် တိုးတက်မှုကို ရှာဖွေဖို့ရာ ခေတ်ရေစီးကြောင်းနဲ့ ကမ္ဘာ့အခြေအနေကို သိထား၊ လေ့လာထား မှဖြစ်မယ်။ ဒါမှသာ ကိုယ့်အတွက် အကောင်းဆုံး အခွင့်အလမ်းနဲ့ သင့်တော်မှုတစ်ခုကို ပိုင်နိုင်စွာ ရွေးချယ် နိုင်မှာပါ။

ယနေ့မြန်မာ လူငယ်တွေအတွက် တစ်ဘက်က အခွင့်အလမ်းတွေ များပြားလာသလို တစ်ဘက်ကလဲ စိန်ခေါ်မှု တွေနဲ့ ကြုံကြိုက်ကြရမှာပါ။ ကိုယ်ဘယ်လောက် ကျွမ်းကျင်ထားသလဲ၊ လေ့လာဆည်းပူးထား သလဲဆိုတဲ့ မေးခွန်းတွေကို ကိုယ့်အနာဂတ်အတွက် ဖြေကြရမယ်၊ ကိုယ့်ရဲ့အရည်အချင်းကို ထုတ်ပြရတော့ မယ်၊ ကိုယ်က အရည်အချင်းမပြည့်မှီလို့ရှိရင် ကိုယ့်ထက်သာတဲ့ ကျွမ်းကျင်တဲ့သူကို နိုင်ငံခြားက ခေါ်ယူရမှာပဲ အဲဒီအခါကျရင် အခွင့်အရေးရခဲ့ပါရက်နဲ့ ကိုယ်ရဲ့ညံ့ဖျင်းမှုကြောင့် သူများအောက်မှာ လုပ်ကြရအုံးမှာပါ။

အဲဒီတော့ လူငယ်တွေကို တိုက်တွန်းချင်တာက တိုးတက်လာတဲ့ နည်းပညာနဲ့အတူ ကိုယ့်ရဲ့အနာဂတ် စီမံကိန်းကို ချမှတ်ပါ။ ပြီးရင် လိုအပ်တဲ့ သင်ယူဆည်းပူးမှုတွေကို မနားမနေလုပ်ဆောင်ကြဖို့ပါ။ အဓိက ကတော့ ကျွန်တော်တို့ လူငယ်တွေ စာဖတ်ကြဖို့၊ စာကောင်းပေကောင်းတွေနဲ့၊ သုတစာပေတွေ၊ နည်းပညာ စာပေတွေကို လက်လှမ်း မှီသလောက် ဖတ်ကြဖို့ အကြံပြုချင်ပါတယ်။ စာဖတ်ခြင်းဟာတပါးသူ အချိန်ကြာ မြင့်စွာစုဆောင်ရရှိခဲ့တဲ့ အတွေ့ အကြုံတွေနဲ့ ပြဿနာတွေ၊ အခက်အခဲဖြေရှင်းပုံတွေကို တထိုင်တည်းနဲ့ အလွယ်တကူ ရလိုက်တာဖြစ်တဲ့အတွက် စာဖတ်တဲ့ အလေ့အကျင့်ကို စွဲစွဲမြဲမြဲလုပ်သင့်ပါတယ်။ အခုလိုမျိုး ပြည်တွင်းမှာလဲ Mobile Phone သိပ်သည်းဆ တွေများလာတဲ့အပြင် Internet ကိုပါ သုံးစွဲခွင့်ရလာတာဟာ လေ့လာသင်ယူချင်သူ လူငယ်တွေအတွက် အားသာချက် ကြီးတစ်ခုပါပဲ။ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ် ဖော်ကိုင်ဘက်အချင်းချင်း သင်ယူစရာ၊ လေ့လာ စရာတွေကို မျှဝေလို့ရတယ်။ ကိုယ်သိချင်တာကို Internet ပေါ်မှာ ရှာဖွေပြီး ဖတ်မှတ်လေ့လာလို့ရမယ်။ ပြီးတော့ ကိုယ့်ထက်နားလည်တတ်ကျွမ်းသူတွေ ညွှန်းတဲ့ စာအုပ်၊ ဝက်ဘ်ဆိုက်၊ ဆောင်းပါးတွေကို ရှာဖွေလေ့လာနိုင်သေး တယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာ လူငယ်တွေမှာ လေ့လာသင်ယူမှု အားနည်းပြီး တလွဲဆံပင် ကောင်းနေကြ တာကိုလဲ မမြင်မတွေ့ချင်ပဲ တွေ့နေကြရပါတယ်။ ဘာမှမဟုတ်တဲ့ အချည်းနှီးသော အရာတွေအတွက် အချိန်တွေ ပေးနေကြတယ်။ ဟို ယောင်ယောင် ဒီယောင်ယောင်အပျော်အပါးတွေနဲ့ ကုန်ဆုံးနေကြတာ မမြင်ချင်မှ အဆုံးပါ။ လေ့လာ ဆည်းပူးရမယ့်အချိန်တွေ နှမြောစရာပါ။ အချို့လူနည်းစု လူငယ်တွေကတော့ အနာဂတ်အတွက် ကြိုတင် ပြီးအကွက်ကျကျ ပြင်ဆင်နေကြပါတယ်။

လူငယ်တွေကိုပြောချင်တာလေးက ပျော်စာရာလူငယ်ဘဝမှာ ပျော်ရွှင်စွာနေထိုင်လို့ရပါတယ်။ စာအုပ်ကောင်းတွေ ကို ဖတ်ဖို့ လေ့လာဖို့အတွက် မပျင်းကြပါနဲ့ စာဖတ်ကြပါ။ စာဖတ်တာဟာ စိတ်ဓါတ် တည်ကြည်လေးနက်စေတဲ့ အပြင် ဗဟုသုတနဲ့ အသိအလိမ္မာတွေလဲ တိုးပွား စေပါတယ်။ စာဖတ်များသူတွေဟာ ပိုပြီး စဉ်းစားချင့်ချိန်နိုင်တယ်။ ပိုပြီးဆွေးနွေးနိုင်တယ်။ ဝေဖန်အကြံပြု နိုင်တယ်။ ကမ္ဘာကျော်၊ နိုင်ငံကျော် ခေါင်းဆောင်ကြီးတွေ၊ လုပ်ငန်းရှင်ကြီး တွေ၊ ပညာရှင်တွေ အားလုံးဟာ စာဖတ်နာသူတွေပါ။ စာအုပ်တွေကို ဖတ်ပြီး အကျိုးရှိမယ့်အရာ၊ အသုံးဝင်မယ့် အရာတွေကို တကယ်လက် တွေ့ဘဝမှာ အသုံးချရင်း မြင့်မားလှတဲ့ လှေကားထစ်တွေကို တဆင့်ချင်း လှမ်းတက် အောင်မြင်ခဲ့ကြတာပါ။ အသိပညာ၊ အတတ်ပညာကောင်းတွေကို ရရှိနိုင်ဖို့အတွက် စာဖတ်ခြင်း အလေ့အထဟာ မရှိမဖြစ်တရပ်ထဲ မှာ ပါ ပါတယ်။ စီမံခန့်ခွဲမှုဆိုတဲ့ပညာတစ်ခုကို ပိုင်နိုင်ဖို့အတွက် ဒီကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေဟာ စာအုပ် တွေကိုပဲ ကိုးကားပြီး အပြင်ဘဝမှာ တိုက်ဆိုင်သလို သုံးစွဲခဲ့ကြခြင်းဖြစ်ပါတယ်။ စာဖတ်ဖို့အတွက် တစ်ရက်ကို အချိန်ကာလတစ်ခု သတ်မှပါ အဲဒီအချိန်ကာလ တစ်ခုအတွင်းမှာ အကျိုးရှိစေမယ့် စာအုပ်တစ်အုပ်၊ ဂျာနယ်၊ သတင်းစာ၊ ဝတ္ထု၊ တစ်ခုခုကို ဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ်ဖတ်ခဲ့တဲ့အထဲမှာ မှတ်သားစရာ၊ အတု ယူစရာတွေ ပါလာရင် စာအုပ်တစ်အုပ်နဲ့ ရေးမှတ်တတ်အောင်ကျင့်ပါ ဒါမှသာ စာဖတ်သူအတွက် ဦးနှောက် မှာ စွဲထင် ကျန်ရစ်နေပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့အချိန်မှာလဲ မိမိမှတ်ထားတဲ့ မှတ်စုစာအုပ်ကို ပြန်ကြည့်ပြီး အလွယ်တကူ မှတ်မိနိုင်ပါတယ်။ စာဖတ်သူအနေနဲ့ ကိုယ်လက်ခံနိုင်စရာ၊ သဘောကျစရာတစ်ခုခု ဒါမှ မဟုတ် လက်မခံနိုင်စရာ တစ်ခုခုကို ဖတ်မိတယ်ဆိုရင် စဉ်းစားတွေးခေါ်ပါ ဒီအချက်အလက်တွေပေါ်မှာ စာရေးသူရဲ့ အမြင်ကို ကိုယ်တိုင်သုံးသပ်ပါ၊ မိမိကိုယ်တိုင် စာရေးသူနေရာကဝင်ပြီး စဉ်းစားချင့်ချိန်ကြည့်ပါ။ ဒါမှသာ စာကို မကြောက်ဘဲ စာဖတ်တဲ့အကျင့်တစ်ခုကို စွဲမြဲစွာမွေးမြူနိုင်မှာဖြစ်ပါတယ်။ စာတစ်အုပ်ကို ပြီးချင်ဇောနဲ့ အလောတကြီး ဖတ်ခြင်းကို ရှောင်ပါ။ အဲဒီအတွက် စာဖတ်သူမှာဘာကောင်းကျိုးမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ စာဖတ်မြန်ခြင်းအတွက်လဲ သိပ်တော့ ဂုဏ်ယူစရာကောင်းတဲ့ အချင်မဟုတ်ဘူး ထင်ပါတယ်။ စာဖတ်ခြင်းဟာ တကယ်ကို သိမ်မွေ့ပြီးအေးဆေးတဲ့အတွက် ဖုတ်ပူမီးတိုက်လဲ မလုပ်အပ်ပါဘူး။ တဖြည်း ဖြည်းနဲ့ စာတစ်အုပ်ကို ဖတ်ရင်း၊ တွေးရင်းအရသာခံရတာကပိုကောင်းပါတယ်။ လူငယ်တွေအတွက် စိတ်ဝင်စားစရာ၊ ဖတ်ချင်စရာ စာအုပ်တွေ Internet ပေါ်မှာ ဖတ်လို့မကုန်နိုင်အောင်ကိုရှိပါတယ်။ Chatting လုပ်မယ့်အချိန်တွေ၊ Game ဆော့မယ့် အချိန်တွေကို နည်းနည်းလျှော့ပြီး စာကိုဖတ်စေချင်ပါတယ်။ စဉ်းစား ချင့်ချိန်တဲ့အကျင့်လေးတစ်ခုကို စာဖတ်ပြီးရစေချင်တယ်။ ဒါမှလဲ လူငယ်တွေရဲ့ အနာဂတ်ခရီးခိုင်မာလှပ ပါလိမ့်မယ်။

အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ၊ အခွင့်အလမ်းတွေ တိုးပွား လာတာနဲ့အမျှ ကျွမ်းကျင်တဲ့အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများအပြားကိုလိုအပ်လာတယ်။ ဒီလို အပ်ချက်အတွက်လဲ စီးပွားရေးလုပ်ငန်းတွေက လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လက်ယပ် ခေါ်နေကြတယ်။ ကျွမ်းကျင်သူ၊ လေ့လာဆည်းပူးထားသူ လူငယ်တိုင်းအတွက် အလုပ်ကိုစိတ်ကြိုက်ရွေး ချယ်နိုင်ပေမယ့် ကြိုတင်ပြင်ဆင် ထားခြင်းမရှိသူတွေအတွက် နောက်ကျကျန်ခဲ့ရမှာပါပဲ။ နောက်ကျကျန်ရစ် ခြင်းဟာ ဘယ်လို ရှုထောင်ကနေကြည့်ကြည့် ကောင်းခြင်းတစ်ခုတော့မဟုတ်တာသေချာပါတယ်။ Globalization ကမ္ဘာရဲ့ အမြင့်ဆုံး ခေတ်ဖြစ်တဲ့ အသိနည်းပညာခေတ်မှာ စာဖတ်ခြင်းနဲ့ လေ့လာသင်ယူခြင်း ကအဓိက အချက်တစ်ချက် အဖြစ်ခိုင်မာ လာခဲ့ပါပြီ။ အသိနည်းပညာဟာ စဉ်းစားတွေးခေါ်မှုကို ဆန်းသစ်ပြီး အခြေခံ တည်ဆောက်ဖွဲ့စည်းထားခြင်းဖြစ် တယ်လို့ ကမ္ဘာကျော်နည်းပညာပါရဂူကြီးတစ်ယောက်က ဖွင့်ဆို ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ မညံ့ကြပါဘူး၊ အာရှမှာလဲ ဥာဏ်ရည်မြင့်တဲ့ လူမျိုးထဲမှာ ရပ်တည်ခဲ့ကြတာပါ။ စာဖတ်ခြင်းနဲ့ မိမိရဲ့ ကိုယ်ရည် ကိုယ်သွေးကို တောက်ပထက်မြက်လာအောင် လုပ် ဆောင်နိုင်ကြပါတယ်။ မြန်မာလူငယ်တွေအတွက် တိုင်းပြည်ရဲ့ အနာဂတ်ကို လက်လွှဲအပ်ခဲ့ကြရမှာလဲ မလွဲ မသွေပါပဲ၊ ခေတ်မီဖွံ့ဖြိုးလာတဲ Mobile Phone တွေနဲ့ အတူ ဆန်းသစ်တဲ့ နည်းပညာတွေကို အခြေခံရင်း စာဖတ်ကြပါ။ လေ့လာကြပါ။ မိမိကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့နေရတဲ့ အခွင့်ထူးတွေကို လက်လွတ်မခံကြရပါစေနဲ့၊ ဟိုအရင်လွန်လေပြီးသော နှစ်တွေကလို စာအုပ် တစ်အုပ်ဖတ်ဖို့ သွားလေရာယူ သွားစရာမလိုဘဲ Phone ထဲမှာ တင်လေ့လာနိုင်တဲ့အားသာချက်တစ်ခုကို ခိုင်မာစွာ၊ အကျိုးရှိစွာ အသုံးချ နိုင်ဖို့ မျှော်လင့်ရင်း မြန်မာလူငယ်တွေ အားလုံးမိမိတို့စိတ်ကြိုက်အနာဂတ်တစ်ခုကို ပုံသွင်းရယူနိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။


အသူရာ
၉.၈.၂၀၁၄
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...