သားလေး သမီးလေးကို ဘယ်လိုနာမည် ပေးမလဲ

ဓာတ်ပုံ−နစ်ကီ

ယနေ့ခေတ်မှာ ခေတ်မီတဲ့ မိဘတွေပဲ ကိုယ့်သားသမီးကို နာမည်လှလှတွေ ပေးတာ မဟုတ်ပါဘူး။ အခြေခံ လူတန်းစား၊ လက်လုပ်လက်စား မိဘ တွေကအစ လူတန်းစားစုံက မိဘတွေဟာ ကိုယ့်သားသမီး အဖူးအညွန့် လေးတွေကို ခေတ်နဲ့အညီ နာမည်ဆန်းဆန်း လှလှလေးတွေ ရွေးပြီးပေးလာကြပါပြီ။ အရင်ကတော့ နာမည်နောက်မှာ အဖေနာမည်ထည့် မှည့်တာမျိုး၊ နေ့သင့်နံသင့် အက္ခရာကို ယူပြီး ဗေဒင်ပညာရှင်တွေနဲ့ တွက်ချက်ပေးတာမျိုး၊ ကိုးကွယ် ဆည်းကပ်တဲ့ ဘုန်း တော်ကြီးတွေဆီမှာ မေးမြန်းပြီး ရွေးချယ်ပေးတာမျိုး၊ မွေးဖွားချိန်မှာ တိုက်ဆိုင်သွားတဲ့ အဓိပ္ပာယ် တစ်မျိုးမျိုးကို ကောက်ယူပြီး ပေးတာမျိုးစသဖြင့် နည်းမျိုးစုံနဲ့ ပေးကြပါ တယ်။

နောက်ပိုင်းမှာတော့ ကလေးမိဘတွေရဲ့ တစ်ဦးနဲ့တစ်ဦး အမည်မတူ ချင်ကြတာနဲ့ ဆန်းသစ်ချင်တဲ့ စေတနာ ဆန္ဒဇောကြောင့် ကလေးတွေရဲ့ နာမည်လေးတွေက ခေတ်မီလွန်းလာ ခဲ့ပါတယ်။ တချို့က ပါဌ်ဆင့်တွေ ပါဠိတွေပါ ထည့်မှည့်ကြရာက တဖြည်းဖြည်းနဲ့ နာမည်လေးတွေဟာ ခေတ်စကားနဲ့ဆို အလန်းစားလေးတွေ ဖြစ်လာကြ တာပါ။ ဥပမာ လူတွေ သိပ်မှည့်လေ့မှည့်ထ မရှိတဲ့ အသုံးအနှုန်းမျိုး၊ အခေါ်အဝေါ်မျိုးတွေကိုပါ လူနာမည်မှည့်တဲ့ အထိ ဖြစ်လာတာပါ။ ဘာပဲဖြစ်ဖြစ် အများစုကတော့ နေ့နံနဲ့ ကိုက်ပြီးပေးဖြစ်ကြတာများပြီး ကျန်တာကတော့ ကိုယ့်အဓိပ္ပာယ်နဲ့ ကိုယ်ပေးကြတာပါ။

‘‘သမီးမွေးခါနီး အိပ်မက်ထဲမှာ အလင်္ကာဆိုပြီး ပေးလိုက်တာ။ ဘာအဓိပ္ပာယ်မှန်း သေချာမသိလို့ အိပ်ရာနိုးတော့ ဆရာနေ၀င်းမြင့်ဆီ ဖုန်းဆက်ပြီးမေးတော့ ဆရာက တန်ဆာဆင်တာလို့ ပြောတယ်။ ဒါနဲ့ အလင်္ကာပုညဆိုပြီး မမွေးခင် ကတည်းက ပေးလိုက်တာ။ သားကျတော့လည်း သူ့အစ်မနဲ့ လိုက်ဖက်အောင် စဉ်းစားပြီး အနန္တပုည လို့ပေးခဲ့တာ’’ဟု မိဘတစ်ဦးဖြစ်တဲ့ မန္တလေးမြို့ခံ ကိုပုညဆွေက ပြောပါတယ်။ ကိုယ့်ကလေး နာမည်ကို ကိုယ်တိုင် ပေးတာ ပိုသဘောကျ ကြောင်း သူက ဆက်လက်ပြောပါတယ်။ 

သားသမီးတွေကို နာမည်တွေ အဆန်းထွင်ပေးတဲ့ အပေါ်မှာ ကလေးမိဘ တစ်ဦးလည်းဖြစ်ပြီး မြေးတွေလည်း ပိုင်ဆိုင်ထားတဲ့ ဒေါ်ခင်ဆွေမာကတော့ အသက်ကြီးတဲ့ အထိ လူရိုသေရှင်ရိုသေ နာမည်လေးဖြစ်ရင် ပိုကောင်း တာ ပေါ့လို့ အကြံပြုပါတယ်။

‘‘သားသမီးနာမည်ပေးရင် သမီးဆို အရှေ့က ဒေါ်....တပ်ပြီး ခေါ်ကြည့်ပါ။ သားဆို ဦး...ဗိုလ်... စသဖြင့်ပေါ့။ကိုယ်ကြိုက်တာတွေ လျှောက်ပေးပြီး သူတို့အရွယ်ရောက်၊ လူရိုသေခံရမယ့် အချိန်မှာ ရယ်စရာတွေ ဖြစ်ကုန် မှာလည်း စဉ်းစားရတယ်’’လို့ သူက ပြောပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ ရေပန်းစားလာတဲ့ နာမည်ပေးနည်း တစ်မျိုးကတော့ မြန်မာ-အင်္ဂလိပ် နာမည်နှစ်မျိုး ကိုတွဲပြီး နောက်က ဖခင်နာမည် ကပ်မှည့်တဲ့ နည်းပါ။

ယနေ့ခေတ်မှာ နိုင်ငံတကာကျောင်းတွေ မြန်မာနိုင်ငံတွင်း ၀င်ရောက်ဖွင့်လှစ်နေပြီး ဒီကျောင်းတွေမှာ ကလေးတွေ နာမည်သုံးရတာ အဆင်ပြေအောင်ရယ်၊ ပြည်ပမှာ မွေးဖွားတဲ့ ကလေးငယ်များ အတွက်ဆိုလည်း ဆေးရုံက ဆင်းတဲ့အခါမှာ အဖေနာမည်ပါ တွဲပေးထားမှ ပိုအဆင်ပြေတာကြောင့် ဒီနာမည်ပေးနည်းပုံစံ ခေတ်စားလာ တယ်လို့ နာမည်ရွေးချယ်ပေးတဲ့ ၀န်ဆောင်မှုလုပ်ကိုင်တဲ့ ဗေဒင်ဆရာတို့က ပြောပါတယ်။

‘‘တစ်နေ့ကဆို ဖိုးတုတ်ဆို တဲ့ လူတစ်ယောက် သူ့သားနာမည်ကို အဲဒီလိုမှည့်ဖို့ပြောတော့ ကိုယ်က ကီဗင်သီဟ ဖိုးတုတ်ဆိုပြီး ပေးလိုက်တယ်။ နောက်ပိုင်းလည်း ဒိုရာမဒီစိုးညွန့်တို့လို အင်္ဂလိပ်+ မြန်မာ+ အဖေနာမည်နဲ့ တွဲမှည့် တာတွေ ခေတ်စားလာတယ်’’လို့ ဗေဒင်ဆရာ စံဇာဏီဘိုက ပြောပါတယ်။

ဒါ့အပြင် ဘယ်သူမဆို ဆင်း ရဲချမ်းသာမရွေး နာမည်ကို စိတ် ကြိုက်မှည့်ခွင့်ရှိကြောင်းနဲ့ သူ့ဆီ လာအကြံတောင်း သူတွေထဲမှာ လှိုင်သာယာမီးခွက်ဈေးက ဈေး သည်များလို လူတန်းစားများပင် ပါဝင်ကြောင်း ဆရာစံဇာဏီဘိုက ဆက်ပြောပါတယ်။

‘‘သူ့ကလေးက သောကြာ သားလေးမို့ ‘သမ္မတ’ဆိုပြီးပေး ထားတာကို ပေးလို့ရလားလို့လား မေးတာ။ ဗေဒင် ပညာအရလည်း သောကြာနဲ့စပြီး စနေနဲ့ ဆုံးတာမို့ ပေးခွင့်ရှိတယ်။ မီးခွက်ဈေးက ဈေးသည်မို့ ကလေးကို ဒီနာမည် ပေးလို့မရဘူးလို့ ပြောလို့မရဘူး။ ပြောခွင့်လည်းမရှိဘူး’’လို့သူက ပြောပါတယ်။

ကလေးမိဘအများစုက တော့ မွေးပြီးပြီးချင်း နာမည်ပေးဖို့ လာမေးကြတာများပြီး ပါဠိပါဌ် ဆင့်လေးတွေနဲ့ အမေ အဖေနာ မည်တွဲမှည့်တဲ့ နာမည်လေးတွေ ကို အများစုက ကြိုက်နှစ်သက်နေ ကြောင်း အိမ်အရောက်နာမည် ပေးဝန်ဆောင်မှုလုပ်ကိုင်နေတဲ့ ကလေးနာမည်ပေးဆရာကြီး ရာ ဇာဇော်ဝင်းက ပြောပါတယ်။ တချို့ကျတော့လည်း ကိုယ်သဘော ကျတဲ့ နာမည်ပေးပြီးမှ ကလေး အတွက် သင့်မသင့်ကို ဗေဒင် ပညာနဲ့ ပြန်တွက်ချက်ပေးစေတာ မျိုးလည်း အပ်နှံတယ်လို့သူက ပြောပါတယ်။

‘‘ဒီခေတ်မှာ ကလေးတွေက နိုင်ငံခြားသွားတာများတော့ နောက် က အဖေနာမည်ပါမှ ပိုအဆင်ပြေတယ်။ အဖေ နာမည်တွဲမမှည့်ရင် ဟိုက လူဝင်မှုကြီးကြပ်ရေးမှာ နည်းနည်း အခက်အခဲရှိတယ်။ ဒါ ကြောင့် ကျွန်တော်ကတော့ များ သောအားဖြင့် တွဲမှည့်ပေးတယ်။ မိဘတွေသဘောထားလည်း ပါတာပေါ့။ နောက်အခု တောတောင်ရေမြေ သဘာဝနဲ့ ပါဠိပါဌ်ဆင့် နာမည်လေးတွေ တွဲမှည့်တာလည်း အရမ်းခေတ်စားတယ်’’လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ မိန်းကလေးတွေဆိုရင် သဉ္ဇာတို့၊ အိန္ဒြာတို့လို ပါဌ်ဆင့်နာမည်လေးတွေ၊ နန်း ဆန်ဆန်နဲ့ နဒီတို့ မဒီတို့လို နာမည် လေးတွေ အပေးများနေပြီး ယော က်ျားလေးတွေဆိုရင်တော့ အဂ္ဂ၊ ဓမ္မာ၊ စိတ္တဆိုတဲ့ နာမည်လေးတွေ ကို ကလေးမိဘတွေ သဘောကျ ကြကြောင်း နာမည်ပေးဆရာကြီး ရာဇာဇော်ဝင်းက ဆိုပါတယ်။

‘‘အရမ်းဆန်းလွန်းတာကျ တော့ သိပ်ပြီး ခေါ်ရခက်တော့ နာမည်တော့ယူသွားတယ်။ ဒါပေ မဲ့ သိပ်တော့မကြိုက်လှတာတွေ လည်းရှိတယ်။ သဉ္ဇာတို့ အိန္ဒြာတို့ လိုနာမည်လေးတွေကျတော့ နန်း ဆန်ဆန်နဲ့ ခေါ်ရလည်းလွယ် တယ်။ နောက်က အမေအဖေနာ မည်လေးကပ်လို့လွယ်တော့ တော် တော်ကြိုက်တုန်းပဲ။ ယောက်ျား လေးတွေကျတော့ ပါဠိပါဌ်ဆင့် ထက် ခေါ်ရလွယ်တာမျိုးတွေပို ကြိုက်တယ်။ ၀န်းရံတို့၊ ဝေယံတို့၊ ချမ်းမြေ့တို့လို နာမည်မျိုးကို အ ပေးများကြပါတယ်’’လို့ သူကပြောပါတယ်။

နာမည်ဆိုတာ ပညတ်ချက် တစ်ခုဖြစ်ပြီး လူကောင်းမှသာ နာ မည်ကောင်းဖြစ်မှာပါလို့ သားဖြစ် သူကို နေ့နံနဲ့ မကိုက်ညီဘဲ သူရဲကောင်းတစ်ဦးရဲ့ နာမည်ပေးထား တဲ့ ဟစ်ဟော့ပ်အဆိုတော် ရန်ရန်ချန်းကပြောပါတယ်။ မိဘတွေ ကိုယ်တိုင်ပေးထားတဲ့ ကိုယ့်နာ မည်ကိုလည်း ဂုဏ်ယူပြီး ကိုယ့် ကလေးကိုလည်း ကိုယ်တိုင်ပဲ နာမည် ပေးဖြစ်မှာပါလို့ မိခင်လောင်းတစ်ဦးဖြစ်တဲ့ မလှိုင်ဝေကြူက ပြောပါတယ်။

မိဘက သားသမီးကို ချစ် မြတ်နိုးလို့ ပေးထားတဲ့ နာမည်ကို ခိုက်တယ်၊ မကောင်းဘူးလို့ အယူအဆမျိုးကို လုံးဝအယုံအကြည် မရှိဘဲ နေ့နဲ့နံပါအောင်သာ စဉ်းစားပြီး ကိုယ့်စိတ်ကြိုက်နာမည် ပေးထားတာဖြစ်တယ်လို့ မြတ်ဖူး ငုံဟိန်းရဲ့ မိခင်ဖြစ်သူ မဇင်သီက ပြောပါတယ်။

တချို့ မိဘတွေကလည်း နေ့သင့်နာမ်သင့် မှည့်တာကို ယုံကြည်သလို တချို့ကလည်း မိမိစိတ်ကူးထဲက အကောင်း ဆုံးလို့ ထင်ရတဲ့ နာမည်လေးတွေကို ကိုယ်တိုင် ပေးကြပါတယ်။ ကိုယ်ယုံကြည်ရာအတိုင်း အဓိပ္ပာယ်အသီးသီးနဲ့ မှည့်တဲ့ ကလေးနာမည်တွေမှာ ကံဆိုးကံကောင်းကိုတော့ အတိအကျပြောလို့ မရပေမယ့် နေ့သင့် နံသင့်နဲ့ တွက်ချက် မှည့်တာက ပိုပြီး စိတ်ချရတယ်လို့ ဗေဒင်ဆရာများက အကြံပြုထားပါတယ်။


7Day Daily
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...