ကျောင်းကျန်းမာရေးနှင့် အာဟာရ

ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် အခြေခံကျောင်းများ၌ အန္တရာယ်ရှိသည့် အစား အသောက် များရောင်းချငြ်းကို အပြီးသတ် ပိတ်သိမ်း ရေး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းပြီးသည့် နောက်တွင် ကျောင်းတွင်းရောင်းချ သည့် မုန့်ဆိုင်များကို ကျောင်းကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) ကခွင့်ပြုထားသည့် မုန့်များ ဟုတ်မဟုတ် စစ်ဆေးခြင်း၊ အန္တရာယ် ရှိအစား အသောက်များ ရောင်းချခြင်းကို လုံးဝ ပိတ်ပင်တားဆီးခြင်း၊ ဥပဒေဖောက်ဖျက်ပါက အမျိုးသား အစားအသောက် ဆိုင်ရာ ဥပဒေနှင့်ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပါကြောင်း စသည့်သ တင်းကို မေလ ၁၈ ရက်နေ့ ထုတ် ကြေးမုံသတင်းစာတွင် ခင်မောင်ဌေး (ပညာရေး) ဆောင်းပါးကို ဖတ်ရှုလိုက်ရပါသည်။

ဤဆောင်းပါးကို ဖတ်လိုက်ရသည့်အခါ လွန်ခဲ့သောနှစ် (၃၀) ခန့်က ကျောင်းကျန်းမာရေး တာဝန်ကို ထမ်းဆောင် ခဲ့ရသော ကျွန်မသည် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးတို့နှင့် ပူးပေါင်း၍ကျောင်းကျန်းမာ ရေးလုပ်ငန်းများ လုပ်ခဲ့ သည်ကို သတိရမိပါသည်။ ကျောင်းတစ်ကျောင်းသို့ ကျန်းမာရေး စစ်ဆေးရန် သွားလျှင် ကျောင်းတွင်း စာသင်ခန်း တွင် လေအဝင်အထွက် ကောင်းမကောင်း၊ ကျောက်သင်ပုန်းတွင် သင်ကြားပြသထားသော စာများကို ကလေးများ အဝေးကနေ ကောင်းစွာမြင်မမြင်စသည်တို့အပြင် ယင် လုံအိမ်သာ၊ ရေလောင်းအိမ်သာရှိမရှိ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ သောက်သုံးရေသန့်ရှင်းရေး၊ ကစား ကွင်းနေရာစသည့်တို့ကို စစ်ဆေးခဲ့ရပါသည်။ ထို့နောက်ကလေး များ၏ တစ်ကိုယ်ရေကျန်းမာရေးအ တွက်ရောဂါရှိ၊ မရှိကိုစစ်ဆေးခဲ့ကြသည်။ ကာကွယ်ဆေးများ ထိုးပေးခဲ့ကြ သည်။ ကျောင်းများအတွက် အရေးကြီးသည်မှာလည်း ကျောင်းတွင်းအာဟာရဖြစ်သည်။ ကလေးများသည် နံနက်ခင်း ကျောင်းသွား ရန်အချိန်မီလာကြ၍ အိမ်မှနံနက်စာကိုလည်း ကောင်းမွန်လုံလောက်စွာမစားခဲ့ရ။ ကျောင်းမှာ တစ်နေ့ လုံးစာသင်ပြီး ဗိုက်ဆာသောအခါ ကျောင်းဈေးသည်များ ထံသို့သာပြေးပြီး မုန့်ဝယ်စားကြရ သည်။ ဉာဏ်ရည်ဉာဏ်သွေးကောင်းရန်၊ ကိုယ်ခန္ဓာကျန်းမာရန် အာဟာရသည် အဓိကဖြစ်ပါသည်။ သို့ဖြစ်၍ ကျောင်းကျန်းမာရေးအဖွဲ့နှင့် ကျောင်းဆရာကြီး ဆရာမကြီးများပူးပေါင်း၍ မုန့်သည်များ၌ တီဘီရောဂါ၊ ဝမ်းကိုက် ပိုးရောဂါအစရှိသည်တို့မရှိစေရန် သွေး၊ ဆီး၊ ဝမ်းတို့ကို စစ်ဆေးခြင်း၊ လိုအပ်လျှင် ဓာတ်မှန် ရိုက်စစ်ဆေးခြင်း ပြုလုပ်ပေးခဲ့ကြသည်။ ဆေးစစ်၍အောင်မှ ဈေးသည်များကို ရောင်းချခွင့်ပြုသည်။

၎င်းတို့ရောင်းချသည့်မုန့်များကို ကိုယ်တိုင်စစ်ဆေးမြည်းစမ်းကြည့်ခဲ့သည်။ အပူအစပ်အသုပ်စသည်တို့ မရောင်း ချရန်၊ ယင်မနားစေရန် အစားအသောက်များကို သန့်ရှင်းလုံခြုံစွာ ဖုံးအုပ်ထားစေခြင်းများ ပြုလုပ်ထားရမည်။ မုန့်ဟင်းခါးရောင်လျှင်လည်း ပန်းကန်များဆေးကြောရန် သန့်ရှင်းသောရေနှင့် စင်ကြယ်အောင်ဆေးရန်အတွက် သေချာစွာကြီးကြပ်ခဲ့ရပါသည်။ များသောအားဖြင့် ကလေးတို့သည် ဆော့ကစားပြီးလျှင် လက်ဆေးကျင့်မရှိဘဲ ညစ်ပတ်ပေရေသောလက်ဖြင့် မုန့်များကိုကိုင်တွယ်စားကြ ပါသည်။ ထို့ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ပညာပေးသောအခါလည်း အစာမစားမီနှင့် အစာစားပြီး သောအခါတွင်လည်းကောင်း၊ အိမ်သာတက်ပြီးသော အခါတွင်လည်းကောင်း လက်ကိုစင်ကြယ်အောင် ဆေးရန် သင်ကြားပေးရပါသည်။ သို့မဟုတ်ပါက ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကူးစက်ရောဂါဖြစ်နိုင် သည်ကို တစ်ဦးချင်းအချိန်ယူ၍ သင်ကြားရပါသည်။ လက်သည်း ရှည်များတွင် ချေးများဝင်မနေရန် ကျောင်းဆရာမကြီးများကို တာဝန်ပေးအပ်ခဲ့ရပါသည်။

ထိုကျောင်းကျန်းမာရေး စစ်ဆေးသောအခါတွင် ဖြစ်နိုင်လျှင်မိဘများအဆင်ပြေပါက ကိုယ်တိုင်လာ ရောက်ကြရန် စည်းရုံးပြီး ကလေးများ၏ကျန်းမာရေးအတွက် ပညာပေးခဲ့ပါသည်။ ဤကျောင်းကျန်းမာ ရေးနည်းလမ်းကောင်း များကို လိုက်နာလျှင်ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့်ဉာဏ်ရည်ဉာဏ် သွေးမြင့်မားမည့်အကြောင်းကို ပညာပေးခဲ့ရပါသည်။ ကလေးများသည် တစ်နေကုန်ထိုင်၍ စာသင်နေ ရပြီး ကစားချိန်လည်းသိပ်မရှိကြ၍ စာသင်ခန်းမအတွင်း အားလပ်ချိန်တွင် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပေးဖို့စီစဉ်အကြံပေးခဲ့ရပါသည်။ ကလေးများ ကစားခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းတို့မှာ ကာယ၊ ဉာဏ၊ ဖွံ့ဖြိုးစေရုံသာမက စိတ်ဓာတ်ပိုမိုခိုင်မာလာခြင်း၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်ခြင်း များ ရရှိစေနိုင်သည်။

ထို့ကြောင့်ထိုကာလကျောင်းနေကလေးများကို စာတစ်ခုတည်းဖိပြီး သင်ကြားခြင်းမျိုးမလုပ်ဘဲ ၎င်းတို့ ၏ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းနိုင်ရန်နှင့် စိတ်ဓာတ်ကြည်လင်လန်းဆန်းနိုင်ရန်၊ ဉာဏ်ပညာထက်မြက် နိုင်ရန် ကျောင်းဈေးဆိုင် များတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချပေးပြီး ကျောင်းတွင်း အာဟာရဖြစ်စေရန် skim milk (အဆီလွတ်နို့မှုန့်) ကိုဖျော်တိုက်ခြင်းများ ပြုလုပ်ခဲ့သည် ကိုသတိရမိပါသည်။

ယခုတိုးတက်နေသောကာလတွင် ကလေးသူငယ်များ ဘက်စုံကျန်းမာဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်က ဆောင်ရွက် နေရာ မိဘပြည်သူများကပါ ပူးပေါင်းပါဝင်ဆောင်ရွက်လျှင် တိုင်းပြည်မှအနာဂတ်မျိုးဆက် သစ်များတွင် ကာယ၊ ဉာဏ၊ အင်အားများ များစွာတိုးတက်ရှင်သန်လာတော့မည်ဟူ၍ ဝမ်းသာပီတိ ဖြစ်စွာဖြင့် ယုံကြည်မိပါသည်။ ။ 


ကြေးမုံသတင်းစာ
သြဂုတ် (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...