ဒုတိယမြောက် ပန်းသီး ရဲ့ အချိန်အခါ

Apple ကို ကမ္ဘာ့နံပါတ် ကုမ္ပဏီအဖြစ် အောင်မြင် အောင် ဖန်တီးနိုင်ခဲ့တဲ့ Steve Jobs ရဲ့နေရာကို ဆက်ခံ ခဲ့ရတဲ့ Tim Cook ဟာ မခန့်မှန်းနိုင် လောက်အောင် များပြားလှတဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ခဲ့ကြ ရတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ လက်ရှိ CEO: Tim Cook ဟာ ဒီလိုများပြားလှတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး Apple ကို နည်းပညာ လောကမှာ ဆက်လက်ဦးဆောင် နိုင်အောင် ကြိုးပမ်း ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်နိုင်ဖို့အတွက် Tim Cook မှာ ခိုင်မာတဲ့ ယုံကြည်ချက်တွေ တည်ရှိနေ တယ် ဆိုတာတော့ အသေအချာပါပဲ။ ဒီယုံကြည်ချက်တွေဟာ ဘယ်က လာပါသလဲ။ သူ့ဆီကို ဘယ်လို ရောက်ရှိ ကိန်းအောင်း လာခဲ့ပါသလဲ။ ဘယ်သူက သူ့ကို ဖန်တီးပေး ခဲ့တာပါလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေဟာ အလွန်ရိုးရှင်း ပါတယ်။ Apple ရဲ့ ဖခင်ကြီး Steve Jobs ပါပဲ။

Steve Jobs ဟာ သူမသေခင်အချိန်တွေမှာ Tim Cook ကို အမြဲတမ်းပြောကြားလေ့ရှိတဲ့ ညွှန်ကြားချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ Walt Disney သေဆုံးတဲ့အချိန်မှာ သူ့ရဲ့ Disney ကုမ္ပဏီဟာ ယိမ်းယိုင်သွားခဲ့တဲ့ ဥပမာ ကို ပြကာ Apple ကိုလည်း သူသေဆုံးသွားတဲ့အခါ ယိမ်းယိုင်မသွားဖို့ နည်းလမ်းတွေရှာဖွေ ဖန်တီးခိုင်းခဲ့ပါတယ်။ တည်ထောင်သူ founder တွေ ရဲ့အပေါ် ကုမ္ပဏီရဲ့ အနာဂတ်ဟာ အပြည့်အ၀မှီခိုနေရတာမျိုးကို Steve Jobs က လုံးဝ မနှစ်မြို့ပါဘူး။ ဒီအတွက် Jobs ဘာတွေ လုပ်ဆောင်ခဲ့ပါသလဲ။ သူ့ရဲ့ အရှိန်အ၀ါ သြဇာရှိစဉ် ကတည်းက TimCook ကို Apple မှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားခဲ့ပါတယ်။ Steve Jobs ရဲ့ ဂုဏ်ပုဒ်ကို တီထွင်ဖန်ဆင်းသူ genius တစ်ယောက်အဖြစ်သာ သိရှိထားတယ်ဆိုရင် ပြောင်မြောက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထပ်မံဖြည့်စွက်ရပါလိမ့်မယ်။ ဒါဟာ Jobs ရဲ့ ကြီးမားတဲ့ အမျှော်အမြင်ရှိမှုပါပဲ။

Jobs မရှိတော့တဲ့အခါ Apple ရဲ့ ရှေ့ဆက်မယ့် လမ်းကြောင်းအပေါ် ကြိုတင်မှန်းဆချက်တွေ အများအပြား ထွက်ပေါ် ခဲ့ပါတယ်။ အဲဒီမှန်းဆချက်တွေထဲက ကွယ်လွန်သွားခဲ့တဲ့ Jobs ရဲ့ စိတ်ကူးတွေအတိုင်း တစ်သဝေ မတိမ်း ပုံတူကူးချသလိုမျိုး ကူးချရင်း ကူးချရင်း တီထွင်ဆန်းသစ်မှုမရှိတဲ့အခါ ရေရှည်မှာ ကျဆုံးနိုင်တယ်ဆိုတဲ့ အချက်ရယ်၊ အောင်မြင်မှုရအောင် ဖန်တီးပေးခဲ့တဲ့ Jobs ရဲ့ စိတ်ကူးတွေနောက် မလိုက်မိတဲ့အတွက် လူကြိုက် နည်းကာ ကျဆုံးနိုင်တယ်ဆိုတဲ့ အချက် (၂)ချက်ကို ထောက်ပြကာ ပြိုင်ဆိုင်မှု မြင့်မားလာတဲ့ ဈေးကွက်မှာ Apple ဟာ အတော်လေးရုန်းကန်ရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ Jobs အလွန် Apple ကိုလည်း လူအများက အထူး အာရုံစိုက်ပြီး အနီးကပ် လေ့လာခဲ့ကြပါတယ်။ TimCook ရဲ့ လက်ထက်မှာ Apple ရဲ့ ထုတ်ကုန်အသစ်တွေဟာ အများက ထင်မှတ်ထားသလို နည်းပညာပိုင်းအရ အရည်အသွေးပိုင်းအရ ကျဆင်းသွားခြင်းမရှိဘဲ Steve Jobs ရှိစဉ်ကအတိုင်း တီထွင်ဆန်းသစ်မှုအပြည့်နဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒီအတွက် Steve Jobs က ဘာတွေများ ကြိုတင်စီမံထားခဲ့ပါသလဲ။ Product ဘယ်လောက်များများအတွက် ကြိုတင် လုပ်ဆောင် ထား ခဲ့ပါသလဲ အစရှိသည်ဖြင့် မေးခွန်းပေါင်းများစွာ ထုတ်ခဲ့ကြပါသေးတယ်။

ယနေ့အချိန်အခါမှာတော့ ဒီမေးခွန်းအားလုံး ရပ်တန့်သွားခဲ့ပါပြီ။ Steve Jobs ဟာ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ Tim Cook ကို Apple အတွက် တီထွင်ဖန်ဆင်းနိုင်မှု အမွေအနှစ်အားလုံးကို သင်ကြားပြသနိုင်ခဲ့ လက်ဆင့် ကမ်းနိုင် ခဲ့တယ်ဆိုတာလည်း ပိုမိုပေါ်လွင်လာခဲ့ပါပြီ။ Cook ရဲ့ လက်ထက်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ ပါတယ်။ နည်းပညာ အသစ်တွေကိုလည်း တီထွင်ဆန်းနိုင်ခဲ့တယ် Jobs ရဲ့ ကြိုးပမ်းမှု တစ်ခုဖြစ်တဲ့ အွန်လိုင်း တေးဂီတ၀န်ဆောင်မှု ကို ဆက်လက် အောင်မြင်စေခဲ့တယ်။ ဂီတ နယ်ပယ်က နာမည်ကြီး အမှတ်တံဆိပ်ဖြစ်တဲ့ Beats ကို ၀ယ်ယူနိုင်ခဲ့တယ်။ တေးဂီတနဲ့ပတ်သက်ပြီး Jobs ရဲ့ မူဝါဒတွေကို အကောင်းဆုံး ရှင်သန်အောင် ဆက်လက်ပံ့ပိုးနိုင်ခဲ့တယ်။ development အပိုင်းမှာလည်း iOS အသစ် အသစ်အသစ်တွေကို အချိန်မီ ချပြနိုင် ခဲ့သလို ဆွဲဆောင်မှုရှိပြီး လူကြိုက်များခဲ့တယ်။

iPhone အသစ်တွေရဲ့ ရောင်းအားဟာလည်း ဆက်လက်တိုးတက်ခဲ့တယ်။ နောက်ဆုံး MAC OSX တစ်ခုလုံး ချိတ်ဆက်လာနိုင်တဲ့ အဆင့်ထိ ရောက် လာတော့မယ်။ Steve Jobs ဆိုရင် လုပ်မှာမဟုတ်ဘူးလို့ ထင်ရတဲ့ Apple ရဲ့ လုံခြုံရေးဆိုင်ရာတချို့တစ်ဝက်ကိုလည်း ဖြေလျော့ပေးခဲ့တယ်။ Developer တွေအတွက် အခွင့်အလမ်းသစ်တွေ တိုးလာသလို Apple ရဲ့ အင်ပါယာလည်း ပိုမိုတောင့်တင်းလာခဲ့တယ်။ ဒီလို ခက်ခဲတဲ့ အောင်မြင်မှုတွေအတွက် ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တာ Tim Cook ရဲ့ အရည်အချင်းတွေပါဆိုတာ သိသာထင်ရှားလှပါတယ်။ ဒီနေရာမှာ “Jobs ဆိုရင် ဘယ်လိုလုပ်မယ်” ဆိုတဲ့သူတွေလည်း လုံးဝအသံတိတ်သွားခဲ့ပါပြီ။ Tim Cook ကို နောက်ထပ် လေးစားရဦးမယ့် အချက်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ ထုတ်ကုန်အသစ်တွေ ထုတ်ပြတိုင်း အံ့သြမင် သက်စရာ နည်းပညာအသစ်တွေ ဆက်လက် ပါရှိလာတတ်ပြီး သိုသိပ်လျှို့ဝှက်လွန်းတဲ့ Apple ရဲ့ မူဝါဒကိုလည်း အပြည့်အ၀ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သင်ဟာ Apple ရဲ့ ဖခင်ကြီး Steve Jobs ကို လေးစားတယ်ဆိုတာ မှန်ပါတယ်။ Steve Jobs ဟာ Tim Cook ကို ပုံတူကိုယ်ပွား ပြုလုပ်ခဲ့ခြင်းမဟုတ်ပါ၊ မြေတောင်မြှောက်ပေး ခဲ့ခြင်းသာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စက်တင်ဘာတွေ ဖန်တီးနိုင်ခဲ့တဲ့ Tim Cook ဟာ လာမယ့် စက်တင်ဘာ ကိုလည်း ဘယ်လိုအောင်မြင်အောင် ဖန်တီးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အရင်က Cupertino မှာ ပန်းသီးနှစ်လုံးရှိခဲ့တယ်ဆိုတာ သတိမထား မိခဲ့ကြပါဘူး။ ဒါပေမယ့် အခုအချိန်အခါကတော့ ဒုတိယမြောက် ပန်းသီးကို တစ်လုံးကို အသိအမှတ်ပြုရမယ့် အချိန်အခါ ဖြစ်ပါတယ်။


MTN
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...