မီးဖိုချောင်ထဲက လူသတ်သမား

သင် မီးဖိုချောင်ထဲမှာ လူသတ်သမား တစ်ယောက် ရောက်နေတာ သင်သတိထားမိ ပါသလား။ သူ့ကို လွယ်လွယ်နဲ့ တော့ သတိထားမိဖို့ မလွယ်သလို သူကလည်း လူတွေ သတိမထားမိတဲ့ ပုံစံနဲ့ နေတတ် တယ်။ ဒါကြောင့်လည်း လူတွေက သူ့ကို လူသတ် သမားလို မဆက်ဆံဘဲ မိတ်ဆွေရင်းချာ တစ်ယောက် သဖွယ် ဆက်ဆံကြတယ်။ မိသားစု ထမင်းဝိုင်း တစ်ခုဖြစ်ဖို့ သူမပါရင် မဖြစ်သလိုပင်။

သူက မသိမသာ နဲ့ သင်အသက် ရှင်ရမယ့် နေ့ရက် တွေကို တဖြည်း ဖြည်း နုတ်ယူနေတာကို သင် သတိ ထားမိ ပါသလား။ အရင်က တော့ သူက မြန်မာ့ လူ့ အဖွဲ့အစည်းနဲ့ သိပ်မရင်းနှီး ခဲ့ပေမယ့် အခု အခါမှာတော့ အိမ်တိုင်းမှာ သူ့အတွက် တစ်နေရာ ပေးထားရပါပြီ။ သူက အသံတိတ် လူသတ်သမား။

သူ ဆိုတာကတော့ အိမ်ရှင်မတွေ အတွက် မရှိမဖြစ် အခြေအနေ ဖြစ်လာတဲ့ အချိုမှုန့်ပါပဲ။ ဒီ အချိုမှုန့် ထုပ်တွေကို မြန်မာနိုင်ငံမှာ စွဲစွဲမြဲမြဲ သုံးစွဲ နေကြတာ နှစ်အတော် ကြာခဲ့ပါပြီ။ ကျန်းမာရေး နဲ့ မညီညွတ်ဘူး ဆိုတာကို အများ စုက သိထားကြပေမယ့် အစားထိုးစရာ မရှိတာကြောင့် သူဟာ နှစ်ပေါင်းများစွာ မီးဖိုချောင်မှာ မင်းမူ နေခဲ့ပါတယ်။

““အချိုမှုန့်စားရင် ကျန်းမာရေး ထိခိုက်မယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ သူ့နေရာမှာ တခြားအရာ တွေသုံးရင် အရသာ မရှိတော့သလို ခံစားရတယ်။ ဒါကြောင့်လည်း ဆက်စားနေရတာ၊ တစ်နေ့ကို (၅၀) ဂရမ် အထုပ် တစ်ထုပ် ကုန်တယ်”” လို့ မြောက်ဒဂုံ မြို့နယ် (၁) ရပ်ကွက် မှာ နေထိုင်တဲ့ မိသားစု ငါးဦးရဲ့ အိမ်ထောင်ဦးစီ ဖြစ်သူ ဦးမျိုးအောင် က ပြောပါတယ်။

ဈေးကွက်ထဲ မှာတော့ (ဟင်းခတ် အချိုမှုန့်တွှေ) အမျိုးမျိုး ရှိပေမယ့်လည်း အိမ်ရှင်မတွေ အ၀ယ်များဆုံး ကတော့ (ယိုးဒယား နိုင်ငံ လုပ် အိုးတံဆိပ်၊ နန်းတော် တံဆိပ်နဲ့ တရုတ်ပြည် ကထုတ်တဲ့ အချိုမှုန့် ကြမ်းတွေ) ပဲ ဖြစ်တယ်လို့ ညောင်ပင်လေးဈေး က အချိုမှုန့် အရောင်းဆိုင် တစ်ခုက ဆိုပါတယ်။

အမျိုးအစား စုံလင်လှတဲ့ အချိုမှုန့်တွေရဲ့ ဈေးနှုန်း ကလည်း တစ်မျိုး နဲ့ တစ်မျိုး မတူညီ ကြပါဘူး။ တစ်ပေါင်ထုတ် တစ်ထုပ်ကို ကျပ် သုံးထောင် ၀န်းကျင်ကနေ ရာဂဏန်း ထိရှိတဲ့ အထဲမှာ ၀င်ငွေ အသင့်အတင့် ရှိတဲ့သူတွေက ယိုးဒယား နိုင်ငံထုတ် ရယ်ဒီမိတ် အချိုမှုန့်တွေကို ရွေးချယ်ကြပြီး၊ လက်လုပ် လက်စား တွေကတော့ တရုတ်နိုင်ငံ က ထုတ်လုပ်တဲ့ အမည်မရှိ (ဈေးကွက် အခေါ် အကြမ်းမှုန့်) အချိုမှုန့်တွေကို ရွေးချယ်လေ့ ရှိကြတယ်လို့ ဈေးကွက် အတွင်းက သိရပါတယ်

““ကျွန်တော် တို့ဆီမှာ ယိုးဒယား ကလာတဲ့ အိုး တံဆိပ်ကို ၀ယ်ကြတာ များတယ်။ တစ်နေ့ ရောင်းရတာ က ပုံမှန်တော့ မရှိဘူး။ အနည်းဆုံး (၂၅၀) ဂရမ်လောက် ကို ရှစ်ထုပ်၊ ကိုးထုပ်လောက် ရောင်းရတယ်။ မရောင်းရဘူး ဆိုတဲ့ ရက်တော့ မရှိပါဘူး””လို့ ရန်ကုန်မြို့ အတွက် အချိုမှုန့်ကို အဓိက ဖြန့်ဖြူး ရောင်းချ ပေးနေတဲ့ ညောင်ပင်လေး ဈေးရှိ အချိုမှုန့် အရောင်းဆိုင် တစ်ဆိုင်က ဆိုပါတယ်။

ညောင်ပင်လေးဈေး ဟာ ရန်ကုန် တစ်မြို့လုံးမှာ စားသုံးနေတဲ့ အချိုမှုန့် တွေကို အဓိက ဖြန့်ဖြူး ပေးနေတဲ့ ဈေးကြီး တစ်ခု ဖြစ်တာနဲ့ အညီ နေ့စဉ် ဒီဈေးကြီးကို အချိုမှုန့် (၁၅) ပိဿာဝင် အိတ်ပါင်း (၅၀၀)ခန့် ၀င်ရောက် နေပါတယ်။ ဒီလို ၀င်ရောက် နေတဲ့ နေရာမှာ အရပ်အခေါ် အကြမ်းမှုန့် တွေက အိတ်ပေါင်း (၃၀၀) ၀န်းကျင် ၀င်ရောက်ပြီး ရယ်ဒီမိတ် အချိုမှုန့်တွေ ကတော့ နေ့စဉ် အိတ်ပေါင်း (၁၈၀)ကနေ (၂၀၀) ကြား ၀င်ရောက် နေတာ ဖြစ်တယ် လို့ ညောင်ပင်လေး ဈေးကို ရောက်ရှိတဲ့ ကုန်ပစ္စည်းတွေ ကို ထမ်းပို့ပေးတဲ့ ကုန်တင် ကုန်ချ အဖွဲ့ဝင်များက ဆိုပါ တယ်။ ဒါကြောင့် ရန်ကုန်မြို့ မှာတင် တစ်နေ့ အချိုမှုန့် ပိဿာချိန် ပေါင်း တစ်သောင်းခွဲ ခန့်ဝင်ရောက် နေတာ ဖြစ်ပါ တယ်။

ဒီပမာဏဟာ ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက် နေတာကိုတော့ ဘယ်သူမှ သတိထားမိ ဟန် မရှိပါဘူး။ အချိုမှုန့် စားသုံးရင် ကျန်းမာရေး ထိခိုက် စေတယ်လို့ မသိလို့လား၊ ဒါမှမဟုတ် ကျန်းမာရေး ထိခိုက် တယ် ဆိုတာကို သိလျက်နဲ့ သုံးစွဲနေကြ ဆိုတာလား ဆိုတာ မေးခွန်း ထုတ်စရာ တစ်ခုလို ဖြစ်နေပါတယ်။

““ပြည်သူတွေရဲ့ ကျန်းမာရေး အတွက် ဘယ်လောက်ပဲ ဥပဒေ ထုတ်ထုတ် ကျန်းမာရေးနဲ့ ပတ်သက် ပြီးတော့ အသိ ပညာပေးမှုတွေ အများကြီး လိုအပ်တယ်။ မြန်မာနိုင်ငံမှာ က အချိုမှုန့်နဲ့ ပတ်သက်လာရင် အခုဆို ယဉ်ကျေးမှု တစ်ခုလိုတောင် ဖြစ်နေပြီ။ တစ်ခုခု စားမယ်ဆို အချိုမှုန့် မပါဘူး ဆို မစားဘူး။ ဆိုင်တွေကျ ပြန်လည်း အချိုမှုန့် မထည့်ရင် မကောင်းဘူး ဆိုပြီးတော့ ဖြစ်နေကြတယ်။ အချိုမှုန့် ယဉ်ကျေးမှုက တော်တော် လွှမ်းမိုးထားတယ်”” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆရာဝန် တစ်ဦးဖြစ်သူ ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာန က တစ်နိုင်ငံ လုံးမှာရှိတဲ့ လူဦးရေကို မိသားစု အလိုက် ခွဲခြား သတ်မှတ်ရင် တစ်မိသားစုမှာ လူငါးဦး ရှိတယ် ဆိုပြီး သတ်မှတ် ကြပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ မိသားစုတွေ အချိုမှုန့် စားသုံးမှုကို သိရှိနိုင်ဖို့ အတွက် မြို့နယ် ငါးမြို့နယ်က မိသားစု ငါးဦးရှိတဲ့ အိမ် (၁၀) အိမ် စီကို အသေးစား စစ်တမ်း ကောက်ယူ ခဲ့ပါတယ်။ ဒီစစ်တမ်း အရ မိသားစု ငါးဦးရှိတဲ့ အိမ်တစ်အိမ် ရဲ့ တစ်လတာ အချိုမှုန့် စားသုံးမှုဟာ ပျမ်းမျှ အားဖြင့် အလေးချိန် တစ်ပေါင် ၀န်းကျင် ရှိနေတာကို တွေ့ရပါတယ်။

မိသားစု တစ်စုဟာ တစ်လကို အချိုမှုန့် တစ်ပေါင် (တစ်ပေါင်မှာ ၂၇ ဒသမ ၇၇ ကျပ်သား) ခန့် စား သုံးနေတာ ဖြစ်တာကြောင့် တစ်နိုင်ငံလုံး က လူ သန်း (၆၀) မှာရှိတဲ့ မိသားစု (၁၂) သန်း တို့ရဲ့ တစ်လတာ စားသုံးမှုကို ဆက်လက် တွက်ကြည့် လိုက်တဲ့ အခါ တစ်နိုင်ငံလုံး ရဲ့ တစ်လ အချိုမှုန့် စားသုံးမှုဟာ ပေါင် (၁၂) သန်း ကျော်နေတာ ကို တွေ့ရပါတယ်။ ပေါင် (၁၂) သန်း ဟာ ကွန်တိန်နာ အလုံး (၁၅၀) စာ ပမာဏ ရှိပါတယ်။ အဲဒီ ကွန်တိန်နာ အလုံးရေ ပမာဏဟာ ရန်ကုန် ဆိပ်ကမ်းမှာ ကုန်တင် ကုန်ချ လာလုပ်တဲ့ တန်ချိန် တစ်သောင်း နှစ်ထောင်ရှိတဲ့ အလတ်စား သင်္ဘောတစ်စီး စာရဲ့ တစ်ဝက် ရှိပါတယ်။ (ရန်ကုန်ဆိပ်ကမ်း ဟာ အမြင့်ဆုံး တန်ချိန် (၁၅၀၀၀) သာ လက်ခံနိုင်တဲ့ ဆိပ်ကမ်း တစ်ခု ဖြစ်ပါတယ်။)

မြန်မာနိုင်ငံရဲ့ တစ်လတာ အချို့မှုန့် စားသုံးမှုဟာ တန်ချိန် (၅၀၀၀)ခန့် ရှိနေသလို၊ ပြည်ပ နိုင်ငံတွေက တင်ပို့နေ တဲ့ နှုန်းထားဟာလည်း အဲဒီ စားသုံးမှု ပမာဏထက် သုံးဆလောက် ရှိတယ်လို့ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မိုဘိုင်းတင်း အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးနန္ဒက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက အိမ်ရှင်မများ အသုံးပြုနေတဲ့ အချိုမှုန့် ၀င်ရောက်တာ တွေလည်း ရှိနေပြီး၊ စားသုံးရန် မသင့်တဲ့၊ လူကို ဘေး အန္တရာယ် ဖြစ်ပေါ်စေတဲ့ အချိုမှုန့်တွေ ၀င်ရောက်မှုကို တားဆီးကြဖို့တော့ ဌာနဆိုင်ရာ များရဲ့ တာဝန်သာ ဖြစ်ပါတယ်။

ဒါပေမဲ့ စားသုံးရန် သင့်သည် ဖြစ်စေ၊ မသင့်သည် ဖြစ်စေ လူတစ်ယောက် ရဲ့ အထွေထွေ ကျန်းမာရေး အတွက် ဘယ်လို အချိုမှုန့်မျိုး ကိုမဆို ရှောင်ရှား သင့်ပါတယ်။ လူရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုစေတဲ့ အချိုမှုန့် ဆိုတာ မရှိသေးပါဘူး။

““ကျွန်တော်တို့ ကတော့ အချိုမှုန့်တွေကို တင်သွင်းမယ့် ကုမ္ပဏီ တွေက ကျန်းမာရေး အဖွဲ့တွေ၊ FDA တွေက စားသုံးဖို့ သင့်တယ်လို့ ထောက်ခံချက် ပါမှ တင်သွင်းခွင့် ပေးတယ်။ FDA က အသိအမှတ် မပြုတဲ့ စားသောက်ကုန် တွေကိုတော့ အားလုံး မီးရှို့ ဖျက်ဆီး ပစ်လိုက်တယ်။ ဈေးကွက်ထဲ မှာ ရောက်နေတဲ့ တရားမ၀င် ကုန်ပစ္စည်းတွေ ကတော့ ကျွန်တော်တို့ လက်လှမ်း မမီတဲ့ နေရာကနေ ရောက်နေတာ ဖြစ်တယ်””လို့ ဦးနန္ဒ က ဆက်လက် ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ အချိုမှုန့် စားသုံးမှုနဲ့ တင်သွင်းမှုကို ၂၀၀၀ ပြည့် နှစ်ဝန်းကျင် က တရားဝင် ပိတ်ပင်ခဲ့ပြီး ယခု အစိုးရသစ် တက်လာပြီး နောက်ပိုင်း မှာတော့ စားသုံးသူများ နဲ့ စီးပွားရေး သမားတချို့ရဲ့ တောင်းဆိုမှုကြောင့် ကျန်းမာရေး ထောက်ခံချက်ပါတဲ့ အချိုမှုန့် တွေကို ပြန်လည် တင်သွင်း ခွင့်ပြု ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

““ဘယ် ကျန်းမာရေး အဖွဲ့ အစည်းကပဲ ဘယ်လောက် ထောက်ခံ ထားတယ် ပြောပြော အချိုမှုန့် ဆိုတာ အန္တရာယ် ဖြစ် အစားအစာ ဖြစ်တာကြောင့် စားသုံးဖို့ မသင့်ဘူး။ အထူးသဖြင့် အချိုမှုန့်ကို အလွန်အကဲ စားသုံးတဲ့ သူတွေ အနေနဲ့ ရေရှည်မှာ ကျန်းမာရေး ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်”” လို့ ပြည်သူ့ ကျန်းမာရေး စောက်ရှောက်ရေး တက္ကသိုလ် မှ ကျောင်းအုပ်ကြီး ဒေါက်တာ နေစိုးမောင်က ဆိုပါတယ်။ လက်ရှိမှာလည်း သူဟာ အချိုမှုန့်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဆိုးကျိုးများကို စစ်တမ်းများ ပြုလုပ်နေပြီး မကြာမီ ကာလမှာ အများပြည်သူ သိရှိစေနိုင်ဖို့ အတွက် ချပြ ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာ မိသားစုတွေရဲ့ နေ့စဉ် စားသုံးနေတဲ့ အစား အစာ များမှာ မပါမဖြစ် သုံးစွဲနေတဲ့ အချိုမှုန့်များကို ၁၉၀၈ ခုနှစ်မှာ ဂျပန် လူမျိုး Mr.KiKunaeikeda က စတင် တီထွင်ခဲ့ပြီး ပထဦးဆုံး အချိုမှုန့်ကို ပင်လယ် ကျောက်ပွင့်တွေ က ထုတ်လုပ် ခဲ့ပါတယ်။ ယင်းနောက် အာဂျီနိုမိုတို အမည်နဲ့ ကမ္ဘာကျော် ဟင်းခတ် အချိုမှုန့် တစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့ပေမယ့် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ အချိုမှုန့်ရဲ့ ဆိုးကျိုးများ သိသိ သာသာ ပေါ်ပေါက် လာခဲ့တာကြောင့် ကမ္ဘာ့ နိုင်ငံကြီး အများစုမှာ အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များ ကို တရားဝင် ပိတ်ပင် လာရတဲ့ အထိ ရှိခဲ့တယ် လို့ ၀ိကီးပီးယား စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

အထူးသဖြင့် အချိုမှုန့်ကို ရေရှည် ပုံမှန် စားသုံးမယ် ဆိုရင် ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်၊ အ၀လွန်ခြင်း ကို တားဆီးပေးတဲ့ ဟော်မုန်း တို့ကို ကြီးမားစွာ အနှောင့်အယှက် ပေးပါတယ်။ ဦးနှောက် ဆဲလ်တွေကို မြန်မြန် ပျက်စီးစေပြီး အရွယ် မတိုင်ခင် မှတ်ဉာဏ် ပျောက်ဆုံး စေတတ်သလို မေ့တတ်တဲ့ ရောဂါတွေ ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ မွေးကင်းစ ကတည်းက အချိုမှုန့်ကို စားသုံးတဲ့ ကလေးတွေ ဟာ ဉာဏ်ရည် ပိုင်းဆိုင်ရာ ယုတ်လျော့မှုတွေ တွေ့ရ တတ်တယ် လို့ အွန်လိုင်း စွယ်စုံကျမ်းရဲ့ စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

ယခုနှစ် ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့တဲ့ ဆေးသုတေသန ညီလာခံမှာ ဆေးတက္ကသိုလ် (၂)၊ ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ် က စာတမ်း တစ်စောင် တင်ခဲ့ပါတယ်။ အဲဒီ စာတမ်းမှာ အသက် (၂၀) အရွယ်မှ အသက် (၇၉) နှစ် အရွယ်အတွင်း မြန်မာနိုင်ငံရှိ လူပေါင်း (၁ ဒသမ ၉) သန်းကျော် ဆီးချို ရောဂါ ဖြစ်ပွားနေတယ် လို့ ဖော်ပြ ထားပါတယ်။ အဲဒီ ကိန်းဂဏန်း အရ လူခြောက်ဆယ် မှာ နှစ်ယောက် ဆီးချို ရောဂါ ဖြစ်ပွား နေတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆီးချို ရောဂါ လက္ခဏာ ပြနေတဲ့ လူပေါင်း တစ်သန်းကျော် ရှိနေတယ် လို့ ဆိုပါတယ်။

““အချိုမှုန့်ကို စားရင် သွေးတိုးနိုင်တယ်။ ကျောက်ကပ် ထိခိုက် နိုင်တယ်။ လေဖြတ် နိုင်တယ်။ နှလုံးရောဂါ ဖြစ်စေနိုင်တယ်။ အချိုမှုန့် တွေမှာ ဆိုဒီယမ် ဓာတ်တွေပါတယ်။ လူတစ်ယောက် ဟာ ကျန်းမာရေး အရ ဆိုဒီယမ် ပါတဲ့ ဟာတွေကို လက်ဖက်ရည် ဇွန်း တစ်ဇွန်း ထက်ပိုပြီး စားဖို့ မသင့်ဘူး””လို့ ရန်ကုန် ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ တင့်ဆွေလတ်က ပြောပါတယ်။

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ရောဂါ ဖြစ်စေနိုင်တဲ့ အချိုမှုန့်ကို လုံးဝ မစားသုံး ပါဘူးလို့ သူမရဲ့ မိသားစု ဆရာဝန်ဖြစ်တဲ့ ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။

အထူးသဖြင့် ဂျပန်နိုင်ငံက စတင်ခဲ့တဲ့ အချိုမှုန့် တွေကို ဂျပန် လူမျိုးတွေ တောင် မသုံးဘူးလို့ သိရပါတယ်။ ဂျပန် လူမျိုးတွေ လာရောက် ဖွင့်လှစ်ထားတဲ့ ဂျပန်စတိုင် စားသောက်ဆိုင် တွေမှာ အချိုမှုန့်ဟာ ဥပဒ် ဖြစ်စေတယ် ဆိုတာကို လက်ခံထားလို့ အချိုမှုန့် အစား အခြား ဟင်းခတ်မှုန့် ကို အစားထိုးပြီး ချက်ပြုတ် ရောင်းချ နေကြတာ ကလည်း အိမ်ထောင်ရှင်မ တွေအတွက် စဉ်းစားစရာ အချက်တစ်ခု ဖြစ်နေပါတယ်။

““အချိုမှုန့်ကို အသုံးပြုပြီး တော့ လုံးဝ မချက်ပြုတ်ဖို့ ဂျပန် သူဌေးက မှာထားတယ်။ အချိုမှုန့် အစား တခြား ဟင်းခတ် အမွှေးအကြိုင် တို့ကို ထည့်သွင်းပြီး ချက်တယ်။ ဒီမှာတော့ တော်တော် များများ ချက်ပြုတ် ရောင်းနေတာ ကတော့ အချိုမှုန့် အစား ကြက်သားမှုန့် ဆိုတဲ့ အရာတွေကို သုံးနေကြတာ များတယ်။ အစားထိုးစရာ သိပ်မရှိလောက် အောင် ရှားတယ်။ အစားထိုး ချက်စရာဆိုလို့ ဒီကြက်သားမှုန့် တွေလောက်ပဲ ရှိတယ်”” လို့ ဦးချစ်မောင် အိမ်ရာက ဂျပန် စားသောက်ဆိုင် တစ်ဆိုင်ဖြစ် တဲ့ YGN Drinking & BAR က စားဖိုမှူး ဖြစ်သူ ကိုကျော်ဝင်းရှိန် က ဆိုပါ တယ်။

ဒီနေရာမှာ အချိုမှုန့်ဟာ ကျန်းမာရေး ထိခိုက် စေတာကို သိတဲ့ လူတချို့ကို ပစ်မှတ်ထားပြီး အသွင်ပြောင်း ထားတဲ့ အချိုမှုန့် အမျိုးမျိုးကို ဈေးကွက်ထဲမှာ ဖြန့်နေတာ လည်း ရှိပါတယ်။ ဒါတွေကလည်း အချိုမှုန့် လိုပဲ စားသုံးသူတွေရဲ့ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေပါတယ်။

အိမ်ထောင်ရှင်မတွေ အသုံးပြု နေကြတဲ့ အချိုမှုန့် တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်သလို ရောဂါကို မိသားစု ၀င်ငွေထဲက ပိုက်ဆံနဲ့ ရှာဝယ်သလို ဖြစ်နေပါတယ်။ မိသားစု တစ်စုဟာ တစ်လကို အချိုမှုန့် တစ်ပေါင်နှုန်း စားမယ် ဆိုရင် မိသားစု (၁၂) သန်း အတွက် တစ်လကို ကျပ် သန်းပေါင်း (၂၄၀၀၀) ကုန်ကျမှာ ဖြစ်ပြီး၊ တစ်နှစ် ကုန်ကျမှု ကို တွက်ကြည့်မယ် ဆိုရင် ကျပ်သန်းပေါင်း (၂၈၈၀၀၀) ရှိနေပါတယ်။

အချိုမှုန့် စားသုံးမှုကြောင့် ကုန်ကျနေတဲ့ ပိုက်ဆံတွေ ဟာ မြန်မာ နိုင်ငံတွင်းက ကျေးရွာပေါင်း နှစ်သောင်းကျော်က မိသားစု ပေါင်းနှစ်သန်း နီးပါးကို သမ၀ါယမ ၀န်ကြီးဌာန က ချေးထားတဲ့ ချေးငွေ စုစုပေါင်းထက် ပိုများနေပါတယ်။

ဒီလို ကုန်ကျတဲ့ ပိုက်ဆံတွေ ဟာ အကျိုးမရှိဘဲ ကျန်းမာရေးကို ထိခိုက်နေတဲ့ အတွက် အချိုမှုန့် အစား ဘယ်အရာ ကို အသုံးပြု ကြမလဲဆို တာကို မိသားစုတွေ အနေနဲ့ စဉ်းစား သင့်ပါပြီ။ အသက်ကို ဉာဏ်စောင့်တယ် ဆိုတဲ့ ဆိုရိုး စကားတွေ ရှိခဲ့တာ ကြောင့် တိတ်တဆိတ် လူတွေကို ရောဂါ ပေါင်းစုံ ပေးနေတဲ့ လူသတ်သမား အချိုမှုန့်ကို ဘယ်လို စီရင်ကြမလဲ။

အိမ်ထောင် ရှင်မတွေ အနေနဲ့ ကလည်း ဟင်းချက်ရာမှာ လက်ရာ ကောင်းမွန်ဖို့ ထက် မိသားစုရဲ့ ကျန်းမာရေးကို အထူးအလေး ထားပြီး အချိုမှုန့် အစား ဘယ် အရာကို ရွေးချယ်ကြမလဲ ဆိုတဲ့ အချက်ကို လေးလေး နက်နက် စဉ်းစား သင့်နေပါပြီ။ ဒီလိုမှ မဟုတ်ရင်တော့ မသိမသာနဲ့ အသက်တွေ နုတ်ယူတော့မယ့် လူသတ်သမား ကတော့ မီးဖိုချောင်ထဲ မှာ အသင့် စောင့်နေပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...