နှလုံးနှင့် လေဖြတ်ကို ကျော်ပြီး ထိပ်တန်း တက်လာတော့မည့် ကင်ဆာ

By ကိုထိုက်

ကမ္ဘာပေါ်တွင် မကူးစက် နိုင်သော ရောဂါများ အနက် လူသားများကို သေဆုံးမှု အများဆုံး ဖြစ်စေသော ထိပ်တန်း ရောဂါကြီး သုံးမျိုး ရှိသည်။ နှလုံးရောဂါ၊ လေဖြတ် ရောဂါနှင့် ကင်ဆာ ရောဂါတို့ ဖြစ်သည်။ ထိုသုံးခု အနက် ယခင်က နှလုံးနှင့် လေဖြတ်ခြင်းသည် လူ သေဆုံးစေမှု ဇယား ထိပ်ဆုံးတွင် ရှိခဲ့ရာမှ ယခုအခါ ကင်ဆာက ဇယားထိပ်ဆုံးကို ရောက်လာတော့မည့် အနေအထားများ တွေ့လာရကြောင်း ဥရောပ နိုင်ငံများ တွင် လေ့လာ ထားသော စစ်တမ်းတစ်ရပ်က သတိပေး ရေးသားလိုက်သည်။

ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း နှလုံးရောဂါ နှင့် လေ ဖြတ်ခြင်းကြောင့် သေဆုံးနှုန်းများ ဥရောပတစ်ဝန်း ကျဆင်း လာကြောင်း စစ်တမ်းက ဆိုသည်။ ဥရောပတိုက် တစ်ဝန်း နှလုံး ရောဂါကြောင့် သေဆုံးနှုန်းများ ကျဆင်းနှုန်း သည် ဥရောပ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ကွာခြားမှု အနည်းငယ် ရှိသေးကြောင်း လည်းသိရသည်။ ဥရောပ အနောက်ပိုင်းတွင် ရှိသော ဗြိတိန်တွင် ၂၀၁၀ ပြည့်နှစ် စာရင်း အရ နှလုံး ရောဂါကြောင့် သေဆုံးနှုန်း သည် အမျိုးသား တစ်သိန်းလျှင် (၂၀၅) ဦးနှုန်း နှင့် အမျိုးသမီး တစ်သိန်းလျှင် (၁၂၉) ဦးနှုန်း ဖြစ်သည်။

ဥရောပ အရှေ့ပိုင်း နိုင်ငံများ ဖြစ်သော ယူကရိန်း နှင့် ရုရှား တို့တွင်ကား အသက် (၅၅) မှ (၆၀) ကြားများ နှလုံးရောဂါ ဖြင့် သေဆုံးနှုန်း သည် ပြင်သစ်က အသက် (၇၅) မှ (၈၀) ကြားများ နှလုံး ရောဂါဖြင့် သေဆုံးနှုန်း ထက်ပင် ပိုများနေသေး ကြောင်းလည်း တွေ့ရသည်။

လက်ရှိတွင် နှလုံး ရောဂါသည် ဥရောပ သားများကို သေဆုံးမှု အများဆုံး ဖြစ်စေသော လက်သည် ဖြစ်နေဆဲဟု စစ်တမ်းက ဆိုသည်။ အချို့ နိုင်ငံများမှာ ဆိုလျှင် ကင်ဆာကြောင့် သေဆုံးနှုန်း ထက် နှစ်ဆထိ များပြားသည် ကိုပင် တွေ့ရသည်။ သို့ဖြစ်သည့် တိုင် အချို့သော ဥရောပ နိုင်ငံများတွင် အမျိုးသားများ နှလုံး ရောဂါကြောင့် သေဆုံးနှုန်း ထက် ကင်ဆာကြောင့် သေဆုံးနှုန်းက ပိုများ လာသည်ကို စာရင်းများက ဖော်ပြနေသည်။

ဘယ်ဂျီယမ်၊ ဒိန်းမတ်၊ ပြင်သစ်၊ အစ္စရေး၊ လူဇင်ဘတ်၊ နယ်သာလန်၊ ပေါ်တူဂီ၊ ဆလိုဗေးနီးယား၊ စပိန်နှင့် ဆန်မာရီနို တို့တွင် နှလုံးထက် ကင်ဆာကြောင့် အမျိုးသားများ ပိုသေဆုံး နေရသည်။ လေ့လာမှု စစ်တမ်းကို ဗြိတိန် နှလုံး ရောဂါဆိုင်ရာ ဖောင်ဒေးရှင်းမှ ဒေါက်တာ မီလာနီ နီကိုးလ်စ် နှင့် အောက်စ်ဖို့ဒ် တက္ကသိုလ် မှ မကူးစက် နိုင်သော ရောဂါများ နှင့် လူဦးရေ ဆိုင်ရာ စင်တာမှ ပညာရှင်များ ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်သည်။

နှလုံး ရောဂါကြောင့်ထက် ကင်ဆာကြောင့် အမျိုးသမီးများ ပိုသေဆုံး လာရသော ဦးဆုံး နိုင်ငံမှာ ဒိန်းမတ် ဖြစ် သည်။

နှလုံးရောဂါ ကြောင့် သေဆုံးနှုန်းများ ကျဆင်း သွားရခြင်း အဓိက အကြောင်းရင်း တစ်ချက် ကတော့ ဥရောပ တိုက်သားတွေ နှလုံးရောဂါ မဖြစ်အောင် ကျန်းမာရေး လိုက်စားမှု များပြားလာတဲ့ အတွက် ဖြစ်ပါတယ်ဟု စစ်တမ်း ပူးတွဲ ပြုစုသူ ဒေါက်တာ နစ်တောင်ဆန်းက မှတ်ချက် ပေးသည်။ နှလုံးရောဂါ ဖြစ်ပွားစေသည့် နေထိုင်မှု ပုံစံများကို ရှောင်ကြည် တတ်လာကြမှု၊ ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲနှုန်း ကျဆင်းလာမှု၊ နှလုံး ရောဂါဆိုင်ရာ ကုသနည်းများ ထိရောက်လာမှု၊ ကြိုတင် ကာကွယ်နည်းများ သိရှိလာမှု တို့ကြောင့် နှလုံး ရောဂါဖြင့် သေဆုံးသူ ကျဆင်း သွားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် သုံးသပ်သည်။

သို့သော် ဥရောပ တစ်ဝန်း အ၀လွန် ပြဿနာက ခေါင်းထောင် လာနေရာ နှလုံးရောဂါကြောင့် သေဆုံးနှုန်း အကျ နှေးသွားမှာ စိုးရိမ် လာရသည်။ အ၀လွန်ခြင်းသည် နှလုံးရောဂါ ဖြစ်ပွားရခြင်း အဓိကအကြောင်းရင်း တစ်ခုဖြစ် သည်။

ဒေါက်တာ နီကိုးလ်စ် နှင့် အောက်စ်ဖို့ဒ် တက္ကသိုလ် မှ သုတေသန အဖွဲ့သည် ဥရောပ (၅၃) နိုင်ငံအနက် (၅၂) နိုင်ငံမှ ပြီးခဲ့သည့် ဆယ်နှစ်တာ အတွင်း သေဆုံးနှုန်း များကို စာရင်း ကောက်ခဲ့သည်။ စာရင်းများ အရ နှလုံး ရောဂါကြောင့် သေဆုံးသူ ပမာဏသည် ဥရောပ တစ်ဝန်း လေးသန်းကျော်ထိ ရှိခဲ့ကြောင်း သိရသည်။ အမျိုးသား (၁ ဒသမ ၉) သန်း၊ အမျိုးသမီး (၂ ဒသမ ၂) သန်း ပါဝင်သည်။ နှလုံး ရောဂါကြောင့် သေဆုံးနှုန်း သည် ဥရောပ တစ်တိုက်လုံး သေဆုံးနှုန်း၏ ထက်ဝက် နီးပါးထိ ရှိနေကြောင်း လည်း တွေ့ခဲ့ရသည်။ စာရင်းကို ကြည့်ရုံဖြင့် နှလုံး ရောဂါကြောင့် အမျိုးသမီးများ ပို သေဆုံးနေ ရသည်ကို တွေ့နိုင်သည်။

အထက်ပါ စာရင်းသည် အမျိုးသမီးများ မိမိတို့ နှလုံး ကျန်းမာရေးကို ပိုဂရုစိုက် အောင် သတိပေးလိုက် သကဲ့သို့ ဖြစ်ကြောင်း၊ နှလုံး ရောဂါသည် ဥရောပ အမျိုးသမီးများ ကို ရင်သားကင်ဆာ ထက်ပင် သုံးဆကျော် ပိုသေဆုံး စေလျက် ရှိကြောင်း ဥရောပ နှလုံး ကွန်ရက် အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဆိုင်မွန်ဂပ်စီ က ပြောသည်။

နှလုံး ရောဂါသည် လူသေဆုံးစေမှု အများဆုံး ဖြစ်စေလျက် ရှိသည့်တိုင် နိုင်ငံ အများအပြားတွင် နှလုံး ရောဂါ ကြောင့် သေဆုံးနှုန်းများ လျှော့ချ နိုင်ရေးအတွက် နိုင်ငံတော် အဆင့် နှင့် ဒေသအဆင့် ကြိုတင် ပြင်ဆင်မှုများ မရှိသေးခြင်း ကိုလည်း တွေ့ရရာ အားမရစရာ ကောင်းကြောင်း စစ်တမ်းက ထောက်ပြသည်။ သို့သော် ကျန်းမာရေး ပညာပေးမှုများ အားကောင်းခြင်း၊ ဆေးဘက် ဆိုင်ရာ တိုးတက်မှုများ ရှိလာခြင်း တို့ကြောင့် နှလုံး ရောဂါကြောင့် သေဆုံးနှုန်း များသည် ရှေ့လျှောက်တွင် ဖြည်း ဖြည်းချင်း ကျဆင်း သွားမည် ဖြစ်ကြောင်း စစ်တမ်း က ဆိုသည်။ သို့သော် ဥရောပသားများ သည် နှလုံးရောဂါ မဖြစ်အောင် ကာကွယ် တတ်လာကြ သော်လည်း ကင်ဆာ မဖြစ်အောင် နေထိုင်နည်း အားနည်း နေသေးသဖြင့် ကင်ဆာ ကြောင့် သေဆုံးနှုန်း က ထိပ်ကို တက်လာ နေကြောင်းလည်း စစ်တမ်းက သတိပေးသည်။

လေ့လာမှု စစ်တမ်းကို ဥရောပ နှလုံးဆိုင်ရာ ဆေးပညာ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Ref: Cancer set to overtake heart disease and stroke as biggest killer (Daily Mail)

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...