သစ်သီးဝလံ နှင့် ဟင်းသီး ဟင်းရွက်များ ဆေးကြော သန့် စင်နည်း လမ်းညွှန်

ဟင်းသီးဟင်းရွက် နှင့် သစ်သီး ၀လံတွေ စားပြီးနောက် လူအချို့ ၀မ်းသွားတယ်၊ ပျို့ အန်တယ်၊ အစာ အဆိပ်သင့်တယ် ဆိုတဲ့ သ တင်းများကို သင်ကြားဖူး ကောင်းကြား မိပါလိမ့်မယ်။ ဒါဘာ ကြောင့်ပါလဲ? ၄င်းတို့ မှာ စိုက်ခင်းများရှိ သဲ ရွှံ့  ဖုန်မှုန် စ တဲ့ မြေ ဆီလွှာများ ကပ်ငြိနေခြင်း၊ စိုက်ခင်းတ၀ိုက် ကျင်လည် ကျက်စားနေကြသော တိရိစ္ဆာန် တို့ ၏ စွန့် ပစ်အညစ် အကြေး များ၊ မသန့် ရှင်း သောရေ၊ အပင်သန်ကြီးထွားမြန်ဆေး (သို့ မဟုတ်) ပေါင်းပင် သတ်ဆေး (သို့ မဟုတ်) ပိုးသတ်ဆေး အကြွင်းအကျန်များ၊ စိုက်ခင်းမှနေ၍ ကုန်းကြောင်း ရေကြောင်း မီးရထား စသည်ဖြင့် ခရီးလမ်းများကို ဖြတ်သန်း ပြီးနောက် စားသုံးသူထံသို့  ရောက်ရှိလာပုံ အဆင့်ဆင့်၊ ဈေးကွက် ထဲမှာ ဈေးရောင်း သူသာမက အခြားဈေးဝယ် သူတို့ ၏ လက်ပေါင်းစုံဖြင့် ကိုင်တွယ်ထား မှု၊ ဈေးရောင်းသူ ၏ ထုပ်ပိုး တည်ခင်းရောင်းချရာမှာ သန့် ရှင်းမှု အားနည်းခြင်း ..စသည့် အကြောင်းကြောင်းများကြောင့် အဆိုပါ သစ်သီးဝလံနှင့်ဟင်း သီးဟင်းရွက်တွေ မှာ မျက်စိဖြင့်မမြင်နိုင်သော ဗက်တီးရီးယား နှင့် မှိုပိုးမွှားတွေ ကပ်ငြိနေကြပါတယ်။

သို့ ပါ၍ ဟင်းလျာ စီမံချက်ပြုတ်သူ (အိုးသူကြီး)များက အသိအမြင် ကြွယ်ဝစွာဖြင့် ဘေးဘယာ ကင်းဝေးစွာ ပြင်ဆင် ချက်ပြုတ်နိုင် ကြပါရန် အောက်ပါအတိုင်း အကြံပြု လိုက်ပါရစေ။

(၁) ပန်းဂေါ်ဖီများ

ပန်းဂေါ်ဖီစိမ်း (ခေါ်) ဘရိုကိုလီ နှင့် ပန်းဂေါ်ဖီ(အဖြူ)များဟာ သဘာဝ အလျောက် အပွင့်အဆုပ်ကလေးတွေ ဖြစ်နေတာကြောင့် ထိုအက်ကွဲကြောင်းများ ကြားထဲမှာ မှိုပိုး မွှားတွေ စိတ်တိုင်းကျ ခိုအောင်းနေနိုင်ပါတယ်။ ဒါကြောင့် ဟင်းစီမံချက်ပြုတ် ဖို့ ပြင်ဆင်တဲ့ အခါ၊ ထိုပန်းဂေါ်ဖီများကို မိမိအလိုရှိသလောက် အရွယ်အစားများ လေးတွေ ချွေယူပြီး ရေဇလုံထဲမှာ ပန်းဂေါ်ဖီတွေ နစ်မြှုပ်တဲ့ အထိ အချိန် ၂-မိနစ်ခန့် ကြာ စိမ်ထားပေးပါ။ ပြီးရင် ရေဘုံပိုင်ဖွင့်၍ နောက်ထပ်တဖန် ဆေးကြောသန့် စင်ပါ။ (ဂေါ်ဖီထုပ် များကို လည်း ထိုနည်းအတိုင်း ဆေးကြော သန့် စင်ပေးသင့်ပါတယ်)

(၂) ထောပတ်သီး

ထောပတ်သီးဟာ အခွံမာသီးဖြစ်၍ အခွံကိုဝါးစားလို့ မရတာကြောင့် ထိုအခွံတွေကို ရေဆေးဖို့ မလိုအပ်ဘူးလို့  မယူဆသင့်ပါဘူး။ အခွံပေါ်မှာ မျက်စိဖြင့်မမြင် နိုင်သော ပိုးမွှားတွေ ပါရှိနေကြပြီး၊ အသီးကို ဓားနဲ့ ခွဲစိပ်လိုက်တဲ့ အခါမှာ ထိုပိုးမွှားလေးတွေက အထဲကို အလွယ်တကူ ၀င်ရောက် သွားနိုင်ပါတယ်။ ဒါကြောင့် ရှေးဦးစွာ ထောပတ် သီးတွေကို လက်ဖြင့်သေသေချာချာ ပွတ်တိုက်ကာ ရေစင်စင်ဆေးပြီး၊ ရေစင်အောင် ခါထုတ်ပြီးမှသာ အလိုရှိသလို စားသုံးပါ။ (ဖရဲသီး၊ နဂါးမောက်သီး၊ သခွားမွှေး သီး၊ သခမသီး၊ ဥသျှစ်သီး၊ သကြားသီး၊ လေချုသီး၊ သခွားသီး၊ မင်းကွတ်သီး စတဲ့ အခွံမာသီးများ အားလုံးကိုလည်း ထိုနည်းအတိုင်း ဆေးကြော သန့် စင်ပေးဖို့ လို အပ်ပါတယ်။ နာနတ်သီးကိုတော့ အခွံမနွှာခင်ရော အခွံနွှာပြီးနောက်မှာပါ ရေဆေးပေးဖို့ လိုပါတယ်)

(၃) ပန်းသီးများ

ပန်းသီးကို သေသေချာချာ လေ့လာကြည့်တဲ့အခါ၊ အသီးရဲ့ ထိပ်ပိုင်းမှာ ချိုင့်ခွက်လေး ပါရှိနေပြီး၊ အသီးရဲ့ အဖျားပိုင်း မှာတော့ အ သီးအညှာရိုးတံကို ဖယ်ရှားထား တာေ ကြာင့် ချိုင့်ခွက်လေးဖြစ်လို့ နေပါတယ်။ ၄င်း အပေါ်ဖက် အောက်ဖက် ချိုင့်ခွက်တွေထဲမှာ ဗက်တီးရီးယားနှင့် ဖုန်တွေ ခိုအောင်း ၀င်ရောက်နိုင်ပါတယ်။ ဒါကြောင့် ဈေးက ၀ယ်လာတဲ့ ပန်းသီးများကို ဦးစွာ ရေစင်စင်ဆေး ကြော သန့် စင်ပြီးမှသာ ရေခဲသေတ္တာထဲ သိမ်းဆည်းပါ။ (သစ်တော်သီး၊ ပန်းသစ်တော်တို့ ကိုလည်း ထိုနည်းအတိုင်းပြု လုပ်သင့် ပါတယ်)

(၄) ပန်းငရုပ်သီး(ခေါ်)ငရုပ်ချိုပွ

ပန်းငရုပ်သီး(ခေါ်)ငရုပ်ချိုပွတွေကလည်း ပန်းသီးနည်းတူပါဘဲ အသီးရဲ့ ထိပ်ပိုင်းမှာ ချိုင့် ခွက်လေးပါရှိနေပါတယ်။ ဒါကြောင့် မ ချက်ပြုတ်ခင်မှာ ငရုပ်သီးအပွင့်လိုက်ကို ဦးစွာရေစင်စင်ဆေးပေးပါ။ ပြီးမှ မိမိအလိုရှိသလို လှီးဖြတ်ပါ။

(၅) မှိုပွင့်များ

ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ မှိုပွင့်လေးများမှာလည်း သဲ၊ ရွှံ့ များနဲ့ အတူ ဗက်တီး ရီးယားတွေ ကပ်ငြိနေတတ် တာကြောင့် မချက်ပြုတ်ခင် ၄င်းမှိုပွင့်လေးတွေကို ဘုံ ပိုင်ေ ရအောက်မှာ သေသေချာချာ ဆေးကြောပေး သင့်ပါ တယ်။ မှိုပွင့်ထဲမှာ ရေေ တွစိမ့် ၀င်နေတဲ့အခါ ကောင်းမွန်သောဟင်းလျာ ဖြစ်မလာနိုင်တော့ပါဘူး။ ဒါကြောင့် ရေစင်စင်ဆေးပြီးနောက် ၄င်းမှိုပွင့်လေးတွေကို ရေစစ်သွားအောင်ခပ်ဖွဖွ လက်ဖြင့်ဆုပ်ညှစ်ပြီးမှသာ အလိုရှိသလို စီမံချက်ပြုတ်ပါ။

(၆) ဟင်းခပ်အမွှေးအကြိုင် ပင်လေးများ

မြန်မာနံနံပင်၊ တရုပ်နံနံပင်၊ ရှမ်းနံနံပင် (ခေါ်) ကုလားနံနံပင်၊ ပင်စိမ်းရွက်၊ ပူစီနံရွက် စတဲ့ ဟင်းခပ်အမွှေးအကြိုင် အပင်ပုလေးများဟာ မြေကြီးပေါ်ကပ်၍ပေါက်လေ့ ရှိတာကြောင့် သဲ၊ ရွှံ့ များအပြင် မျက်စိဖြင့်မမြင်နိုင်သော ဗက်တီးရီးယား ပိုးမွှားတွေ ပါလာလေ့ ရှိပါတယ်။ ဒါကြောင့် ၄င်းအပင်လေးများကို သင့်သလိုဖြတ်တောက်ချွေ ယူ၍ ရေများများ ထဲ့ထားသော ဇလုံထဲမှာ စိမ်ပြီး အရွက်နှင့်ရိုးတံများအားလုံးကို လက်ဖြင့် ခပ်ဖွဖွပွတ်ဆေးပြီးမှသာ အသုံးပြုပါ။

(၇) ဟင်းသီးဟင်းရွက်များ

ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဆလတ်ရွက်၊ မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ရွက်စားမုန်လာ ရွက် စတဲ့ စိမ်းရောင်ခြယ် အရွက်ဖားဖား ဟင်းသီးဟင်းရွက်တွေမှာ သဲ၊ ဖုန်မှု န်၊ ရွှံ့ နှင့် ဗက်တီးရီးယားပိုးများအပြင် မသန့် ရှင်းသောရေများ၊ ပိုးသတ်ဆေးရည်များ ကပ်ငြိ စွန်းထင်းနေကြပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တို့ ကို လှီးဖြတ်ပြီးနောက်၊ ဦးစွာ ရေဇလုံကြီးကြီးထဲမှာ အချိန် ၂-မိနစ် ခန့် ကြာစိမ်ထားပေးပါ။ ပြီးရင် ရေဘုံပိုင်အောက်မှာ ၄င်းဟင်းရွက်၏ အပေါ်ဖက်အောက်ဖက် အားလုံးကို လက်ဖြင့်သေသေချာ ချာ ပွတ်သပ်ဆေးကြောပါ။


(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
--
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...