ကိုရီးယား organization အနေနဲ့ တောင်းပန်စာပေးမှ သရဖူကို ပြန်လည် ပေးအပ်မယ် လို့ဆိုတဲ့ မေမြတ်နိုး

မြန်မာ့ဂုဏ်ဆောင် အလှမယ် မေမြတ်နိုး အနေဖြင့် ယခု ဖြစ်ပေါ်နေသော ကိုရီးယား organization မှ သရဖူခိုးယူ ထွက်ပြေးသည်ဟု စွပ်စွဲခံရ မှုများနှင့် ပတ်သက်ပြီး အမှန်တကယ် ဖြစ်ပျက်ခဲ့သည် များကို အများပြည်သူ ပရိသတ်ကြီး သိရှိ နိုင်စေဖို့အတွက် စာနယ်ဇင်း မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို စက်တင်ဘာလ ၂ရက်နေ့တွင် The House Of Memories မှာ ပြုလုပ် သွားခဲ့ပါတယ်။ စာနယ်ဇင်းမှ မေးမြန်း ထားတဲ့ မေးခွန်းများနှင့် သူမဖြေကြားခဲ့သည့် အဖြေများကတော့ 

Miss Asia Pacific World ၂၀၁၄ရဲ့ Crown ဆုကို ပြန်လည် ရုတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဒီသရဖူကို ပြန်လည်ရုတ်သိမ်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေက အခုချိန်မှခြိမ်းခြောက်ခံရတာမျိုး မဟုတ်ပဲနဲ့ ပြိုင်ပွဲကနေ ပြိုင်ပြီး ပြန်လာပြီးကတည်းက ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုရီးယားဘက်ကတင် ခြိမ်းခြောက်ခဲ့ တာ မဟုတ်ပဲနဲ့ မြန်မာပြည်ကို ကိုယ်စားပြုပြီးတော့ National Director ဆိုပြီး နာမည်ယူထားတဲ့ National Director တွေကိုယ်တိုင်ကပဲ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာဇဝင်ကို ပြောပြရမယ်ဆိုရင် ညီမဒီပြိုင်ပွဲကို မပြိုင်ခင်အချိန် မှာကတည်းက မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ National Director တွေဖြစ်တဲ့ ဆရာရော၊ ဆရာမကပါ မေမြတ်နိုးက မြန်မာနိုင်ငံကို ဘယ်တုန်းကမှ support မလုပ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ပြိုင်ပွဲဝင်စဉ်မှာ ကတည်းက အားပေးတဲ့စကားတွေ မပြောခဲ့တဲ့အပြင် သရဖူကို မရနိုင်ဘူးဆိုပြီး သမီးရဲ့အားနည်းချက် တွေက ဘာတွေပါဆိုတာကို ပြောခဲ့ကြတယ်။ အားပေးစကားတွေ မဟုတ်ပဲနဲ့ အားတွေလျော့ကျမယ့် စကားတွေ ပြောခဲ့ တဲ့ကြားက ကြိုးစားအားထုတ်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုနေရတယ်ဆိုတဲ့ စိတ်ဓာတ်မွေးပြီးတော့ပဲ ယှဉ်ပြိုင်နိုင်ခဲ့လို့ ဒီသရဖူကို မြန်မာနိုင်ငံက ရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့ အခါမှာလည်း မလှနုထွန်းက ကိုရီးယားမှာ ဆရာ ဖြိုးဟန်ဦးနဲ့အတူ သမီးကို နှစ်ယောက်တည်း ထားခဲ့ပါတယ်။ သမီးကို နှစ်ယောက်တည်း ထားတဲ့အချိန်မှာ သမီးရယ်၊ မစ္စစင်ကာပူရယ်၊ နောက် မစ္စတစ်ယောက်ရယ် ကျန်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ဆရာက နေပြီးတော့ ဒီmiss asia pacific world ရဲ့ president နဲ့အတူတူ ဟိုတယ်မှာ နေခဲ့ပါတယ်။ သမီးက မစ္စ တစ်ယောက် နဲ့အတူတူ နေခဲ့ရပါတယ်။ ဆရာကနေပြီးတော့ အချိန်မတော်ချိန်မှာ သမီးတို့နေတဲ့ အခန်းကို တံခါး ခေါက်ပြီးတော့ အတင်းဝင်လာပါတယ်။ ပြီးတော့ သမီးနဲ့ စကားပြောချင်တယ်လို့ ပြောပါတယ်။ အဲဒါကို သမီးက လက်မခံခဲ့ပါဘူး။ သမီးတို့ မစ္စနှစ်ယောက်လုံးက ညဝတ်အင်္ကျီတွေဝတ်ထားတာကြောင့်ရယ် ပြီးတော့ မိန်းကလေး အခန်းထဲကို ဘယ်လိုမှ ဝင်ဖို့ မသင့်တော်ဘူးထင်လို့ အပြင်တစ်နေရာမှာ သမီးနဲ့ စကားပြောမယ်ဆိုရင် ယုံကြည် တဲ့အတွက် စကားပြောတာကို လိုက်နားထောင်ပါ့မယ်လို့ ပြောခဲ့ပါတယ်။ ဆရာသမား တစ်ယောက်အနေနဲ့ ကိုယ့်သားသမီး အရွယ်လောက်ရှိတဲ့ သမီးတစ်ယောက်ကို အဲဒီလို အပြုအမူမျိုး လုပ်သင့်ရဲ့လားဆိုတာ စဉ်းစား ကြည့်ပါ။

Miss Asia Pacific World နဲ့ သုံးနှစ်စာ စာချုပ်ချုပ်ဖြစ်ခဲ့တာလေးတွေ ပြောပြပေးပါ။

သမီးက ဆရာမကို ကမ်းလှမ်း ခဲ့ပါသေးတယ်။ ဆရာမ သမီးကျောင်းတက်ဖို့ ရှိပါသေးတယ်။ ကိုရီးယားနိုင်ငံ သွားပြီးတော့ သုံးနှစ်အလုပ်တွေ လုပ်ဖို့ အစီအစဉ်ကတော့ မရှိသေးပါဘူး။ ကျောင်းတက်ခွင့်ပေးပါလို့ ပြောခဲ့ပါ တယ်။ အဲဒီ့အခါမှာ ဆရာမကနေပြီးတော့ သမီး ဒီစာချုပ်ကို သုံးနှစ် မချုပ်ရင် Crown ကိုပြန်သိမ်းမယ်လို့ သမီးကို ပြောပါတယ်။ အဲဒီအချိန်မှာတော့ ဆရာမကနေ အမေ့ကို အမေကနေ တစ်ဆင့် စာချုပ်ချုပ်ပေးဖို့ ကိုလည်း အတင်း အဓမ္မ ပြောခဲ့ပါတယ်။ သမီးမှာ နောက်ဆုံးရွေးချယ်ပိုင်ခွင့် မရှိခဲ့တာကြောင့် စာချုပ်ကို သုံးနှစ်လက်ခံလိုက်ပါတယ်။ စာချုပ်ထဲမှာ ရေးထားတဲ့ အချက်အလက် တွေကတော့ သမီးအတွက်ကို လုံခြုံရေးအပြည့်အဝ နဲ့ အစစအရာရာကို အဆင်သင့် ရယ်ဒီ လုပ်ပေးပြီးတော့ အားလုံးအဆင်သင့် အကောင်းဆိုတာတွေ ကြီးကြောင့်လည်း သမီးလက်ခံ ဖြစ်ခဲ့တာပါ။ ရန်ကုန်ကနေ ဒုတိယအခေါက် ပြန်ထွက်တဲ့အချိန်မှာ National Director တွေနဲ့တဆင့် မသွားပဲနဲ့ ကိုရီးယားနိုင်ငံနဲ့ ဆက်သွယ်ပြီးတော့ National Director တွေကို ပုန်ကန်တယ် ဆိုပြီးတော့ ဆရာမက သတင်း ထုတ်ပါတယ်။ သမီးရဲ့မကောင်းကြောင်းတွေ ပြောခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ကိုရီးယားနိုင်ငံရဲ့ miss asia pacific world ကနေ ဖုန်းဝင်လာပါတယ်။ သမီးရဲ့ ဒါရိုက်တာလှနုထွန်းက နင့်ရဲ့မကောင်းကြောင်းတွေကို တစ်နေ့တစ်နေ့ ငါ့ဆီကို REPORT တွေတင်လာပါတယ်။ သူတို့ရွေးထားတဲ့ သူကိုဘယ်သူက မကောင်းပြောပြော လက်မခံနိုင်ဘူး။ မကောင်းပြောလာရင် ရာထူးဖြုတ်ပြီးတော့ သူတို့နဲ့ အလုပ်ဆက်မလုပ်တော့ဘူး။ သမီးကို National Director တွေနဲ့ အဆက်အသွယ်ဖြတ်ပါတဲ့။ သမီးဘက်က အဆက်အသွယ် ဖြတ်ခဲ့တာမျိုး မဟုတ်ပဲနဲ့ ကိုရီးယား Organizer တွေရဲ့ တောင်းဆိုမှုကြောင့် အဆက်အသွယ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

APW Organization Korea ကနေ တကယ်ပဲ အစစအရာရာ အဆင်ပြေပြေ ကောင်းကောင်းမွန်မွန် နဲ့ သေချာ လုပ်ကိုင်ပေးပါသလား။

ဟိုရောက်တော့ သမီးရဲ့ National Director တွေနဲ့ သူတို့နဲ့ အတူတူ တစ်ကြိတ်တည်း၊ တစ်ဥာဏ်တည်းပဲ ဆိုတာ ကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ သမီးနဲ့အမေအတွက် နေဖို့၊ ထိုင်ဖို့၊ စားဖို့သောက်ဖို့ အကုန်လုံးကို စီစဉ်ပေးပါ့ မယ်လို့ပြောပြီးတော့ ဟိုရောက်တော့ ဘာမှ စီစဉ် ပေးထားတာမျိုး မရှိပါဘူး။ နောက်တစ်ခုက Miss Asia Pacific World ကနေ သီချင်းစီးရီးအခွေ ထုတ်ပေးမယ်ဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။ သီချင်းတွေကအစ ဘာဆိုရမယ် ဆိုတာ ပေးထားပါတယ်။ ဟိုလည်းရောက်ရော သမီးတို့ရဲ့ Schedule ပြောင်းသွားပြီတဲ့။ ထရိန်နင် ဆင်းပြီးတာနဲ့ အသံတန်းသွင်းမယ်လို့ ပြောခဲ့ပါတယ်။ ဟိုရောက်တော့ သမီးကို အဖွဲ့မဖွဲ့တော့ဘူး။ သီချင်းလုပ်ဖို့ အစီအစဉ်လည်း မရှိတော့ဘူးလို့ ပြောပါတယ်။ သမီးကို တစ်ယောက်တည်း အလုပ်လုပ်ဖို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ အရင်ဆုံး သမီးကိုလှပအောင် လုပ်ပေးမယ်ပေါ့။ ဘယ်လိုလှပ အောင်လုပ်ပေးမှာလဲလို့ မေးတဲ့အချိန်မှာ ခေါင်းအစခြေအဆုံး ပလပ်စတစ်ဆာဂျရီ လုပ်ပေးမယ်လို့ ပြောတယ်။ ပြီးတော့ သမီးနဲ့အမေပါ လုံးဝငြင်းပိုင်ခွင့်မရှိဘူးလို့ ပြောတယ်။ ငြင်းလို့လည်း မရဘူးပေါ့။ ဆာဂျရီလုပ်ပြီးသွားရင်နေထိုင်စားစရိတ် နဲ့ အခွေဆက်ထုတ်ဖို့နဲ့ ကိုရီးယားနိုင်ငံမှာ အနုပညာ အလုပ်တွေအဖြစ် ရှေ့ဆက်လျှောက်ဖို့အတွက် ငွေကြေး လိုအပ်ပါတယ်လို့ပြောခဲ့တယ်။ ငွေကြေးကို ရှာဖို့ က တစ်လမ်းတော့ရှိတယ်။ စပွန်ဆာရှာရမယ်လို့ ပြောပါတယ်။ အဲဒီ့စပွန်ဆာ ရှာဖို့ကလည်း သူတို့ရဲ့အစီ အစဉ်နဲ့ ရှာပေးရတာမျိုး မဟုတ်ပဲနဲ့ ကိုယ့်ဘာသာကိုယ် စပွန်ဆာရှာရမယ်လို့ ပြောတယ်။ အဲဒီလိုမှ စီးပွားရေး လုပ်ငန်း ကြီးတွေနဲ့ အဖော်အဖြစ်သူတို့ လိုအပ်တဲ့ အချိန်တိုင်းမှာ သွားရောက်ပြီးတော့ အတူတူ ရှိခွင့်ရမယ်လို့ ပြောကြားခဲ့တယ်။ နောက်ပြီးတော့ ကိုရီးယား ဗီဇာကိစ္စကလည်း သုံးလပဲရတဲ့အတွက် မလုံလောက်ဘူး ပေါ့။ ကိုရီးယားဗီဇာကို ဒီထက်ကြာအောင် လုပ်ဖို့ နည်းလမ်းက ဂျပန်နိုင်ငံကို ထွက်သွားပြီးတော့ ဂျပန်နိုင်ငံမှာ မြန်မာ အနေနဲ့ ကိုရီးယားဗီဇာကို သက်တမ်းတိုးဖို့ ထွက်သွားရမယ်လို့ ပြောပါတယ်။ အဲဒီလိုဂျပန်ကို သွားတဲ့အချိန်မှာ အမေမပါပဲ တစ်ယောက်တည်း သူတို့နဲ့အတူ သွားရမယ်တဲ့။ ကိုရီးယားရောက်ပြီး နှစ်ရက်လောက်မှာ သမီးကို အိမ်အဆောက်အဦးကြီး တစ်ခုမှာနေရာချပေးခဲ့ပါတယ်။ သူတို့ရဲ့အစီအစဉ်က အဲဒီ့နေရာမှာခေါင်းအစခြေအဆုံး ပလပ်စတစ်ဆာဂျရီ ပြုပြင်ရမယ်။ ငြင်းပိုင်ခွင့်မရှိဘူးဆိုပြီး အဆောက်အဦးရဲ့အပေါ်မှာ မိုးရွာရင် ရေတွေစိုပြီး မိုးယိုနေတဲ့ အခန်းမှာ သားအမိနှစ်ယောက်ကို ပစ်ထားခဲ့ပါတယ်။ ဆာဂျရီလုပ်ဖို့ လက်မခံတဲ့အတွက် စားစရိတ် ရော၊ စောင့်ရှောက်ဖို့ရော လုံးဝမပေးပဲ အငတ်ထားခဲ့ပါတယ်။ သူတို့ရဲ့အစီအစဉ်က ဆာဂျရီလုပ်ပြီးသွားရင် သမီးကပိုလှလာမယ်။ ပိုလှလာတော့မှ သူတို့နိုင်ငံက စပွန်ဆာတွေက ကြိုက်မယ်။ အဲဒီ့တော့ ပိုက်ဆံရမယ်လို့ သူတို့က ပြောတယ်။ ကိုရီးယားမှာစပွန်ဆာ မလုံလောက်ရင် ဂျပန်နိုင်ငံမှာ လိုအပ်ရင်လည်း စပွန်ဆာထပ်ပြီး ရှာရမယ်လို့ ပြောပါတယ်။ အဲဒါကြောင့် သမီးက ဗီဇာကို အကြောင်းပြပြီးတော့ ဂျပန်ကိုခေါ်သွားမယ်ဆိုတာ သိလိုက်ရတာပါ။ အဲဒါနဲ့ သမီးက သူတို့နဲ့ဆက်ပြီး ပူးပေါင်းဖို့ မရှိသင့်ဘူးထင်တာကြောင့် မြန်မာနိုင်ငံကိုပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။


သရဖူခိုးယူ လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးပါဦး။

သူတို့က သရဖူခိုးယူသွားပါတယ်ဆိုပြီးတော့ မီဒီယာတွေကို သတင်းလွှင့်ခဲ့တယ်။ သရဖူသိမ်းမယ်ဆိုတဲ့ စာရွက်ကို သမီးလေယာဉ်ပေါ်တက်ပြီးသွားတဲ့အချိန်ထိ မထုတ်ရသေးပါဘူး။ လေယာဉ်ပျံသန်းသွားတဲ့ အချိန်ရောက်မှ စာရွက် ထုတ်လိုက်တာကြောင့်သမီးအနေနဲ့ သရဖူ ရုတ်သိမ်းတာကို မသိခဲ့ရတဲ့အတွက် ပြန်ပေးဖို့ဆိုတာလည်း မဖြစ်နိုင် တော့တဲ့အတွက် ပြီးတော့ ဒါမြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ရခဲ့တဲ့အတွက် အမိမြေကိုပြန်ယူလာရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ပြန်ယူလာရခြင်းဖြစ်ပါတယ်။ သရဖူကိုရုတ်သိမ်းလိုက်တယ် ဆိုတာကို မြန်မာပြည်ရောက်မှ သိရှိရတာပါ။ အဲဒီစာရွက်ထဲမှာလည်း ကိုရီးယားနိုင်ငံမှာသရဖူကို ထားခဲ့ပါဆိုတာ မပါလာဘူး။ အဲဒီ့စာရွက်မှာ မြန်မာပြည်ရောက်မှ သရဖူကိုNational Director တွေကို ပြန်ပေးပါလို့ပဲ ရေးထားတာပါ။

ဗီဇာအတု လုပ်ထားတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ပတ်သက်ပြီးပြောပြပေးပါ။

ကိုရီးယားနိုင်ငံရဲ့ ထပ်မံပြီးတော့ စွပ်စွဲချက်ထဲမှာ အမေက ကိုရီးယားဗီဇာကို လုပ်ကြံပြီးတော့ မဟုတ်မမှန်နဲ့ သုံးလ ဗီဇာရတယ်လို့ စွပ်စွဲထားပါသေးတယ်။ သမီးနဲ့အမေကို ကိုရီးယားကိုလာဖို့ ကမ်းလှမ်းတဲ့အချိန်မှာ National director တွေနဲ့ လုံးဝ မဆက်သွယ်ဖို့ပြောတဲ့အချိန်မှာ အမေက အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ ကိုရီးယား အတူတကွ လိုက်နိုင်ခွင့် ပေးပါ့မယ်ဆိုပြီး ပြောခဲ့တာပါ။ ဖိတ်ခေါ်စာနဲ့ပါ။ အဲဒီ့ဖိတ်ခေါ်စာထဲမှာ သမီးအတွက်ကို သုံးလနေထိုင်ခွင့် ပေးထားပြီးတော့ စားစရိတ်၊ နေစရိတ်၊ သွားလာခွင့်စရိတ်၊ လေယာဉ် လက်မှတ်ကအစ စီစဉ် ပေးမယ်ဆိုတာ ရေးထားပြီးသားပါ။ သူတို့ပေးတဲ့ စာရွက်အတိုင်းပဲ ကိုရီးယားနိုင်ငံရဲ့ ဗီဇာကိုသွား ပြီးတော့ လျှောက်ခဲ့တာပါ။ ကိုရီးယားသံရုံးကနေ သုံးလဗီဇာ ထုတ်ပေးခဲ့ပါတယ်။

အခုလို စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မေမြတ်နိုးအနေနဲ့ ဖြေရှင်းချက်ပြန်ပေးချင်တာ ရှိပါသလား။

အမှန်အတိုင်းပြောရရင် ဒီလိုမျိုးမြန်မာအမျိုးသမီး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးပစ်တယ်။ မြန်မာနိုင်ငံကို စော်ကားတဲ့ ဒီorganization ရဲ့ပေးတဲ့သရဖူကို မလိုလားဘူး။ လိုလည်းမလိုချင်ပါဘူး။ သမီးဆီမှာရှိနေတဲ့ သရဖူကို ဂုဏ်ယူရမယ်လို့လည်း မထင်တော့ပါဘူး။ ဖြစ်နိုင်ရင်အခုချက်ချင်းတောင် သွားပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် သူတို့ရေးထားတဲ့ စာရွက်ထဲမှာ National director ကိုပေးလိုက်ပါလို့ ရေးထားပါတယ်။ အဲဒါကို သမီးအနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံရဲ့ National director တစ်ယောက်ဖြစ်ပြီး တော့ မြန်မာနိုင်ငံဘက်ကနေ မပါဘူး။ မြန်မာနိုင်ငံကိုမကောင်းအောင် နိုင်ငံတကာကို လိုက်ပြောတယ်။ ကိုရီးယားနိုင်ငံက အဖွဲ့အစည်းကို မြန်မာနိုင်ငံရဲ့ မကောင်းကြောင်းကို တစ်ချိန်လုံးထိုင်ပြီးတော့ ပြောပေးတဲ့ National director ရဲ့စိတ်ဓာတ်မျိုးကိုလည်း မကြိုက်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ ပြန်မပတ်သက်ချင်ပါဘူး။ ကိုရီးယားနိုင်ငံက ဒီသရဖူကို နိုင်ငံတကာက ဒိုင်တွေကိုခေါ်ပြီးတော့ သေသေချာချာ  ရွေးထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ ရွေးထားတဲ့ သရဖူပါကို သမီးအနေနဲ့ ကိုရီးယားorganization ကိုပဲ ပြန်အပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့်လည်း ကိုရီးယားorganization ကအခုလိုမျိုး သရေဖျက်မှုတွေကို မြန်မာနိုင်ငံရဲ့မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေနဲ့စွပ်စွဲပြီးတော့ မီဒီယာမှာ သရဖူခိုးပြီး ပြန်သွားပါတယ် ဆိုတာကို မေမြတ်နိုးလို့ ရေးထားတာ မဟုတ်ပဲနဲ့ မြန်မာနိုင်ငံကို စော်ကားတာမျိုး မြန်မာနိုင်ငံကို ရှုတ်ချနေတဲ့ အရာတွေကြောင့် သမီးဘက်က သူတို့ ဆီက တောင်းပန်စာ လိုချင်ပါတယ်။ အဲဒီလိုမြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လို့ တောင်းပန်စာပေးမှသာ ဒီသရဖူကို မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရဲ့ရှေ့မှာတင် သရဖူကိုပြန်ပေးမယ်လို့ ပြောချင်ပါတယ်။ သူတို့တွေနဲ့အတူတူ ညီမဘက်က အလုပ်ဆက်ပြီး လုပ်ဖို့လည်း မရှိတော့ပါဘူး။


Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...