အိပ်မက်တွေနဲ့ ပတ်ဝန်းကျင် သစ်ထဲမှာ ရုန်းကန်ကြရတဲ့ တိုင်းရင်းသား လူငယ်များ

နန်းဦး ပရိယတ္တိ စာသင်တိုက်မှာ နေထိုင် လျက်ရှိတဲ့ တိုင်းရင်းသား လူငယ်လေး တစ်ဦး။ ယုယု/မြန်မာ တိုင်း(မ်)

"အိမ်ပြန်ချင်တဲ့ စိတ်တွေ ခဏခဏဖြစ်တယ်။ အရင်က ပိုဆိုးတယ်။ ခုတော့ စိတ်အားတင်းပြီး ဆက်နေနိုင် အောင် ကြိုးစားနေပါတယ်"လို့ အသက် ၁၆ နှစ်အရွယ် ကချင် တိုင်းရင်းသားလေး အားလီက တစ်လုံးချင်း ပြောလိုက်ပါတယ်။

ပြည်တွင်းစစ်ကြောင့်၊ မှုခင်းမျိုးစုံဖြစ်နေတဲ့ ဒေသမငြိမ်သက်မှုတွေကြောင့်၊ စာသင်ကျောင်း မရှိတာကြောင့်၊ ဘိန်းစိုက်ခင်းတွေကြောင့် စတဲ့ အကြောင်းအချက်အမျိုးမျိုးကြောင့် တောင်ပေါ်ဒေသ အသီးသီးက တိုင်းရင်းသား လူငယ်တွေဟာ ပညာဆက်သင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ရင်ဝယ်ပိုက်လို့ စီးပွားရေးမြို့တော် ရန်ကုန်ကို တဖွဲဖွဲ ရောက်ရှိလာကြပါတယ်။

ဓလေ့စရိုက်၊ ဘာသာစကားနဲ့ ရာသီဥတုကအစ မတူညီတဲ့ ပတ်ဝန်းကျင်အသစ် တစ်ခုထဲကို မှီတွယ်စရာ ဘာတစ် ခုမှ မရှိဘဲ ၀င်ရောက်လာဖို့ဆိုရင်တော့ စိတ်ဓာတ်ကြံ့ခိုင်နေဖို့က အရေးကြီးဆုံးဖြစ်မှာပါ။

နောက်ထပ်တွန်းအား တစ်ခုအဖြစ် မိသားစုတစ်စုလုံးရဲ့ ကိုယ့်အပေါ် ယုံကြည်အားထားမှုတွေနဲ့ အရှေ့က အောင်မြင်သွားကြတဲ့ ဘ၀တူ လူငယ်တွေကြောင့်လို့ နယ်အသီးသီးက ရန်ကုန်မြို့မှာ ကျောင်းလာတက်ကြတဲ့ လူငယ်လေးတွေက ပြောကြပါတယ်။

တစ်ခါမှ မရောက်ဖူးတဲ့ အရပ်ဒေသအသစ်ဆီ အဆက်အသွယ်တစ်ခုကို အားကိုးလို့ ကျောင်းဆက်တက်ရမယ် ဆိုတဲ့ မျှော်လင့်ချက် တစ်ခုတည်းနဲ့ ရောက်လာကြတဲ့ လူငယ်လေးတွေ အဓိကကြုံတွေ့ရတာက နေရာအခက် အခဲဖြစ်ပြီး ရန်ကုန်မြို့မှာတော့ မိဘဝေးနေတဲ့ လူငယ်တွေကို အဓိက လက်ခံပေးနေတာက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဂေဟာတွေနဲ့ လူမှုကူညီရေးဌာနတွေဖြစ်ပြီး အားလုံးပေါင်း တစ်ရာ ၀န်းကျင် ရှိနေပါတယ်။

"မိဘမဲ့တွေနဲ့ မိဘနဲ့ ကွဲနေတဲ့သူတွေကို စုထားတဲ့ နေရာဆိုတော့ ကိုယ်နဲ့ ဘ၀တူတွေချည်းပဲ။ နေရတာ အဆင်ပြေ ပါတယ်။ အစကတော့ ခက်တာပေါ့"လို့ မြန်မာစကားကို ပီပီသသမပြောနိုင် သေးပေမယ့် ကြိုးစား ပြီးပြောနေတဲ့ အားလီရဲ့ မျက်နှာမှာ ဘာဖြစ်ဖြစ် သည်းခံရမယ်ဆိုတဲ့ပုံစံ အပြည့်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

အသက် ၁၂ နှစ်အရွယ်ကတည်းက ရန်ကုန်ကို ရောက်လာခဲ့တဲ့ အားလီဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်မှာ ကချင်တိုင်းရင်းသား မိဘနှစ်ဦးကနေ မွေးဖွားကြီးပြင်းလာခဲ့တဲ့ သားသမီး လေးဦးအနက် အကြီးဆုံးသား ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ အဲဒီဒေသမှာ လူငယ်အများစုဟာ မူးယစ်ဆေးစွဲသူတွေ ဖြစ်နေကြ တာမို့ အဲဒီအန္တရာယ်ကို ရှောင်ရှားဖို့ မိဘတွေက သူ့ကို ရန်ကုန်ကို စေလွှတ်လိုက် တာလို့ အားလီက ပြောပြပါ တယ်။

သားဖြစ်သူ မူးယစ်သားကောင်ဘ၀ မရောက်ရှိစေဖို့အရေး မိဘတွေဟာ ရန်ကုန်ရောက်နေကြတဲ့ သူတို့ဒေသက အသိတွေရဲ့ အဆက်အသွယ်ကို ရယူပြီး သူတို့နဲ့ စိမ်းသက်လှတဲ့ ရန်ကုန်မြို့ကြီးဆီ မျက်စိစုံမှိတ်လို့ သားဖြစ်သူကို ပို့လိုက်ကြတာဖြစ်ပါတယ်။

"မြစ်ကြီးနားမှာနေတဲ့ ယောက်ျားလေးအများစုက ဘိန်းစားတွေ ဖြစ်ကုန်ကြတယ်။ အမေနဲ့ အဖေက စိတ်အရမ်းပူ တယ်။ ရန်ကုန်မှာ စာဆက်သင်ဖို့ လွှတ်လိုက်တာ"လို့ပြောတဲ့ ကချင်တိုင်းရင်းသားလေး အားလီက ဒီနှစ်အစော ပိုင်းလတွေအထိ အင်းစိန်မြို့နယ်ထဲက Hosana ခရစ်ယာန် လူမှုကူညီရေးအသင်းမှာ အသင်းရဲ့ ထောက်ပံ့မှုနဲ့ နေထိုင်ခဲ့ရပါတယ်။

ယုံကြည်ကိုးကွယ်ရာ ဘာသာမတူပေမယ့် ပအိုဝ်းတိုင်းရင်းသားလေး ခွန်ရန်အောင် ဟာလည်း အားလီလိုပဲ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အသိုက်အမြုံကို စွန့်ခွာလာသူတစ်ဦး ဖြစ်ပါတယ်။

သူနေထိုင်ခဲ့ရာ ရှမ်းပြည်နယ်၊ ပင်လောင်းမှာ စာသင်ကျောင်းမရှိတာကြောင့် သူ့ကို ပညာတတ် ဖြစ်စေချင်တဲ့ ဖခင်ဖြစ်သူက ရန်ကုန်ကို လွှတ်တာ ခြောက်နှစ်ရှိပြီလို့ ပြောပြတဲ့ ခွန်ရန်အောင် ဟာလည်း ခုချိန်ထိ စကားပြောရင် ၀ဲနေတုန်းပါပဲ။

"မောင်နှမက ၁၀ ယောက် ရှိတယ်။ ကျွန်တော်က ကိုးယောက်မြောက်။ ကျန်တဲ့ အစ်ကိုအစ်မတွေ က ရှမ်းပြည် မှာပဲ ပညာလည်း ဆက်မသင်တော့ အဖေက ကျွန်တော့်ကို ရန်ကုန်မှာ ကျောင်းတက် စေချင်တယ်"လို့ ခွန်ရန်အောင်က ပြောပေမယ့် ခုလက်ရှိမှာတော့ ကိုးတန်းအောင်ပြီးလို့ ကျောင်းနားထားပါတယ်။

ကျောင်းပညာသင်ယူမှုကို ရပ်နားထားပေမယ့် တိုင်းရင်းသားလူငယ်လေးဟာ ရည်မှန်းချက်မရှိဘဲ လမ်းပျောက် နေတာတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ နှစ်လလောက်မှာ ခိုလှုံနေထိုင်ရာ မရမ်းကုန်းမြို့နယ်ထဲမှာရှိတဲ့ နန်းဦးပရိယတ္တိစာသင်တိုက် ကနေ အပြင်ကိုထွက်ပြီး သူ့ခြေထောက်ပေါ် သူရပ်တည်ဖို့ ခွန်ရန်အောင် တစ်ယောက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

သူ့လို မိဘဝေး (သို့) မိဘမဲ့သူတွေကို နေရေးနဲ့ စားရေး စီစဉ်ပေးပြီး အလုပ်ပေးထားတဲ့ ရန်ကင်းမြို့နယ်ထဲက ပဲနို့စက်ရုံမှာ အလုပ်လုပ်ပြီး သူ့ဘ၀အတွက် စိန်ခေါ်မှုမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။

နိုင်ငံကျော်ဘောလုံးသမားဖြစ်ဖို့က သူ့အိပ်မက်ဖြစ်တာမို့ တစ်ဖက်က အလုပ်အားချိန်တွေမှာ တောင်ဥက္ကလာ ပမြို့နယ်မှာရှိတဲ့ နေပြည်တော် ဘောလုံးအကယ်ဒမီမှာ နည်းပြတွေနဲ့ ဘောလုံး လေ့ကျင့်နေတယ်လို့ ခွန်ရန်အောင်က ပြောပြပါတယ်။

မနက်ဆို စောစောထ၊ အားကစားလုပ်ပြီး ပဲနို့စက်ရုံလေးမှာ အလုပ်လုပ်၊ ညနေ ၃ နာရီခွဲတာနဲ့ ဘောလုံး အကယ်ဒမီကို အပြေးအလွှား သွားလေ့ကျင့်ရတာ ခွန်ရန်အောင် ရဲ့ နေ့စဉ်အချိန်ဇယားပဲ ဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ အားလီဟာလည်း လူမှုကူညီရေး အသင်းကနေ အပြင်ထွက်ပြီး ပဲနို့စက်ရုံမှာ အလုပ်လာလုပ်တာမို့ ခုဆိုရင် ခွန်ရန်အောင်ရဲ့ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်၊ အခန်းဖော်ဖြစ်လာသလို ဘ၀တိုက်ပွဲဝင်အဖော် တစ်ယောက်လည်း ဖြစ်လာပါတယ်။

အားလီရဲ့ လက်ရှိ ရည်မှန်းချက်ကတော့ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ဖို့ ဖြစ်ပြီး အဲဒီအတွက်လည်း အလုပ်အားလပ်ချိန်တွေမှာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

စက်ရုံကပေးတဲ့ နေစရာမှာနေပြီး စားစရာလည်း မပူရဘဲ ရရှိတဲ့လစာကျပ် ရှစ်သောင်းကို စာမေးပွဲ အတွက် လိုအပ်တာတွေကို အသုံးပြုတယ်လို့ ကချင်တိုင်းရင်းသားလေးက ဆိုသလို မတူညီတဲ့ ဘာသာစကား၊ ပတ်ဝန်း ကျင် အသစ်နဲ့အတူ အသက်ငယ်ငယ်မှာ အိမ်နဲ့ဝေးနေရတဲ့ စိတ်ဖိစီးမှုတွေ ကြုံရပေမယ့် သက်တူရွယ်တူ လူငယ် တွေနဲ့ အောင်မြင်နေတဲ့ လူငယ်တွေကိုကြည့်ပြီး အားကျအတုယူရတယ်လို့လည်း လူကြီးလေး တစ်ယောက် လို ဆိုပါသေးတယ်။

သူ့ရဲ့ အဓိကရည်ရွယ်ချက်ကို ကိုယ့်တိုင်းရင်းသားတွေနဲ့ လူမှုရေး၊ နိုင်ငံရေးမှာ အကျိုးပြုနိုင်တဲ့သူ တစ်ယောက် ဖြစ်ချင်တယ်လို့ပြောပြပြီး "ကိုယ့်လိုပဲ မိဘနဲ့ဝေးဝေးနေပြီးမှ နိုင်ငံရေး၊ စီးပွားရေး တွေမှာ အကျိုးပြုပြီး အောင်မြင် နေတဲ့ သူတွေ ရှိတယ်။ သူတို့လည်း ကိုယ့်လိုအခက်အခဲတွေ ကြုံခဲ့မယ်။ သူတို့ ကျော်ဖြတ်သွားနိုင်သလို ကိုယ်လည်း ကျော်ဖြတ်နိုင်ရမယ်လို့ အားတင်းထား တယ်"လို့လည်း အားလီက ပြောပါတယ်။

နေထိုင်ရာ စာသင်တိုက်ကနေ စာသင်ကျောင်းသို့ သွားရောက်စဉ်။ ယုယု/မြန်မာတိုင်း(မ်)

အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ ခွန်ရန်အောင် ကလည်း အိမ်နဲ့ဝေးနေတဲ့ ခြောက်နှစ်တာကာလ အတွင်းမှာ တစ်ခေါက် ပဲပြန်ဖြစ်ပေမယ့် ဖုန်းလိုင်းတွေ သူတို့ရွာကို ရောက်လာပြီမို့ အရင်လို အိမ်နဲ့ အဆက်အသွယ် မပြတ်တော့ဘူးလို့ ပြောပေမယ့် "အရမ်းစိတ်ပင်ပန်းတဲ့ အချိန်တွေ ရှိခဲ့တယ်။ တော်ရုံနဲ့ မဖြေနိုင်တော့ အိမ်ကိုပဲပြန်ပြေးချင်စိတ်တွေ ပေါက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း  အမေနဲ့ စကားပြောလို့ ရလာတော့ တော်တော်လေး နေသားကျ လာ တယ်"လို့ ဖွင့်ဟပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀တိုးတက်ရေးကို ကိုယ့်ထူးကိုယ်ချွန်ပြီး ရုန်းကန်နေရတဲ့ အားလီနဲ့ ခွန်ရန်အောင် တို့လို ဆယ်ကျော်သက်တွေမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ကိုယ်စီရှိပြီးသား ဖြစ်သလို သူတို့ လေးစားအားကျ တတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သူ့တို့ရဲ့ စိတ်ဓာတ်ခွန်အားအတွက် အားဆေးတွေပဲ ဖြစ်ပါတယ်။

ခွန်ရန်အောင် အတွက် သူရဲကောင်းကတော့ မသန်စွမ်းရေကူးချန်ပီယံ တစ်ဦးဖြစ်ပြီး သူ တည်းခို နေထိုင်တဲ့ ပရိယတ္တိစာသင်တိုက်ကို မနှစ်က လာရောက်ပြီး မိဘမဲ့နဲ့ မိဘဝေးသူတွေကို အားပေးစကား လာပြောခဲ့သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"အဲဒီ အစ်ကိုမှာ လက်နှစ်ဖက် မရှိဘူး။ ဒါပေမဲ့ သူက ရေကူးချန်ပီယံ။ နိုင်ငံခြားတွေမှာလည်း သွားပြိုင်ရတယ်။ ရွှေတံဆိပ်တွေ ရခဲ့တယ်။ စိတ်ဓာတ်ကျတာနဲ့ သူ့အကြောင်းက အလိုလို ခေါင်းထဲရောက်လာတယ်။ သူ့ကို အားကျတယ်"လို့ပြောပါတယ်။

အလုပ်ကနေ ရတဲ့လခနဲ့ ကွန်ပျူတာနဲ့ တခြားသင်တန်းတချို့ပါ တက်နိုင်အောင် ကြိုးစားနေတယ် ဆိုတဲ့ ခွန်ရန်အောင် က အလုပ်ကပေးတဲ့ နေရာမှာ သက်တူရွယ်တူတွေ စုနေရပေမယ့် အားလုံးက ကြိုးစားနေရတော့ အပြိုင်အဆိုင်ထက် ညီအစ်ကို စိတ်တွေပဲ ဖြစ်လာတယ်လို့ ဆိုပါတယ်။

"မိသားစုနဲ့ ဝေးနေတဲ့ ခံစားချက်ကို မိသားစုနဲ့ အဝေးမှာနေတဲ့ သူတွေပဲ သိတယ်။ ရန်တော့ ဘယ်တော့မှ မဖြစ်ပါ ဘူး"လို့ သူက ဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ နန်းမြင့်ဟန်ကျေးရွာကနေ ရန်ကုန်မြို့ကို မနှစ်ကမှ ရောက်လာတဲ့ ချင်း တိုင်းရင်းသားလေး ထန်ဘွိုင် ကတော့ ဂစ်တာတီးတဲ့ အနုပညာသမား တစ်ယောက်ပဲ ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကမှ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့တာမို့ မောင်နှမ သုံးယောက်ထဲ က အကြီးဆုံး သားဖြစ်တဲ့ ထန်ဘွိုင်က ညီမငယ် နှစ်ယောက်ကို ဆွေမျိုးတွေနဲ့ထားခဲ့ပြီး ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေအတွက် စောင့်ရှောက် အကူအညီပေးတဲ့ လူမှုရေးအသင်းတစ်ခု အကူအညီနဲ့ ကျောင်းပညာ ဆက်သင်နေတာ ဖြစ်ပါတယ်။

"နေရာသစ်ဖြစ်ပေမယ့် နေရတဲ့နေရာက စကားတူတဲ့သူ များတော့ အဆင်ပြေပါတယ်"လို့ ချင်းဘာသာစကားနဲ့ အေးစက်စက်ပြောတဲ့ ထန်ဘွိုင်က အသက် ၁၄ နှစ်အရွယ်ပဲ ရှိသေးပေမယ့် ဘ၀ဒဏ်ရာတွေ တော်တော်များနေတဲ့ ပုံပါပဲ။

နိုင်ငံတကာ အထောက်အပံ့တစ်ခုနဲ့ ရပ်တည်နေရတဲ့ ထန်ဘွိုင် နေထိုင်တဲ့အဆောင်က ချင်းတိုင်းရင်း သား လူငယ်တွေကို ဆယ်တန်း အောင်တဲ့အထိ ကျောင်းထားပေး၊ စားဝတ်နေရေး ထောက်ပံ့ပေးနေတာကြောင့် အစားအသောက်၊ ပညာသင်စရိတ်အတွက် အခက်အခဲမရှိပေမယ့် ရွယ်တူတွေ စုနေရတဲ့အတွက် မကြာခဏ စကားများ ရန်ဖြစ်တာမျိုးတော့ ကြုံတွေ့ရပါတယ်။

"ကျွန်တော်ကတော့ အခက်အခဲ တစ်ခုခုဖြစ်တာနဲ့ ဘော်ဒါအုပ် (အဆောင်မှူး)ကို ပြောပြတယ်။ ခုထက်ထိတော့ အဆင်ပြေနေပါတယ်"လို့ ရှစ်တန်းကျောင်းသားလေး ထန်ဘွိုင်က ပြောပါတယ်။

ပတ်ဝန်းကျင်အသစ်၊ မိဘမဲ့၊ ဆွေမျိုးဝေးရပေမယ့် အခုလက်ရှိမှာ ထူးထူးခြားခြား သူကြောက်ရွံ့တဲ့ အရာက ကျောင်းစာမေးပွဲလို့ ပြောတာကြောင့် ပညာရေးကို စိတ်အားသန်ပုံရပါတယ်။

"အမှတ်နည်းရင် မပျော်ဘူး။ စာမေးပွဲနီးလာပြီဆို အရမ်းကြောက်တယ်"လို့ ပွင့်ပွင့်လင်းလင်း ပြောပြပြီး "ပတ်ဝန်း ကျင်အသစ်မှာ ဘယ်လိုပျော်အောင်နေနေ အိမ်နဲ့ ဟိုအရင်က မိသားစုပုံစံကို အရမ်းလွမ်းတယ်"လို့လည်း ရင်ဖွင့်ပါတယ်။

"နေမကောင်းတဲ့ အချိန်နဲ့ ခရစ္စမတ်ဆို အိမ်အရမ်းပြန်ချင်တယ်။ ဒါပေမဲ့ ဒီမှာ နေရတာလည်း ပျော်ပါတယ်"လို့ စကားကို အဆင်ပြေအောင် ထုတ်ပြောပေမယ့် တကယ်တမ်းတော့ ထန်ဘွိုင် တစ်ယောက် အိမ်ကိုလွမ်းနေတဲ့ အရိပ်အယောင်က အထင်းသားပါ။

ညီမလေးနှစ်ယောက်ကို ဆွေမျိုးတွေက ၀ိုင်းစောင့်ရှောက်ကြလို့ ညီမလေးတွေအတွက် စိတ်မပူရပေမယ့် တစ်လ တစ်ကြိမ်တော့ အနည်းဆုံး ဖုန်းပြောရင်း အဆက်အသွယ် မပြတ်အောင် နေတယ်လို့လည်း ဆိုပါတယ်။

တနင်္ဂနွေနေ့မှာ ဘုရားရှိခိုးကျောင်းတက်ရပြီး ၀တ်ပြုဆုတောင်း၊ ဘာသာရေးစာတွေသင်လို့ အေးချမ်းရသလို သူနှစ်သက်တဲ့ ဂီတကြောင့်လည်း နေပျော်တာကြောင့် သူရဲ့အိပ်မက်က ဂစ်တာသမားတစ်ယောက် ဖြစ်လာ ပါတယ်။

"ဘော်ဒါအုပ်ရဲ့ ယောက်ဖက ဂစ်တာသမားလေ။ သူ့ကို အားကျတယ်။ ကြီးလာရင် ဂစ်တာသမားပဲ ဖြစ်ချင် တယ်"လို့ စကားတွေ ရှည်ရှည်ဝေးဝေး မပြောတတ်ပေမယ့် ထန်ဘွိုင်က သူ့အိပ်မက်ကို ထုတ်ပြောပါတယ်။

မိဘမဲ့နဲ့ မိဘဝေး လူငယ်ပေါင်းအယောက် ၁၈၀ ကို လက်ခံပေးထားတဲ့ မရမ်းကုန်းမြို့နယ်၊နန်းဦးပရိယတ္တိ စာသင်တိုက်က နယ်လှည့်ဆရာတော် ဦးပဉ္စင်း ဦးဇောတိကက နယ်အသီးသီးက လာတည်းခိုနေထိုင်ကြတဲ့ လူငယ်အများစုရဲ့ ရည်ရွယ်ချက်က မြန်မာစာ၊ မြန်မာစကားကို ကောင်းကောင်းမွန်မွန်၊ ပီပီသသတတ် ချင်တာ လည်း ပါတယ်လို့ မိန့်ပါတယ်။

"သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေကတော့ တစ်ယောက် တစ်မျိုးစီပေါ့လေ။ ဒါပေမဲ့ လက်ရှိမှာ မြန်မာစာကောင်း ကောင်း ရမှ ကျောင်းတက်လို့ အဆင်ပြေမှာ။ တိုင်းရင်းသားလူငယ်အများစုက မြန်မာစာ အားနည်းကြတယ်"လို့ ဦးဇောတိကက မိန့်ပါတယ်။

လူငယ်တွေ အများကြီး တစ်နေရာတည်းမှာ အဆင်ပြေအောင်နေဖို့ ဦးဆောင်တဲ့ သူတွေအနေနဲ့ စည်းကမ်းတကျ ထိန်းကျောင်းသင့်တဲ့အပြင် တာဝန်ကိုယ်စီ သတ်မှတ်ပေးသင့်တယ်လို့ ဦးပဉ္စင်းကမိန့်တာပါ။

"သူတို့ စာကျက်မယ့်အချိန်၊ ကစားမယ့် အချိန်ပြီးရင် ဘယ်အချိန်မှာ ထမင်းချက်၊ ဘယ်အဖွဲ့က သန့်ရှင်းရေး စသဖြင့် အချိန်ဇယားထုတ်လိုက်တော့ သူတို့လည်း အချင်းချင်း တည့်ကြတယ်၊ ကိုယ့်တာဝန် ကိုယ်ယူတဲ့ စိတ်ဓာတ် လည်း ရလာကြတယ်"လို့ ဦးပဉ္စင်းက မိန့်ပါတယ်။

အစားအစာ၊ ကျောင်းစရိတ်နဲ့ အ၀တ်အစားတွေကို လာလှူကြတဲ့သူတွေ အပေါ်မှာပဲ ရပ်တည်ကြ ရပြီး လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရန်ကုန်ကို ပြောင်းရွှေ့လာကြတဲ့ လူငယ်အရေအတွက် နှစ်ဆကျော် တက်လာတဲ့အတွက် နေရာအခက်အခဲကို အဓိကရင်ဆိုင်နေကြရတယ်လို့ ဦးပဉ္စင်း ဦးဇောတိကက သူကြုံတွေ့ရတဲ့ အခက်အခဲကို ရှင်းပြပါတယ်။

"ဒါပေမဲ့ ခုနောက်ပိုင်းက ဖုန်းတွေ ရွာရောက်ကုန်တော့ အဆက်အသွယ်တွေ ပြန်ရကြတယ်။ ရွာတွေက အထောက် အပံ့တချို့ ရပေမယ့် ဆင်းရဲကြတော့လည်း လာလှူကြတာ ရှားပါတယ်"လို့ ဦးဇောတိကက မိန့်ပါတယ်။

ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ အသက်အရွယ်ငယ်ငယ်မှာ ပတ်ဝန်းကျင်သစ်နဲ့  အဆင်ပြေအောင် နေနေကြတဲ့ အိပ်မက်ထမ်းပိုးသူ လူငယ်လေးတွေကတော့ ပျော်ရွှင်ချိန် တစ်လှည့်၊ စိတ်ပင်ပန်း၊ ၀မ်းနည်းချိန် တစ်လှည့်နဲ့ သူတို့ အနာဂတ်တွေအတွက် ရှေ့ဆက်လှမ်းနေ ကြဆဲပဲ ဖြစ်ပါတယ်။

နိုင်ငံကျော်ဘောလုံးသမား တစ်ယောက်ဖြစ်ရင် ရွာက မိသားစုနဲ့ အမျိုးတွေကို ထောက်ပံ့ပြီး ဘ၀တူကြိုးစား နေကြတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကို တတ်နိုင်သလောက် ကူညီပေးမယ်လို့ သူ့အိပ်မက်ကို စကားဝဲ၀ဲနဲ့ စိတ်ဓာတ်တက်ကြွစွာ ပြောပြနေချိန်မှာ ပအိုဝ်းတရင်းသားလေး ခွန်ရန်အောင်ရဲ့ မျက်လုံးတွေဟာ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကြောင့် တောက်ပရွှန်းစိုနေတာ က သက်သေပါပဲလေ။


ref;Myanmar Times
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...