ကလေးတွေကို နှိပ်စက်နေဆဲ . . .

Written by ရွှေကူမေနှင်း

အမှန်မှာ ကျွန်မ၏ ဆောင်းပါး ခေါင်းစဉ်ကို ‘ကလေးတွေကို နှိပ်စက်လို့ အားမရကြသေး ဘူးလား’ ဟု ပေးချင်ပါသည်။ ထို့ထက် သင့်တော် သော ခေါင်းစဉ်ကို စဉ်းစား၍မရပါ။

ရှေးက ဂျီတီအိုင်ကို အဆန်းထွင်ပြီး ဂျီတီစီဟု ပြောင်းလဲကာ မြန်မာပြည်အနှံ့ ကျောင်းများ ဖွင့်ခဲ့ရာမှ YTU (ရန်ကုန်နည်းပညာတက္ကသိုလ်) ဟုအမည်ပေးခဲ့ပြန်သော လှိုင်သာယာဂျီတီစီကိစ္စကို ပြောရန် အရေးကြုံနေသည်။ ပညာရေးကိစ္စများကို ‘အခုဆီထမင်း၊ အခုစာကလေးကြော်’ လုပ်နေသည် မှာကြာ ပြီ။ မြေစာပင်ဖြစ်သော ကလေးများမှာ လည်းစင်းခံနေကြရသည်။ ယခင်က တက္ကသိုလ်ဝင်တန်း အောင်ပြီးလျှင် ဂျီတီအိုင်ဝင်ခွင့်ဖြေရ၏။ ဝင်ခွင့်အောင်လျှင် သုံးနှစ်တက်ပြီး အေဂျီတီအိုင် ဒီပလိုမာဘွဲ့ ရသည်။ အငယ်တန်းအင်ဂျင်နီယာ အလုပ်ကိုအစိုးရဌာနများက ခေါ်သည်။ အဆင်ပြေသည်။

ယခု ဂျီတီစီများဖြစ်လာသောအခါ နှစ်နှစ်တက်ပြီး အေဂျီတီအိုင်ဒီပလိုမာပေးသည်။ အမှတ်ကောင်း လျှင် B.Tech ခေါ်ဘွဲ့ပေးသည်။ ၎င်းမှာ အမှတ်ကောင်းလျှင် ဘီအီးတက်ရသည်။ ဤအစီအစဉ်ကို မဝေဖန်ချင် ပါ။ အေဂျီတီအိုင်အောင်ပြီး B.Tech အမှတ်မမီလျှင် ကျောင်းထွက်ရခြင်းကိုလည်း မပြော လိုပါ။

ယခုပြဿနာမှာ အေဂျီတီအိုင်လက်မှတ် ကိစ္စဖြစ်၏။ အေဂျီတီအိုင်ဒီပလိုမာ ဘွဲ့ရကလေးများမှာ B.Tech အတွက် လမ်းပိတ်လိုက်သဖြင့် ဘွဲ့ရိုးရိုးတစ်ခုရဖို့ အဝေးသင်တက္ကသိုလ် တက်ကြရရှာသည်။ သုံး၊ လေးနှစ်ကြာမှ အေဂျီတီအိုင်-ဘီအေ (အင်္ဂလိပ်စာ) စသဖြင့်ရကြသည်။ ထိုအချိန်မှာ သူတို့အ သက်တွေ ကြီးကုန်ပြီ။ အလုပ်လျှောက်ဖို့ ခက်သည်။

ထိုကိစ္စပြောကြ၊ ဆိုကြတာများလွန်းခါမှ ယခုနှစ်ကစပြီး ဂျီတီစီတက်လျှင် တောက်လျှောက် ဘီအီး သွားနိုင်သည်ဟု လုပ်နေပြန်သည်။ Ph.D တွေပေါပေါလောလောဖြစ်ပြီး မူလတန်းဆရာလုပ်ရသည့် နမူနာကဲ့သို့ ဘီအီးဒီတွေပေါပြီး မူလတန်းဆရာဖြစ်လာမည့် အရေးတွေးမိ၏။ အမှန်မှာ ဂျီတီစီကို သုံး နှစ်ပဲထား ဒီပလိုမာပေး။ နောက်ဆုံးနှစ်မှာ အမှတ်ကောင်းလျှင် (ထူးချွန်လျှင်) ဘီအီးကို ကြို့ကုန်း တက္ကသိုလ်သို့ တက်ခိုင်းသောစနစ်ဖြစ်သင့်သည်။ ဤစနစ်မှာယခင်က ကျင့်သုံးခဲ့သော စနစ်ဖြစ်၏။ ကြို့ကုန်းမှာ တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် ပထမနှစ်လက်မခံဘဲ ဘီအီးတန်းများသာထားလျှင် နေရာ ထိုင်ခင်းလည်း အဆင်ပြေသည်။ အင်ဂျင်နီယာဖြစ်ချင်သူများ ဂျီတီစီကို ကောလိပ်အဆင့်တက်ခြင်း ဖြင့် ပြုစုပျိုးထောင်ခြင်း ဖြစ်သည်။ ယခုတော့ ဂျီတီစီမှာလည်း ဘီအီးထားမည်။ ကြို့ကုန်းမှာက ထူးချွန် ဘီအီးဆိုသောအခါ ကလေးတွေကိုခွဲခြားရာကျပါသည်။

ယခုပြောချင်သည့်ပြဿနာက အေဂျီတီအိုင် ဒီပလိုမာဘွဲ့လက်မှတ်ယူသည့် ပွဲကိစ္စပါ။ ဒီပလိုမာရသူ အလွန်များသဖြင့် စာမေးပွဲအောင်ပြီး နှစ်နှစ်ခန့်ကြာမှ ဘွဲ့လက်မှတ်ပေးနိုင်သည်။ ဒါကခွင့်လွှတ်၍ ရပါသည်။ ခွင့်မလွှတ်နိုင်သောကိစ္စမှာ လက်မှတ်ရဖို့လျှောက်ထားရာတွင် တင်ပြရမည့် စာရွက်စာတမ်း ကိစ္စဖြစ်၏။ ဘွဲ့ယူမည့်ကလေးများ တင်ပြရမည့်စာရင်းတွင် (ဆိုင်တာ၊ မဆိုင်တာ အပထားပြီး) အိမ်ထောင်စုစာရင်း၊ ရပ်ကွက်ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်တွေပါရမည်။ ဤအထိ ခွင့်လွှတ် ပါမည်။ နိုင်ငံသားဖြစ်ကြောင်း လဝကရုံးမှ ထောက်ခံစာယူရမည်ဆိုခြင်းကိုမူ ခွင့်မလွှတ်နိုင်ပါ။

ကလေးများလျှောက်လွှာတွင် မိခင်မှတ်ပုံတင်၊ ဖခင်မှတ်ပုံတင်၊ မိမိကိုယ်တိုင်၏ မှတ်ပုံတင်များပူးတွဲ ပါဝင်ပြီးဖြစ်ပါသည်။ မှတ်ပုံတင်ဆိုသည်က ယခင်အခေါ်အဝေါ်ပါ။ တရားဝင်ခေါ်လျှင် ‘နိုင်ငံသားစိစစ် ရေးကတ်’ ဖြစ်သည်။ ထိုနိုင်ငံသားစိစစ်ရေးကတ်ပြားများ မိခင်၊ ဖခင်၊ ကလေးသုံးဦးစလုံး တင်ပြထား ပါလျက်နှင့် လဝကရုံးမှနေ၍ နိုင်ငံသားဖြစ်ကြောင်း လျှောက်လွှာပုံစံဖြည့်ခိုင်းခြင်းကား အဆိုပါနိုင်ငံ သားစိစစ်ရေးကတ်ပြားများကို မယုံကြည်ခြင်းဟု အဓိပ္ပာယ်မရပါလား . . . . .။

အထက်ပါမှတ်ပုံတင်ကတ်ပြားများသည် လဝကရုံးများက တရားဝငက်ထုတ်ပေးထားသော သက်သေ ခံကတ်ပြားများဖြစ်ရ နေရာတကာ အရေးပါနေသည်။ ယခုအေဂျီတီအိုင် လက်မှတ်ကလေးထုတ်ပေး ရန်အတွက်မှာတော့ တရားဝင်ကတ်ပြားများကို အဘယ်ကြောင့်အသိအမှတ်မပြုဘဲ ထောက်ခံစာထပ် တောင်းခိုင်းပါသလဲ။

လှိုင်သာယာကျောင်းသို့ တစ်ခေါက်သွားရခြင်းမှာ လွယ်ကူည်မဟုတ်ပါ။ ထို့ပြင် လဝကရုံးဆိုသည်ကို လည်းကျားမြီးဆွဲရသကဲ့သို့ ကြောက်ကြရပါသည်။ သူတို့က ၁၀ နှစ်သားရော၊ ၁၈ နှစ်သားရော၊ အ ပျောက်အရှများရော တစ်မြို့နယ်လုံးအတွက် လုပ်ပေးနေရသဖြင့် အမြဲတမ်းအလုပ်ရှုပ်ကြရှာပါသည်။ မလိုအပ်ဘဲနှင့် ထောက်ခံစာသွားတောင်းခြင်းမှာ အလုပ်ပိုသည်။

ပို၍ခက်သည်မှာ စာရေးများက စစ်ဆေးပေးပြီးသော်လည်း ‘ဦးစီးမှူး’ ဆိုသူလက်မှတ်မထိုးလျှင် မပြီးပေ။ အဆိုပါဦးစီးမှူးများကလည်း ၁၁ နာရီမှာပင် ရုံးမရောက်သေးပါ။ သူ့ခမျာများက မြို့နယ်အ စည်းအဝေးများ တက်ကြရသည်။ သူ့ရုံးမှာအမြဲမထိုင်နိုင်ကြ။ သည်တော့ ရာနှင့်ချီသော လျှောက်လွှာ ရှင်များ ရုံးနားမှာ ထိုင်စောင့်ပေရော့။

‘နောက်ဆုံးရက်’ ဆိုသော ကန့်သတ်ချက်ကရှိသေးသည်။ ‘မရသေးဘူးလို့ပြောလိုက်’ ဟု သူတို့က သင်ပေးပါသည်။ သည်လိုပြောတိုင်း ကျောင်းကလက်ခံမှာလား။

စင်စစ်မှာ ကျောင်းကတောင်းခြင်းကို မှားနေသည်။ လဝကကို အလုပ်မပေးသင့်ပါ။ မိဘနှင့် မိမိကိုယ် တိုင်၏ နိုင်ငံသားစိစစ်ရေးကတ်ပါနေခြင်းကို မယုံကြည်ခြင်းအတွက် ဘယ်လိုနားလည်ရမှန်းပင် မသိတော့ပါ။ ဟိုပြေး၊ ဒီပြေးနှင့် သူတို့ပြောသမျှ မျက်နှာငယ်ငယ်နှင့် လိုက်နာရသော တိုင်းပြည်၏ ပညာသင်လူငယ်များ (အသက် ၂၀ ပင်မပြည့်သေး) အားသည်လိုမနှိပ်စက်သင့်ပါ။ နည်းပညာ တက္ကသိုလ်သည် စနစ်အမျိုးမျိုးပြောင်းလဲရုံမက မလိုအပ်ဘဲ တင်းကျပ်နေသဖြင့် ကလေးတွေကို နှိပ် စက်လို့ အားမရသေးဘူးလား . . . . . ဟုမေးရခြင်းအတွက် မည်သူဖြေမည်နည်း။ 


စံတော်ချိန်သတင်းစာ
သြဂုတ် (၅) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...